
နယ်စပ်ဒုက္ခသည်စခန်းများ ပိတ်သိမ်းပြီးနောက် ဒုက္ခသည်များ မိမိခြေထောက်ပေါ် မိမိရပ်တည်ရမည်ဟုဆို - BUR.MIZZIMA.COM
AI Summary
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများကို ၁၀ နှစ်အတွင်း ပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များက အစီအစဉ်ရှိနေကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) က ပြောကြားခဲ့သည်။ နိုင်ငံတကာမှ ရိက္ခာထောက်ပံ့မှုများ ဖြတ်တောက်ပြီးနောက် ဒုက္ခသည်များသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် စခန်းပြင်ပတွင် အလုပ်လုပ်ကိုင်နေကြရသည်။ ထိုင်းအာဏာပိုင်များကလည်း ရွှေ့ပြောင်းလုပ်သားကတ်ပြားကဲ့သို့သော သက်သေခံကတ်ပြားများ ထုတ်ပေးရန် စီစဉ်နေသည်။ လက်ရှိတွင် စခန်းပိတ်သိမ်းရေးနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် မျက်နှာစုံညီ အစည်းအဝေးများ မပြုလုပ်ရသေးသော်လည်း ဒုက္ခသည်များအကြား စိုးရိမ်မှုများ မြင့်တက်နေသည်။ ပညာရေးထောက်ပံ့မှုများ ရှိနေသေးသော်လည်း ရိက္ခာထောက်ပံ့မှုမှာ အလွန်နည်းပါးသွားပြီဖြစ်သည်။
YT (ဇွန် ၅)
မဇ္ဈိမ။ ။ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ ပိတ်သိမ်းပါက စခန်းအတွင်း နေထိုင်သူများမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြရမည်ဖြစ်ကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။
“လောလောဆယ်တော့ ကိုယ့်ခြေထောက်နဲ့ကိုယ် ရပ်တည်နေနိုင်ဖို့အတွက် အလုပ်လုပ်ရတော့မှာပေါ့နော်။ အလုပ်လုပ်ရမှာဖြစ်တဲ့ကြောင့် အခုလောလောဆယ် ထိုင်းနိုင်ငံက အလုပ်ဌာနတွေ၊ ကုမ္ပဏီတွေ အများကြီးဖွင့်ပေးထားပါတယ်။ သွားလုပ်တဲ့သူတွေလည်း သွားလုပ်နေကြတယ်။ ဒါပေမဲ့ စခန်းဖျက်သိမ်းဖို့ကိုတော့ မျက်နှာစုံညီအစည်းအဝေးတွေတော့ မခေါ်ရသေးဘူး” ဟု ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက ပြောသည်။
ပြီးခဲ့သည့် မေလဒုတိယအပတ်အတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးတခု၌ ထိုင်းအာဏာပိုင်များက နယ်စပ်ဒုက္ခသည်များအား ၁၀ နှစ်အတွင်း ပိတ်သိမ်းရန် အစီအစဉ်ရှိနေကြောင်း ပြောသွားခဲ့ခြင်းရှိသည်။ သို့ရာတွင် လက်ရှိအထိ ဒုက္ခသည်စခန်းအတွင်းမှ တာဝန်ရှိသူများ၊ နယ်စပ်အာဏာပိုင်များ၊ အကူအညီပေးရေးအဖွဲ့အစည်းများနှင့် မျက်နှာစုံညီ အစည်းအဝေးများ ပြုလုပ်ခြင်းမရှိသေး၍ မည်သို့သော အခြေအနေရှိမည်ကို မသိရသေးကြောင်း စောပွယ်စေးက ဆိုသည်။
နိုင်ငံတကာက ထိုင်း-မြန်မာနယ်စပ်ဒေသများရှိ ဒုက္ခသည်စခန်းများအား ရိက္ခာထောက်ပံ့မှုများ ဖြတ်တောက်လိုက်ပြီးနောက် ၂၀၂၅ ခုနှစ်ကစ၍ ထိုင်းအာဏာပိုင်များက ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများအား စခန်းပြင်ပ၌ တရားဝင် အလုပ်ထွက်လုပ်ခွင့်ပြုခဲ့ရာ လက်ရှိ၌ ထိုကဲ့သို့ အလုပ်လုပ်ကိုင်နေကြသူများရှိသည်။ ထိုင်းအာဏာပိုင်များကလည်း နယ်စပ်ဒုက္ခသည်စခန်းများအတွင်း နေထိုင်သူများအား ရွှေ့ပြောင်းလုပ်သားများ ကိုင်ဆောင်သည့် သက်သေခံကတ်ပြားကဲ့သို့သော ကတ်ပြားများ လုပ်ဆောင်ပေးရန် စီစဉ်နေကြောင်း သိရပြီး ဒုက္ခသည်စခန်းပိတ်သိမ်းပြီးပါကလည်း ထိုသက်သေခံကတ်ပြားဖြင့် နေထိုင်အလုပ်လုပ်ကိုင်ကြရမည်ဟု ယူဆကြောင်း နို့ဖိုးဒုက္ခသည်စခန်းအတွင်း ၂၀၀၈ ခုနှစ်ကစ၍ နေထိုင်သူတဦးက ပြောသည်။
“လက်ရှိဆိုရင် ဝါးချိုး၊ ပြောင်းချိုး၊ စခန်းအတွင်းက NGO တွေမှာလုပ်၊ ဆရာ၊ ဆရာမလုပ် ဒါတွေလုပ်ကြတယ်။ နိုင်ငံခြားရောက်သွားတဲ့ မိသားစုတွေရှိတဲ့သူတွေကျ သူတို့တွေက ပြန်ထောက်ပံ့ကြတာတွေနဲ့ စားသောက်ကြတာပေါ့။ ရိက္ခာတွေက မရတော့တာကြာပြီ။ ဆိုတော့ ဒုက္ခသည်စခန်းတွေ ပိတ်ပြီဆိုရင်လည်း ဒီလိုပဲ ကိုယ့်ဘာသာ လုပ်ကိုင်စားသောက်ရမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
“လောလောဆယ် ဒုက္ခသည်စခန်းထဲမှာတော့ ပညာရေးနဲ့ပတ်သက်ပြီး ထောက်ပံ့ပေးနေတဲ့ NGO တွေရှိသေးတယ်။ ရိက္ခာကတော့ မရတော့ဘူး။ နည်းနည်းခက်ခက်ခဲခဲဖြစ်တဲ့သူတွေအတွက်လောက်ပဲ ပေးတော့တာ။ ကျန်တဲ့သူတွေကျ ကိုယ့်ဘာသာပဲ ရှာစားရပါတယ်” ဟု KRC အတွင်းရေးမှူးက ဆက်ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၌ မယ်လ၊ မယ်လအု၊ အုန်းဖျံ၊ နို့ဖိုး အပါအဝင် ဒုက္ခသည်စခန်း ကိုးခုရှိပြီး ဒုက္ခသည်စခန်းများ ပိတ်သိမ်းမည့်အရေးကြောင့် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူများအကြား စိုးရိမ်မှုများလည်း ရှိနေသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး