
စစ်ရှောင်မျက်စိဝေဒနာရှင်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ ခွဲစိတ်ကုသပေး
AI Summary
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဒေသများရှိ စစ်ဘေးရှောင် မျက်စိဝေဒနာရှင်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ်မြောက် မျက်စိအခမဲ့ ခွဲစိတ်ကုသပေးခဲ့သည်။ စစ်ဘေးရှောင်များသည် စားဝတ်နေရေး ခက်ခဲချိန်တွင် မျက်စိဝေဒနာ ခံစားနေရ၍ ကျန်းမာရေးစရိတ် မတတ်နိုင်ကြသောကြောင့် ယခုကဲ့သို့ အခမဲ့ကုသပေးခြင်းဖြစ်သည်။ မေလ ဒုတိယအပတ်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကုသမှုတွင် စစ်ဘေးရှောင် ၂၂၃ ဦးကို စမ်းသပ်ခဲ့ရာ မျက်စိအတွင်းတိမ်၊ မျက်သားခြစ်နှင့် ပါဝါမျက်မှန်တပ် လူနာ စုစုပေါင်း ၅၉ ဦးကို ခွဲစိတ်ကုသပေးခဲ့သည်။ ၎င်းတို့အပြင် နေစရိတ်၊ စားစရိတ်၊ ဆေးဖိုးဝါးခနှင့် သွားလာစရိတ်များကိုပါ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တာဝန်ယူ ဖြေရှင်းပေးခဲ့သည်။ ယင်းကဲ့သို့ အခမဲ့ကုသပေးခြင်းကြောင့် ဝေဒနာရှင်များ၏ ကျန်းမာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ခဲ့ပြီး လူနာများကလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ပထမအကြိမ် ကုသမှုကို ဧပြီလက ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် မျက်စိဝေဒနာရှင် ၂၀၀ ဝန်းကျင်ကို ကုသပေးခဲ့ရာ ၂၇ ဦးကို ခွဲစိတ်ခဲ့ကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ဒေသတွေထဲက စစ်ဘေးရှောင် မျက်စိဝေဒနာရှင်တွေကို အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ် မျက်စိအခမဲ့ ခွဲစိတ်ကုသပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မျက်စိဝေဒနာ ခံစားနေကြရတဲ့ စစ်ရှောင်တွေကို အခမဲ့ မျက်စိစမ်းသပ်ပြီး ခွဲစိတ်ဖို့ လိုအပ်တဲ့သူတွေကိုလည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ခွဲစိတ်ပေးခဲ့တယ်လို့ မျက်စိဝေဒနာ သွားရောက်ကုသမှုခံယူခဲ့သူ မင်းပြားဒေသခံ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတယောက်က ပြောပါတယ်။
“မျက်စိက အရင်ကတည်းက ခွဲစိတ်ပြီးသားပါ။ အခုနောက်ပိုင်း မျက်စိတွေ မှုန်ဝါးပြီး နေမကောင်းချင်လို့ သွားပြတာ။ အခုလို အခမဲ့ပြသခွင့်ရလို့ တကယ့်ကို ဝမ်းသာပီတိ ဖြစ်ရပါတယ်။ စားဝတ်နေရေး ခက်ခဲချိန်မှာ ကျန်းမာရေးကိစ္စဆိုရင် ဖြစ်သလို ကုနေကြရတယ်။ အခု ဒီလိုမျိုး မျက်စိကိုပါ ကိုယ့်အစိုးရက အလကားကုပေးလို့ အတိုင်းမသိ ကျေးဇူးတင်ပါတယ်။”
မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးတဲ့အပြင် နေစရိတ်၊ စားစရိတ်၊ ဆေးဖိုးဝါးခ၊ သွားလာကုန်ကျစရိတ် တွေကိုပါ တာဝန်ယူ ဖြေရှင်းပေးတယ်လို့ မြောက်ဦးမြို့နယ်မှ သွားရောက်ကုသခဲ့သူနဲ့ ဆွေမျိုးတော်စပ်သူ တယောက်က ပြောပါတယ်။
“အဒေါ်တို့ဘက်က ဆိုရင် နယ်ကလာရတာ ကားစီးရတယ်၊ တုတ်တုတ်ချေ(သုံးဘီးဆိုင်ကယ်)တွေ စီးရတယ်။ နေ့ချင်းပြန်ဖို့ ဝေးတော့ နေဖို့ နေစရိတ်ကိုပါ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သူတွေက စီစဉ်ထောက်ပံ့ပေးလို့ အရမ်းရမ်းပျော်တယ်။”
အခုလို မျက်စိအခမဲ့ကုသပေးမှုကို မေလ ဒုတိယအပတ်က ကုသပေးခဲ့တာဖြစ်ပြီး စစ်ဘေးရှောင် ၂၂၃ ယောက်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိစမ်းသပ်ကိရိယာတွေနဲ့ စမ်းသပ်ကုသပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအထဲက မျက်စိအတွင်းတိမ်လူနာ ၃၃ ယောက်၊ မျက်သားခြစ်လူနာ ၅ ယောက်နဲ့ ပါဝါမျက်မှန်တပ် လူနာ ၂၁ ယောက်၊ စုစုပေါင်းလူနာ ၅၉ ယောက်ကို မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့တာလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပထမအကြိမ် ကုသမှုကို ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ဘေးရှောင် မျက်စိဝေဒနာရှင် လူနာ ၂၀၀ ဝန်းကျင်ကို အခမဲ့ကုသပေးခဲ့ပြီး အဲဒီအထဲက ၂၇ ယောက်ကို မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခဲ့တာလို့ သိရပါတယ်။