
မြန်မာနယ်စပ် မြစ်ရေညစ်ညမ်းမှုကို လာရောက်ကြည့်ရှုရန် တရုတ်သံအမတ်ကို ဖိတ်ခေါ်
AI Summary
ထိုင်းနိုင်ငံမြောက်ပိုင်း မြစ်ချောင်းများကာကွယ်ရေးကွန်ရက်အဖွဲ့က မြန်မာနယ်စပ်ရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် မြစ်ရေညစ်ညမ်းမှုပြဿနာကို ကိုယ်တိုင်လာရောက်ကြည့်ရှုရန် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟန်ကျန့်ဝေကို ဖိတ်ခေါ်လိုက်သည်။ မြန်မာနှင့် လာအိုနိုင်ငံတို့မှ စနစ်တကျ ထိန်းချုပ်မှုမရှိသော သတ္တုတွင်းလုပ်ငန်းများကြောင့် အာဆင်းနစ်၊ ခဲ၊ ကက်ဒ်မီယမ်စသည့် အန္တရာယ်ရှိသော သတ္တုအဆိပ်ငွေ့များ ထိုင်းနယ်စပ်မြစ်ချောင်းများထဲ စီးဝင်ကာ ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုင်းဝန်ကြီးချုပ်ထံလည်း စာပို့၍ ဤပြဿနာကို အမျိုးသားရေးဦးစားပေးအဖြစ် သတ်မှတ်ကာ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။ ထို့အပြင် နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုကို စောင့်ကြည့်မည့် အမျိုးသားကော်မတီဖွဲ့စည်းရန်နှင့် မြန်မာ၊ တရုတ်အစိုးရအပြင် မြန်မာနိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသန္တရခေါင်းဆောင်များနှင့်ပါ တိုက်ရိုက်ဆွေးနွေးရန် တိုက်တွန်းခဲ့သည်။ ဤဖိတ်ခေါ်မှုသည် မြစ်ရေအရည်အသွေး ဘေးကင်းကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အပေါ် ဒေသခံများ၏ တုံ့ပြန်မှုဖြစ်ပြီး၊ "မြစ်များအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း" ခရီးစဉ်ကိုလည်း ပြုလုပ်လျက်ရှိသည်။
မြန်မာနယ်စပ်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြစ်ရေညစ်ညမ်းမှု ဖြစ်ပေါ်နေတာကို လာရောက်ကြည့်ရှုဖို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ထိုင်းသဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေက ဖိတ်ခေါ်လိုက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း မြစ်ချောင်းများကာကွယ်ရေးကွန်ရက်အဖွဲ့ဟာ ဇွန် ၅ ရက် ဒီနေ့ကျရောက်မဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ချင်းရိုင်းဒေသဆီ လာရောက်ဖို့ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟန်ကျန့်ဝေကို ဖိတ်ကြားလိုက်တာလို့ Bangkok Post သတင်းမှာ ဇွန် ၄ ရက်က ဖော်ပြပါတယ်။
တရုတ်ကုမ္ပဏီတွေရဲ့ နယ်စပ်ဖြတ်ကျော် သတ္တုတူးဖော်ရေး လုပ်ငန်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အဆိပ်သင့်မြစ်ရေ ညစ်ညမ်းမှု အကျပ်အတည်းကို ကိုယ်တိုင်လာရောက်ကြည့်ရှု နားထောင်ပေးဖို့ တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါအဖွဲ့ဟာ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း ဆီလည်း စာတစောင် ပေးပို့ခဲ့ပြီး မြန်မာ၊ လာအိုနိုင်ငံတို့နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မြစ်ရေထုညစ်ညမ်းမှုပြဿနာကို အမျိုးသားရေး ဦးစားပေးလုပ်ငန်းတခုအဖြစ် သတ်မှတ်ကာ အစိုးရအနေနဲ့ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
ဒီလှုပ်ရှားမှုကို ကော့မြစ်၊ စိုင်မြစ်၊ ရောက်မြစ်၊ သံလွင်မြစ်နဲ့ မဲခေါင်မြစ်တွေ ကာကွယ်ရေးဆိုင်ရာ ဒေသခံလူထုကွန်ရက်အဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တာပါ။
သူတို့ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့က စနစ်တကျ ထိန်းချုပ်ထားခြင်းမရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေကြောင့် ထိုင်းနယ်စပ်တလျှောက် မြစ်ချောင်းတွေထဲကို အာဆင်းနစ်၊ ခဲနဲ့ ကက်ဒ်မီယမ် စတဲ့ အန္တရာယ်ရှိတဲ့ လေးလံတဲ့ သတ္တုအဆိပ်ငွေ့တွေ စီးဝင်လာပြီး လူထုရဲ့ ကျန်းမာရေးကို ထိခိုက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါအဖွဲ့က ထိုင်းဝန်ကြီးချုပ်ထံ တောင်းဆိုချက်တွေထဲမှာတော့ နယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှုကို စောင့်ကြည့်မဲ့ အမျိုးသားကော်မတီတရပ် ဖွဲ့စည်းဖို့၊ မြန်မာ၊ တရုတ်အစိုးရ အပြင် သတ္တုကုန်သွယ်မှုမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံအတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသန္တရ ခေါင်းဆောင်တွေနဲ့ပါ တိုက်ရိုက်ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
တချိန်တည်းမှာပဲ တရုတ်သံအမတ်ကြီး ဟန်ကျန့်ဝေဆီ ပေးပို့တဲ့စာမှာတော့ မြန်မာနိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေနဲ့ လာအိုနိုင်ငံက တရုတ်နဲ့ဆက်နွှယ်နေတဲ့ သတ္တုတွင်း လုပ်ငန်းတွေကြောင့် ဒေသခံတွေ ခံစားနေရတဲ့ ဒုက္ခတွေကို ချင်းရိုင်းအထိ ကိုယ်တိုင်လာရောက် နားထောင်ပေးဖို့ ပါဝင်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်သံရုံးဘက်ကနေ အဆိုပါမြစ်တွေရဲ့ ရေအရည်အသွေးဟာ ဘေးကင်းလုံခြုံတဲ့ စံချိန်စံညွှန်းအတွင်းမှာပဲ ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်အပေါ် ဒေသခံတွေဘက်က တုံ့ပြန်ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဘက်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြစ်ချောင်းတွေအတွင်း အဆိပ်အတောက် ဖြစ်စေတဲ့ အညစ်အကြေးတွေ စီးဝင်လာတဲ့ ပြဿနာကို ထိုင်းအစိုးရအနေနဲ့ အလေးအနက်ထား ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ “မြစ်များအတွက် ငြိမ်းချမ်းရေး လမ်းလျှောက်ခြင်း” ခရီးစဉ်ကိုလည်း ပြုလုပ်နေကြပါတယ်။
ခရီးရှည်လမ်းလျှောက် ဆန္ဒပြပွဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူတွေ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေနဲ့ ဒေသခံတိုင်းရင်းသား လူနည်းစုတွေ ရာနဲ့ချီပါဝင်နေကြပါတယ်။
Source: Bangkok Post