
မင်းပြားမြို့နယ်၌ ဒီရေတော ပျက်စီးနေသည့် ကမ်းစပ်တွင် ဗျူးခြေထောက်ပင်များ စိုက်ပျိုး
AI Summary
ရခိုင်ပြည်နယ်၊ မင်းပြားခရိုင်ရှိ ဒီရေတောပျက်စီးမှုနှင့် ကမ်းပြိုမှုများ ကြုံတွေ့နေရသော ကမ်းစပ်ဒေသများတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် ဗျူးခြေထောက်ပင် ၇,၂၆၀ ကို စိုက်ပျိုးခဲ့သည်။ ဤစိုက်ပျိုးခြင်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်နှင့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန် ရည်ရွယ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက ဦးဆောင်ခဲ့သည်။ ကမ်းပြိုမှုကြောင့် နေအိမ်များ ပျက်စီးခြင်းမှ ကာကွယ်ရန် ရည်ရွယ်သည့် ဤလုပ်ငန်းတွင် ဌာနဆိုင်ရာများ၊ အမျိုးသမီးအင်အားစုများနှင့် ဒေသခံများ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ယခုစိုက်ပျိုးမှုသည် သဘာဝပတ်ဝန်းကျင်အန္တရာယ်ကို ကာကွယ်ရာရောက်ပြီး အကျိုးရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ အမ်း၊ မြေပုံကဲ့သို့သော အခြားကမ်းရိုးတန်းဒေသများတွင်လည်း ဒီရေပင်များ ထပ်မံစိုက်ပျိုးရန် လိုအပ်နေသေးပြီး၊ လာမည့် ဇွန်လနှင့် ဇူလိုင်လများတွင် အများပြည်သူ အခမဲ့ ပျိုးပင်များ ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း နှိုးဆော်ထားသည်။

ရခိုင်ပြည်နယ် မင်းပြားခရိုင်ထဲက ဒီရေတောပျက်စီးမှု ကြုံတွေ့နေရတဲ့ ကမ်းစပ်ဒေသတွေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အရေးပါတဲ့ နေရာတွေမှာ ဗျူးခြေထောက်ပင်တွေ စိုက်ပျိုးပေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဗျူးခြေထောက်ပင် စိုက်ပျိုးမှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနဲ့ ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက ဦးဆောင်ပြီးတော့ ဒီရက်ပိုင်းအတွင်းမှာ စိုက်ပျိုးနေတာ လို့ မင်းပြားမြို့က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားနေသူ အမျိုးသားတယောက် ပြောပါတယ်။
"မင်းပြားမှာက ကမ်းပြိုတာတွေ များတယ်။ ကမ်းပြိုတော့ ကမ်းအနားမှာဆောက်ပြီး နေကြတဲ့ နေအိမ်တွေလည်း ရေတိုက်စားလို့၊ ရေကြီးလို့ ပြိုတာတွေ ရှိတယ်။ ဒီအရာတွေကို ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ဆိုရင် ဒီအပင်လေးတွေကပဲ ကာကွယ်နိုင်မှာပါ။"
အခုလို ဒီရေတော စိုက်ပျိုးမှုကို ဌာနဆိုင်ရာတွေအပြင် ဒီလပ်နဲ့ အမျိုးသမီးအင်အားစုတွေ၊ ဒေသခံ တွေပါ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြတာပါ။
ရခိုင်မှာ နောက်ထပ် လိုအပ်နေသေးတဲ့ မြို့နယ်တွေမှာလည်း ဒီရေပင်တွေ အများကြီး စိုက်ပျိုးဖို့ လိုအပ်နေသေးတယ်လို့ မင်းပြားဒေသခံ အမျိုးသမီးငယ်တယောက်ကလည်း ပြောပါတယ်။
"ရခိုင်က ကမ်းရိုးတန်းဒေသလည်း ဖြစ်တယ်။ ရေတိုက်စားမှုခံရတဲ့ နောက်ထပ် အမ်းတို့၊ မြေပုံတို့လို ကမ်းစပ်ဒေသတွေနဲ့ တခြားမြို့နယ်တွေမှာလည်း စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ အခုလိုမျိုး စိုက်ပျိုးကြမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်အန္တရာယ်ကို ကာကွယ်ရာလည်း ရောက်တယ်။ အရမ်း ကို အကျိုးရှိတဲ့ လုပ်ရပ်တခုပါ။ ဒေသခံတယောက်အနေနဲ့ ကြိုဆိုပါတယ်။"
ဒါ့အပြင် ဒေသခံတွေအနေနဲ့ အများအကျိုးအတွက် ရည်ရွယ်ပြီး စိမ်းလန်းစိုပြည်တဲ့ ဒီရေတောတွေ၊ သစ်တောတွေ ဖြစ်ထွန်းလာစေဖို့အတွက် သစ်ပင်စိုက်ပျိုးချင်တယ်ဆိုရင် လာမဲ့ ဇွန်လနဲ့ ဇူလိုင်လ တွေမှာ ပျိုးပင်တွေကို အခမဲ့ လာရောက်ထုတ်ယူနိုင်တယ်လို့လည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရရဲ့ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးဌာနက တိုက်တွန်းနှိုးဆော်ထား ပါတယ်။
အခုတစ်ကြိမ် စိုက်ပျိုးမှုမှာတော့ ဒီရေတော ပျက်စီးမှု ကြုံတွေ့နေရတဲ့ ကမ်းစပ်ဒေသတွေနဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် အရေးပါတဲ့ နေရာတွေကို ရွေးချယ်ပြီး ဗျူးခြေထောက် အပင်ပေါင်း ၇,၂၆၀ ကို စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။