ဖားကန့်တွင် ၃ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအချို့ ရေကြီးနေ
general||4 MIN READ

ဖားကန့်တွင် ၃ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေရာအချို့ ရေကြီးနေ

Back to News

AI Summary

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဇွန်လ ၁၂ ရက်နေ့မှစ၍ သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်မှော်ကျေးရွာနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ဥရုချောင်း ရှင်းလင်းရေးလုပ်ငန်းများကို ယခုနှစ်တွင် မလုပ်ဆောင်နိုင်ခဲ့သဖြင့် ရေထွက်ပေါက်များ ပိတ်ဆို့ကာ ရေကြီးရခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် ဒေသခံများ၏ နေအိမ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် သွားလာမှုများတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ ကျောက်စိမ်းတူးဖော်မှုကြောင့် ချောင်းကြောင်းတိမ်ကောလာခြင်းနှင့် ရေစီးရေလာ ပိတ်ဆို့ခြင်းတို့က ရေကြီးမှုအန္တရာယ်ကို ပိုမိုဆိုးရွားစေသည်။ လက်ရှိတွင် မိုးဆက်လက်ရွာသွန်းပါက ရေပိုမိုမြင့်တက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ထင်ရှားသော ပြောကြားချက်များ

"အဓိက ဥရုချောင်းထဲထွက်တဲ့ ချောင်းပေါက်တွေ ပိတ်တော့ ချောင်းရှင်းလင်းရေး မလုပ်တော့။ ချောင်းရှင်းလင်းရေးက ဘက်ဖိုးတွေ ကားတွေနဲ့ နှစ်တိုင်းတူးကြတယ်လေ။ အခုက မတူးဖြစ်တော့ ကိုရို့ကားယားတွေ ဖြစ်ကုန်တာ။ ချောင်းရေတွေက ပိတ်ပြီး အထက်မှာ ရေတွေက ထောက်တော့ မိုးကောင်းတုန်း ရေတက်သလို ဖြစ်သွားတာပေါ့"

ဖားကန့်မြို့နယ် ဆိုင်းတောင်အုပ်စု နမ့်မှော်ကျေးရွာတွင် ရေကြီးနေသည့် မြင်ကွင်း။ (CJ)

ယမင်းဖူးပွင့်အောင် (ဇွန် ၁၅)

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ နေရာအချို့တွင် သုံးရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက် ညနေပိုင်းမှစ၍ ယနေ့ (ဇွန်လ ၁၅ ရက်) အထိ သုံးရက်ဆက်တိုက် မိုးရွာသွန်းနေ၍ ဖားကန့်မှော်နယ်မြေတဝိုက်၊ ငှက်ပျောတောရပ်ကွက်၊ ကျောက်ဝိုင်းရပ်ကွက်၊ လုံးခင်းဈေးတန်းရပ်ကွက်နှင့် နမ့်မှော်ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“၁၂ ရက်နေ့ကနေ မိုးက ခုထိမရပ်သေးဘူးဗျ။ နေရာတိုင်းတော့ မဟုတ်ဘူးပေါ့။ လုံးခင်းဆိုလည်း လုံးခင်းက အနိမ့်ဆုံးရပ်ကွက်၊ ဖားကန့် အနိမ့်ပိုင်းရပ်ကွက်တွေ၊ နမ့်မှော်ကျေးရွာဆိုလည်း အဲ့လိုပေါ့။ နိမ့်တဲ့နေရာတွေပေါ့” ဟု ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ် ၁၁ နာရီခွဲတွင် ဆိုသည်။

ဥရုချောင်းကို နှစ်စဉ် ရှင်းလင်းရေးလုပ်လေ့ရှိသော်လည်း ယခုနှစ် မလုပ်ဖြစ်သည့်အတွက် ရေထွက်ပေါက် ပိတ်သွားရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“အဓိက ဥရုချောင်းထဲထွက်တဲ့ ချောင်းပေါက်တွေ ပိတ်တော့ ချောင်းရှင်းလင်းရေး မလုပ်တော့။ ချောင်းရှင်းလင်းရေးက ဘက်ဖိုးတွေ ကားတွေနဲ့ နှစ်တိုင်းတူးကြတယ်လေ။ အခုက မတူးဖြစ်တော့ ကိုရို့ကားယားတွေ ဖြစ်ကုန်တာ။ ချောင်းရေတွေက ပိတ်ပြီး အထက်မှာ ရေတွေက ထောက်တော့ မိုးကောင်းတုန်း ရေတက်သလို ဖြစ်သွားတာပေါ့” ဟု ပြောသည်။

အချို့နေရာများတွင် အမြင့် သုံးပေခန့်အထိ ရေမြင့်တက်နေသဖြင့် ဆိုင်ကယ်၊ ကားသွားလာမှုများအတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။

မိုးဆက်လက်ရွာသွန်းမည်ဆိုပါက ရေများ ပိုမိုမြင့်တက်လာပြီး လက်ရှိ ရေမမြုပ်သေးသည့်နေရာများတွင်ပါ ရေမြုပ်လာမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။

ဥရုချောင်းသည် ဖားကန့်မြို့နယ်ကို ဖြတ်သန်းစီးဆင်းသည့် အဓိက ရေလမ်းကြောင်းတခုဖြစ်ပြီး ဖားကန့်၊ ဆိုင်းတောင်နှင့် အနီးဝန်းကျင်ဒေသများ၏ ရေစီးဆင်းမှုစနစ်အတွက် အရေးပါသော ချောင်းတခုဖြစ်သည်။ နှစ်စဉ် မိုးရာသီကာလများတွင် ဥရုချောင်းရေ မြင့်တက်မှုကြောင့် ဖားကန့်ဒေသအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်လာမှုနှင့်အတူ ဥရုချောင်းအတွင်း မြေစာနှင့် ရွှံ့နုန်းများ စုပုံလာကာ ချောင်းကြောင်း တိမ်ကောမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုများက ထောက်ပြထားသည်။

အဆိုပါ အခြေအနေများက မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် ရေစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး ရေကြီးမှုအန္တရာယ်ကို ပိုမိုမြင့်တက်စေကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံများအတွက် ဥရုချောင်းသည် ရေအရင်းအမြစ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အရေးပါသည့် သဘာဝအရင်းအမြစ်တခုဖြစ်သော်လည်း မကြာသေးမီနှစ်များအတွင်း ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပွားလာခြင်းကြောင့် ချောင်းတလျှောက်ရှိ ကျေးရွာများနှင့် မြို့နယ်များအတွက် စိုးရိမ်ဖွယ် အခြေအနေတရပ်အဖြစ် ရှိနေကြောင်း ဒေသခံများက ပြောသည်။ ။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated