မြဝတီ - ဘားအံလမ်းပိုင်း၌ ခရီးသည်တင်ကားများတွင် စီးနင်းလိုက်ပါလာသည့် အမျိုးသားများ မကြာခဏ ပေါ်တာဆွဲခံရ
politics||5 MIN READ

မြဝတီ - ဘားအံလမ်းပိုင်း၌ ခရီးသည်တင်ကားများတွင် စီးနင်းလိုက်ပါလာသည့် အမျိုးသားများ မကြာခဏ ပေါ်တာဆွဲခံရ

Back to News

AI Summary

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ သွားလာသည့် ခရီးသည်တင်ကားများပေါ်မှ လူငယ်အမျိုးသားများကို စစ်အုပ်စုတပ်ဖွဲ့ဝင်များက လမ်းခုလတ်တွင် တားဆီးကာ ပေါ်တာဆွဲဖမ်းဆီးမှုများ မကြာခဏ ဖြစ်ပွားနေသည်။ စစ်အုပ်စုအနေဖြင့် စစ်မျက်နှာများတွင် ရှုံးနိမ့်မှုများကြောင့် စစ်အင်အားပြန်လည်ဖြည့်တင်းရန်အတွက် ယခုကဲ့သို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေခြင်းဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် ခရီးသွားပြည်သူများ၊ အထူးသဖြင့် လူငယ်အမျိုးသားများမှာ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်နေပြီး ခရီးသွားလာရန် အခက်အခဲများ ကြုံတွေ့နေရသည်။ ဖမ်းဆီးခံရသူများကို ငွေကြေးဖြင့် ပြန်လည်ရွေးယူ၍ မရနိုင်သည့်အပြင် အဆိုပါလမ်းကြောင်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များမှ ငွေကြေးကောက်ခံမှုများ ရှိနေကြောင်း သိရသည်။ လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူဦးရေမှာ ၃၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ပြီး စစ်အုပ်စု၏ ပေါ်တာဆွဲမှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"အသိ ကားတစီးက ငါးယောက် ပါသွားတယ်။ တခြားကားတွေကလည်း ပါတာ ရှိတယ်။ ယောက်ျားလေး သီးသန့်ပဲ ခေါ်တာ။ စစ်တပ်ဘက်ကပါ"

YT(ဇွန် ၂၅)

မဇ္ဈိမ။ ။ ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ် အမျိုးသားများအား စစ်အုပ်စုတပ်က ပေါ်တာဆွဲသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

မြဝတီနှင့် ဘားအံလမ်းပိုင်း၊ သာမည ဝဲကရင်ရွာအနီးတဝိုက်၊ ကျားကလေးလမ်းဆုံနှင့် အေးမြမြထမင်းဆိုင် အနီးတဝိုက်တို့၌ မကြာခဏ ဖမ်းဆီးပေါ်တာဆွဲခံရမှုများ ဖြစ်ပေါ်နေခြင်းဟု သိရသည်။ မဇ္ဈိမက စုဆောင်းရရှိထားသည့် စာရင်းအရ ပေါ်တာဆွဲခံရသူဦးရေမှာ ၃၀ ဝန်းကျင်အထိ ရှိနေပြီဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီဘက်သို့ တက်သည့် ခရီးသည်တင်ယာဉ်တစီးပေါ်မှ အမျိုးသားလေးဦးကို စစ်အုပ်စုတပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ထိုကားပေါ် ပါလာသည့် အမျိုးသမီးတဦးထံမှ သိရသည်။ အဆိုပါ နေ့တရက်တည်း၌ပင် ခရီးသည်တင်ယာဉ်ပေါ်မှ အမျိုးသားခရီးသွားများ ပေါ်တာဆွဲခံရမှုဖြစ်စဉ် သုံးခုထက်မနည်း ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးခံရသည့် အမျိုးသား ရှစ်ဦးခန့်ရှိကြောင်း သိရသည်။

မဇ္ဈိမသတင်းရင်းမြစ် မြဝတီ – ရန်ကုန် ခရီးသည်တင်ယာဉ်မောင်းတဦးက “အသိ ကားတစီးက ငါးယောက် ပါသွားတယ်။ တခြားကားတွေကလည်း ပါတာ ရှိတယ်။ ယောက်ျားလေး သီးသန့်ပဲ ခေါ်တာ။ စစ်တပ်ဘက်ကပါ” ဟု ပြောသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင်လည်း အလားတူ ပေါ်တာဆွဲခံရမှုဖြစ်စဉ်များ ကျားကလေးလမ်းဆုံတဝိုက်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ လူဦးရေ ၁၀ ဦးခန့် ပါသွားကြောင်း သိရသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်ကလည်း ဘားအံ – မြဝတီ အာရှလမ်းပေါ်၊ သာမည ဝဲကရင်ရွာအနီး၌ ခရီးသည်တင်ယာဉ် ငါးစီးထက်မနည်းပေါ်မှ အမျိုးသားဦးရေ ၂၀ ခန့် ပေါ်တာဆွဲခံခဲ့ရသည်။

စစ်အုပ်စုတပ်က ဂိတ်ချ၍ ဖမ်းဆီးခြင်းမဟုတ်ဘဲ လူအစုအဝေးဖြင့် လမ်းပေါ် သွားလာနေသည့် ကားများအား တားကာ ကားပေါ်ပါလာသည့် လူငယ်၊ လူရွယ် အမျိုးသားများကို ဖမ်းဆီးပေါ်တာဆွဲခြင်းဟု သိရပြီး လက်ရှိ ဖမ်းဆီးခံလိုက်ရသူများကို ငွေကြေးဖြင့် ပြန်လည်ရွေးယူရန် ကြိုးပမ်း၍လည်း မရကြောင်း သတင်းရင်းမြစ်က ပြောသည်။

“နေ့တိုင်းဆွဲတာတော့ မဟုတ်ဘူး။ ဒီနေ့တော့ အစ်မရဲ့ ညီမတို့ တက်လာတာ မဖြစ်ဘူးပြောတယ်။ ဒါပေမဲ့ စောလို့လားတော့ မသိဘူးပေါ့လေ။ ဒီနေ့က မနက် ၇ နာရီ ၈ နာရီလောက်ကတည်းက တက်လာတာဆိုတော့” ဟု ဧပြီလအတွင်း ပေါ်တာဆွဲခံရသည့် ဖြစ်စဉ်အား သိရှိသည့် အမျိုးသမီးတဦးက ပြောသည်။

ထိုင်း – မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်သည့် အာရှလမ်းအား စစ်အုပ်စုက ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်သွားလာခွင့်ပြုထားပြီး လုံခြုံရေးများလည်း တင်းကျပ်ထားသည်။ ထိုလမ်းကြောင်းသည် မြဝတီ – ဘားအံလမ်းကြောင်း လေးခုရှိသည့်အနက် အတိုဆုံးနှင့် အမြန်ဆုံးလမ်းကြောင်းဖြစ်၍ ခရီးသည်တင်ယာဉ်များ ထိုလမ်းကြောင်းကို ပြန်လည်အသုံးပြုသွားလာခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် အာရှလမ်းပေါ်ရှိ စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်များ၌ ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖွင့်ထားရသည့် စစ်မျက်နှာများတွင် ရှုံးနိမ့်မှုများဖြင့် ရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင်က စစ်အင်အားပြန်လည်ဖြည့်တင်းရန် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတဝန်းရှိ လူငယ်၊ လူရွယ်များအား စစ်မှုထမ်းရန် ဆင့်ခေါ်၊ ပေါ်တာဆွဲနေခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၃ သင်တန်းဆင်းပြီးဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ သာမန်အရပ်သား အမျိုးသားများတွင် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသမီးများတွင် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့သော အတတ်ပညာရှင်များမှာမူ အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု စစ်မှုထမ်းသက်ကို သတ်မှတ်ထားသည်။ အမျိုးသမီးများကို နှစ်နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ခေါ်နိုင်ပြီး အရေးပေါ်အခြေအနေသတ်မှတ်ပါက စစ်မှုထမ်းကာလကို ငါးနှစ်အထိ သက်တမ်းတိုးနိုင်ကြောင်း စစ်ကော်မရှင်က ဆိုထားသည်။

ထို့ပြင် စစ်တပ်က စစ်မှုထမ်းအသက်အတွင်း အကျုံးဝင်သူများအား ပြည်ပထွက်ခွာခွင့် တင်းကျပ်လာမှုများ ပြုလုပ်လာသဖြင့် ရန်ကုန်သာမက ပြည်တွင်း၌ နေထိုင်သည့် စစ်မှုထမ်းစာရင်းပါဝင်သူများ၊ စာရင်းကောက်ယူခြင်းခံရသူများသည် ပြည်ပထွက်ခွာရန် အခက်အခဲများကြုံနေရပြီး ပြည်တွင်းတွင် စိုးရိမ်စိတ်များဖြင့် ရှင်သန်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated