
AI Summary
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးတပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်သွားမည်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကို မေလ ၂၈ ရက်နေ့တွင် နှစ်ဖက်အဖွဲ့များ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီခဲ့ခြင်းဖြစ်ကာ၊ ယခင်က NUG လက်အောက်ခံ ပသုံးလုံးယန္တရားနှင့် ပွတ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ SRF အဖွဲ့သည် ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကိုယ်ပိုင်တရားစီရင်ခြင်းနှင့် အသက်မပြည့်သူများကို စစ်မှုထမ်းခိုင်းခြင်းစသည့် စွပ်စွဲချက်များဖြင့် တိုင်ကြားခံထားရပြီး၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့မှစ၍ SRF ခေါင်းဆောင် ကိုစံတင်ထွန်းအပါအဝင် တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့သည်။ သဘောတူညီချက်အရ ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် ဖမ်းဆီးခံ SRF တပ်ဖွဲ့ဝင်များအား ပြန်လွှတ်ပေးမည်ဖြစ်ပြီး၊ ခေါင်းဆောင် ကိုစံတင်ထွန်းကိုမူ NUG ဥပဒေဘောင်အတွင်းမှ အမှုရင်ဆိုင်စေမည်ဖြစ်သည်။ ဤသို့ပြောင်းလဲရပ်တည်ခြင်းဖြင့် SRF အဖွဲ့သည် NUG ၏ အမိန့်ပေးကွပ်ကဲမှုအောက်သို့ ဝင်ရောက်မည်ဖြစ်ပြီး၊ ဒေသတွင်း ပဋိပက္ခများကို ဖြေရှင်းကာ NUG ၏ စစ်ရေးယန္တရားကို ပိုမိုခိုင်မာစေမည်ဟု မျှော်လင့်ရသည်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပသုံးလုံး ယန္တရားနှင့်ပွတ်တိုက်မှုများ ဖြစ်နေသည့် ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) က ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးတပ်ရင်းအဖြစ် ပြောင်းလဲရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (မေ ၂၈ ရက်)တွင် နှစ်ဖက်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီခဲ့ကြခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရထံက သိရသည်။
“သဘောတူညီချက်အရ သူတို့က NUG ရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့ ပကဖ တိုက်ခိုက်ရေးတပ်ရင်းအဖြစ် ရပ်တည်ဖို့ ကွပ်ကဲမှုခံယူဖို့ သဘောတူညီချက်ရရှိထားပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပကဖ) စစ်ဘက်ရေးရာဌာန တာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။
ယခင်ကတည်းက ဆွေးနွေးညှိနှိုင်းမှုအကြမ်းဖျင်းသဘောတူညီမှုရရှိခဲ့ပြီး ယမန်နေ့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ၌ သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်သည်ဟု ကိုဩဇာက ဆိုသည်။
ယမန်နေ့တွေ့ဆုံဆွေးနွေးမှုတွင် SRF ဘက်မှ ခေါင်းဆောင် ကိုစံတင်ထွန်း၊ ဒုခေါင်းဆောင်၊ နိုင်ငံရေးအဖွဲ့နှင့် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ကလေးခရိုင်တပ်ရင်းမှ တာဝန်ရှိသူများ ပါဝင်ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များအား ပြန်လွှတ်ပေးရန်၊ အမှုဖွင့်တိုင်ကြားခံထားရသည့် SRF တပ်ဖွဲ့ဝင်များအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရန်နှင့် ပြစ်မှု ကျူးလွန်ထားခြင်းမရှိသည့် ရဲဘော်များအနေဖြင့် အမိန့်ပေးကွပ်ကဲမှု (COC)အောက်သို့ ဝင်ရန် အချက်သုံးချက်ကို သဘောတူခဲ့ကြောင်း နှစ်ဖက်အဖွဲ့ကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်ရက် မင်းကင်း ပအဖ ထံက သိရသည့် အချက်အလက်အရ SRF ခေါင်းဆောင် ကိုစံတင်ထွန်း အပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ရာ ကိုစံတင်ထွန်းမှအပ ကျန်သူများအားလုံးကို ပြန်လွှတ်ပေးမည်ဟု မင်းကင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံ ဦးဝင်းမင်းစိုးက ပြောသည်။
“ပဋိပက္ခအတွင်းမှာဖမ်းဆီးထိန်းသိမ်းတဲ့သူ အပြစ်မရှိတဲ့သူမှန်သမျှ အားလုံးကိုလွှတ်ပေးမှာ။ ခေါင်းဆောင်ကတော့ အမှု စတင်ရင်ဆိုင်နေပြီဖြစ်တဲ့အတွက် သူ့ကိုတော့ လက်ရှိချုပ်ထားတယ်”ဟု ၎င်းက ဆိုသည်။
ကျောင်းသားတော်လှန်ရေးတပ်တော် အနေဖြင့် ယခင်ကတည်းကပင် NUG အမိန့်ပေးကွပ်ကဲမှုအောက်ဝင်ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဖိအားပေးမှု မရှိခဲ့ဟု ဦးဝင်းမင်းစိုးက ဆက်ပြောသည်။
“ကျွန်တော်တို့ ဖိအားပေးတာမဟုတ်ဘူး။ သူတို့ကိုယ်တိုင်ကလည်း အရင်ကတည်းက COC အောက်သွားဖို့ပြင်ဆင်နေတာဖြစ်တယ်။ COC အောက်သွားမယ်၊ NUG ယန္တရားအောက် သွားမယ်ဆိုတာက အရင်ကတည်းက သူတို့စိတ်ဆန္ဒအရ ရှိနေပြီးသားဖြစ်ပါတယ်”ဟု ဆိုသည်။
မင်းကင်း ပသုံးလုံးနှင့် SRF ကြားပွတ်တိုက်မှုကြောင့် SRF ကိုဖြိုခွဲခြင်းမဟုတ်ဘဲ ပြည်သူများကအမှုဖွင့် တိုင်ကြားချက်အရ ကျူးလွန်သူများကို အရေးယူရန်ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ယနေ့ ထုတ်ပြန်သော နှစ်ဖက်တပ်များသဘောတူညီချက်တွင် ဖော်ပြထားသည်။
SRF အဖွဲ့သည် ၎င်းတို့အခြေစိုက်ထားသည့်ဒေသများတွင် ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကျေး ပကဖ၊ ပအဖများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကိုယ်ပိုင် တရားစီရင်ရေးဖြင့် တရားစီရင်ခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသူများကို အဓမ္မ စစ်မှုထမ်းခိုင်းခြင်း စသည့် အမှုများအတွက် တရားစွဲ တိုင်ကြားခံရမှု ရှစ်မှုရှိသည်ဟု ပအဖ ကထုတ်ပြန်ထားသည်။
ထို့ကြောင့် NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ရှိ ခရိုင်ကွပ်ကဲရေးနှင့် မင်းကင်းမြို့နယ် တပ်ဖွဲ့များ ဆွေးနွေးပြီး မေလ ၂၅ ရက်တွင် ဖမ်းဆီးမှုများ စတင်ခဲ့သည်။ လုံခြုံရေးအာမခံချက်ကို ဖောက်ဖျက်ပြီး SRF ခေါင်းဆောင် ကိုစံတင်ထွန်းကို မေလ ၂၆ ရက်တွင် ဖမ်းဆီးခဲ့ကာ ထိုနေ့တွင်ပင် ရှေ့တန်းစခန်းတစ်ခု စီးနင်း၍ ကိုးဦးဖမ်းဆီးခဲ့သည်။
ဖမ်းဆီးထားသည့် SRF ခေါင်းဆောင်နှင့် ရဲဘော်များ ပြန်လွှတ်ပေးရန် ဒေသခံများက မေလ ၂၇ ရက်တွင်စတင်၍ နှစ်ရက်ဆက်တိုက် ဆန္ဒပြတောင်းဆိုမှုများရှိခဲ့သည်။
SRF သည် NUG လက်အောက်ခံမဟုတ်သည့် ကျောင်းသားတော်လှန်ရေးတပ်အဖြစ် မင်းကင်းနယ်တွင် အခြေစိုက်လှုပ်ရှားခဲ့သော အဖွဲ့ဖြစ်သည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး “လောလောဆယ်တော့ ကျွန်တော်တို့လည်း တပ်တော်က ထုတ်ပြန်ထားတဲ့အတိုင်းပါပဲဗျ။ အသေးစိတ်ကို ကျွန်တော်တို့ ပြောပြလို့မရသေးပါဘူး” ဟု SRF ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောသည်။
ပြီးခဲ့သည့်မတ်လအတွင်းကလည်း နွေဦးတော်လှန်ရေးတပ်ပေါင်းစု (SRA) အဖွဲ့ဝင်ဖြစ်သည့် တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)မှ အရာရှိတစ်ဦးအပါအဝင် ငါးဦးကို အမှတ် (၁) စစ်ဒေသက ဖမ်းဆီးခဲ့ပြီးနောက် ရက်သတ္တပတ်သုံးပတ်အကြာတွင် NUG ကွပ်ကဲမှုခံယူပြီး တပ်ရင်းအဖြစ် ကူးပြောင်းခဲ့သော ဖြစ်စဉ် ရှိခဲ့သည်။