နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၆ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM
politics||8 MIN READ

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၆ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM

AI Summary

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက အရပ်သားများအား လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်နေသည်။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး ဒဏ်ရာရကာ၊ မလှိုင်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့သည်။ တစ်ချိန်တည်းမှာပင် တော်လှန်ရေးအင်အားစုများက ပျူစောထီးခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဖမ်းဆီးရှင်းလင်းခြင်း၊ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က လုံခြုံရေးကောင်စီ၏ လုပ်ငန်းများ ချို့ယွင်းနေမှုကို ဝေဖန်ခဲ့ပြီး၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) အစည်းအဝေးတွင် စစ်အုပ်စု၏ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။ စစ်ကောင်စီဘက်မှလည်း စစ်မှုထမ်းဥပဒေအတွက် စောင့်ကြည့်ကြပ်မတ်ရန် လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းခြင်း၊ တရုတ်နှင့် ရုရှားတို့နှင့် ဆက်ဆံရေး တိုးမြှင့်ခြင်းများ ပြုလုပ်နေသည်။ ထို့ပြင် ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းပါက ဒုက္ခသည်များ ကိုယ့်ခြေထောက်ပေါ် ရပ်တည်ရမည်ဟု ကရင်ဒုက္ခသည်များကော်မတီက သတိပေးခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၅ နှစ်ကျော်ကြာ အရပ်သားများကို ကာကွယ်ရန် နှောင့်နှေးမှုများ သည် ကောင်စီ၏ လုပ်ငန်းများ ချို့ယွင်းနေမှုကိုသာမက မြေပြင်အခြေအနေနှင့် ကင်းကွာနေသည်ကို ထင်ရှားစွာ သက်သေပြနေပြီး နိုင်ငံကြီး နှစ်နိုင်ငံ၏ ဗီတိုခြိမ်းခြောက်မှုများမှာ ကောင်စီကို ထိရောက်မှု ကင်းမဲ့သည့် အဖွဲ့အစည်းတရပ် ဖြစ်စေသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတ မ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေး လုံခြုံရေးကောင်စီ၏ အစီအရင်ခံစာအပေါ် ဆွေးနွေးမှုတွင် ထည့်သွင်းပြောသည်။

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသော နယ်မြေများ၌ သစ်ပင်များကို စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်ရှိ လင်းလဲကျေးရွာအုပ်စု၊ လင်းလဲကျေးရွာ၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ခင်ဝင်း (ခ) ရှမ်းကြီးကို ဖမ်းဆီးရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) ၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးဌာနထံမှ သိရသည်။

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် ပျူစောထီးခေါင်းဆောင် လှမြင့်နေရာကို ဆက်ခံထားသည့် သားဖြစ်သူ ပျူစောထီး စိုင်းသီဟကို အရှင်ဖမ်းမိ သော်လည်း ပြန်လည် ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားရေးထံမှ သိရသည်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရုံးပင်ကွက်‌ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာ ရပြီး ဘုန်းကြီးကျောင်းပျက်စီးကာ မြေပြင်ကလည်း အင်အားသုံး စစ်ကြောင်းထိုး နေကြောင်း နတ်မောက် မြို့နယ် ပကဖ ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကုက္ကိုစုပျူရွာမှ လက်နက်မချဘဲ မြိုင်စက်မှု (၂) ဘက်သို့ ထွက်ပြေးသွားသည့် ပျူစောထီးနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း အယောက် ၇၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့ (ဇွန်လ ၆ ရက်) တွင် သတင်းထုတ်ပြန်သည်။

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းသို့ စစ်အုပ်စုက ယမန်နေ့ (ဇွန်လ ၅ ရက်) ညနေပိုင်းမှစတင်ကာ လေကြောင်းနှင့် ရေကြောင်း ပူးပေါင်း၍ အပြင်းအထန် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်မှ ဇွန်လ ၄ ရက်အထိ သရက်ခရိုင်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်သား ရှစ်ဦးသေဆုံးကြောင်း ဗမာပြည်ကာကွယ်ရေးတပ် (USBA) က ဇွန်လ ၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

စစ်အုပ်စု၏ အရပ်သားများအပေါ် အကြမ်းဖက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်စေရေးကို ဦးစားပေးဆောင်ရွက်ရန် ယနေ့ (ဇွန် ၅)၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ပြုလုပ်သည့် အပြည်ပြည် ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က တိုက်တွန်းလိုက်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ ပိတ်သိမ်းပါက စခန်းအတွင်း နေထိုင်သူများမှာ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်ကြရမည်ဖြစ်ကြောင်း ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက ပြော သည်။

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းမှ ပြန်လာနေသည့် ကျောင်းသား၊ ကျောင်းသူ ၃ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး လူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ချင်းပြည်နယ် ၊ ဟားခါးနှင့် ထန်တလန်မြို့နယ်အကြားတွင် တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွား နေပြီး စစ်အုပ်စုတပ်က လေကြောင်းက ဗုံးကြဲခဲ့ကြောင်း ချင်းအမျိုးသား တပ်မတော် (CNA) တပ်ဖွဲ့ထံကသိရသည်။

မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ တကောဖောလူကျေးရွာအတွင်းသို့ စစ်အုပ်စုက ပြီးခဲ့သည့် မေလ ၁၉ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်ပြီး စာသင်ကျောင်း၊ ဘုရားကျောင်းအဆောက်အအုံများနှင့် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ဇွန်လ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်ရှိ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မြို့များကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိစေရေးအတွက် ပြည်သူလူထုအားလုံးအနေဖြင့် မိမိတို့ ကျရာကဏ္ဍမှ ပါဝင်တိုက်ပွဲဝင်ကြရန် ချင်းပြည်နယ် တောင်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသော ချင်းပြည်သူ့အစည်း အရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ဗဟိုကောင်စီဝင် ဆလိုင်းပီတာသန်းရွှေက တိုက်တွန်းပြောဆိုသည်။

အာရက္ခတပ်တော် (AA) က ရောင်းချနေသည့် ထီလက်မှတ်များကို စတင်ရောင်းချသည့် ပထမလအတွင်း စိတ်ဝင်တစား ဝယ်ယူသူအများအပြား ရှိနေကြောင်း သိရသည်။

စစ်ကောင်စီ

ပဲခူးတိုင်းအတွင်း စစ်မှုထမ်းအကျုံးဝင်သူများအား ဆင့်ခေါ်ရာတွင် ထွက်ပြေး တိမ်းရှောင်ခြင်း မပြုလုပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စောင့်ကြည့် ကြပ်မတ်ပေးရန်လိုကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ဇွန်လ ၄ ရက်၌ ပြုလုပ်သည့် ပဲခူးတိုင်းအတုယောင်လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံ၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘင်းမ်စတက်အဖွဲ့ကို ပြည်သူများအတွက် အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်သည့် ပိုမိုထိရောက်သော၊ ရလဒ်ကို အခြေခံသော၊ တုံ့ပြန်မှုအားကောင်းသော အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ဖွံ့ဖြိုးတိုးတက်စေ​ရေး အတူတကွလက်တွဲဆောင်ရွက်ရန် တိုက်တွန်း​​ကြောင်း အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာ ပေးပို့သည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့်စစ်လက်အောက်ခံ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ နေပြည်တော်တွင် ဇွန် ၄ ရက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ရုရှားက ထုတ်လုပ်ထားသည့် ဒီဂျစ်တယ်နည်းပညာသုံး မီတာဖတ်ယူသည့်စနစ်နှင့် သုံးစွဲသူများက မီတာခများ ပေးဆောင်နိုင်သည့် Smart meter စနစ် မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန် နည်းပညာ လွှဲပြောင်းပေးအပ်နိုင်ရေး မြန်မာ-ရုရှား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံဖြိုချခဲ့ပြီး စုစုပေါင်း အဆောက်အအုံ ၃၆ လုံးထိ ဖြိုချပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို သယ်ယူပို့ဆောင်ရာ၌ မတရားငွေကြေးတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် စီမံဆောင်ရွက် မှုများ လုပ်ဆောင်နေကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ထုတ်ပြန်ကြေညာ ထားသည်။

(၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးသို့ အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ဒုသမ္မတဆိုသူ ဦးညိုစော ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၆ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM | YGN Daily