
AI Summary
စစ်ကိုင်းတိုင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် စစ်အာဏာသိမ်းပြီးနောက် ရပ်နားထားရာမှ ယခုအခါ လုပ်ငန်းများ ပြန်လည်တိုးချဲ့ပြီး လုပ်သားခေါ်ယူမှုများ ပိုမိုလုပ်ဆောင်လာသည်။ အဆိုပါစီမံကိန်းကို တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ပြီး ဒေသခံများနှင့် ဝန်ထမ်းများအပေါ် ခြယ်လှယ်မှုများရှိနေကြောင်း သိရသည်။ စီမံကိန်းကြောင့် ဒေသခံများမှာ အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်းနှင့် လယ်ယာမြေများ ဆုံးရှုံးရခြင်းတို့အပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုများကြောင့်လည်း ထိခိုက်နစ်နာမှုများစွာ ကြုံတွေ့နေရသည်။ လက်ရှိတွင် ကုမ္ပဏီဘက်မှ ကန်ထရိုက်စနစ်ဖြင့် ဝန်ထမ်းများကို ခေါ်ယူခြင်းနှင့် CDM ဝန်ထမ်းများကို ဖယ်ရှားခြင်းများ ပြုလုပ်နေသည်။ စီမံကိန်းသည် နေ့ရောညပါ လည်ပတ်နေပြီး ဒေသခံများအပေါ် ဖိအားပေးမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"ဝမ်ပေါင်က အခု ဝန်ထမ်းတွေကို ပြန်တက်တောင် လုပ်ခိုင်းတော့မှာ။ သူတို့ ရုံးပိတ်ရက်ဆိုရင် အိမ်မှာ ပြန်နေ၊ ပြီးရင် ဒီဘက်ပြန်လာ။ အဲဒီလိုမျိုးနဲ့ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ သူကတော့ စနေတယ်ပေါ့လေ။"
"အခု ကျနော်တို့ ပြန်တက်ပြန်သွား ပုံစံမျိုးတောင်မှ လုပ်မဲ့အနေအထားမျိုးမှာ ရှိနေတယ်ပေါ့လေ။ ဝမ်ပေါင်ရဲ့ အနောက်တန်းမှာရှိတဲ့ ယန်စီကုမ္ပဏီပိုင်မှာ မိုင်းဆိုက် ဆိုတာ ရှိတယ်။ အဲဒီမှာဆိုရင် ကျနော်တို့ကျေးရွာက ကျောင်းသူ ကျောင်းသားတွေကို သူတို့ စစ်ကောင်စီကျောင်းကို တက်ခွင့်ပေးတဲ့ ပုံစံမျိုးနဲ့ တက်ရောက်ဖို့ လှုံ့ဆော်ပြီးတော့မှ တက်ရောက်နေတာလည်းရှိတော့ လတ်တလောမှာကတော့ ဝမ်ပေါင်နဲ့ ယန်စီရဲ့ အနေအထားမှာရှိတဲ့ ဖြစ်တည်မှုကတော့ တော်တော်လေးကို ရင်နာစရာ ရင်နင့်စရာနဲ့ ကြေကွဲစရာကောင်းတယ်လို့ပဲ ပြောရမှာပေါ့လေ"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လတ်တလောမှာ လုပ်ငန်းတွေ ပြန်လည်တိုးချဲ့လာပြီး လုပ်သားခေါ်ယူမှုတွေ ပိုမိုများပြားလာသလို ဒေသခံတွေနဲ့ ဝန်ထမ်းတွေကိုလည်း ခြယ်လှယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းလည်ပတ်မှု လျော့ကျခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လတ်တလောမှာ လုပ်ငန်းတွေ ပြန်လည်တိုးချဲ့လာပြီး လုပ်သားခေါ်ယူမှုတွေ ပိုမိုများပြားလာပါတယ်။
ဒါ့အပြင် ဒေသခံတွေ၊ အလုပ်သမားတွေအပေါ် ခြယ်လှယ်လုပ်ဆောင်နေကြောင်း ဝမ်ပေါင်ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းတယောက်က DVB ကို ပြောပါတယ်။
“ဝမ်ပေါင်က အခု ဝန်ထမ်းတွေကို ပြန်တက်တောင် လုပ်ခိုင်းတော့မှာ။ သူတို့ ရုံးပိတ်ရက်ဆိုရင် အိမ်မှာ ပြန်နေ၊ ပြီးရင် ဒီဘက်ပြန်လာ။ အဲဒီလိုမျိုးနဲ့ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ သူကတော့ စနေတယ်ပေါ့လေ။ နောက် ၆ လပိုင်း ကုန်တာနဲ့တော့ ဝန်ထမ်းတွေ အကုန်လုံး ပြန်တက်ဆင်း လုပ်ခိုင်းမယ်လို့ ကြားနေရတယ်။ အခုလက်ရှိမှာ သူ ခေါ်ချင်တဲ့သူပဲခေါ်၊ မခေါ်ချင်တဲ့သူ အလုပ်ဖြုတ်တဲ့ ပုံစံမျိုးနဲ့ လစာလည်း မပေး၊ ခေါ်လည်း မခေါ်တော့ဘူး။ ဘာမှ မဆက်သွယ်တော့ဘူး။ အဲဒီလိုမျိုးတွေ ပေါ်တင်တွေ လုပ်နေတာရှိတယ်။ အဓိကတော့ သူတို့ ဆန့်ကျင်တယ်ဆိုတဲ့ CDM လုပ်ပြီး ထွက်သွားတဲ့လူတွေကို သူတို့ မလိုဘဲနဲ့ အခုက သူတို့ ကုမ္ပဏီ တိုက်ရိုက်မဟုတ်ဘဲနဲ့ ကန်ထရိုက်ဆိုတဲ့ ကြားထဲက လူတွေ သွင်းခိုင်းတာ။ အဲဒါက ဝမ်ပေါင် ဝန်ထမ်း မဟုတ်ဘူး။ သူက အဲဒီလိုမျိုးနဲ့ တကယ်လို့ ပြဿနာတခုခု ဖြစ်ခဲ့ရင်တောင် ဝမ်ပေါင်နဲ့ မဆိုင်ဘူး၊ သူက ကန်ထရိုက်ကုမ္ပဏီရဲ့ဝန်ထမ်း ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကန်ထရိုက်စနစ်နဲ့ သွားနေတာ အခုက။”
တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စစ်အာဏာသိမ်းပြီးနောက် ဒေသခံတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ၊ လုံခြုံရေးအခြေအနေတွေကြောင့် လုပ်ငန်းကို ရပ်နားခဲ့ပြီးနောက် အင်အားဖြည့်တင်းကာ ပြန်လည်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
လက်ပံတောင်းတောင်ပင်မသပိတ်မှ ဦးမင်းမင်းက “အခု ပိုဆိုးတာက လုပ်ငန်းလည်ပတ်မှုကလည်း ပိုများလာတယ်။ လုပ်သားခေါ်ယူမှု ပိုများသလို လုပ်သားတွေကလည်း ဝင်တာက ပိုများလာတယ်။ ၂၀၂၅ နဲ့ ၂၀၂၆ အခြေအနေမှာတောင်မှ မတူညီဘူးပေါ့လေ။ လုပ်ငန်းလည်ပတ်မှုမှာက နေ့ရောညပါ အခုလည်ပတ်မှုတွေ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်လို့။ လုပ်သားတွေ ခေါ်ယူမှုတွေ ပိုပြီးတော့ များလာတယ်။ နောက်တခုက လုပ်သားတွေဆိုရင် အခု ကျနော်တို့ ပြန်တက်ပြန်သွား ပုံစံမျိုးတောင်မှ လုပ်မဲ့အနေအထားမျိုးမှာ ရှိနေတယ်ပေါ့လေ။ ဝမ်ပေါင်ရဲ့ အနောက်တန်းမှာရှိတဲ့ ယန်စီကုမ္ပဏီပိုင်မှာ မိုင်းဆိုက် ဆိုတာ ရှိတယ်။ အဲဒီမှာဆိုရင် ကျနော်တို့ကျေးရွာက ကျောင်းသူ ကျောင်းသားတွေကို သူတို့ စစ်ကောင်စီကျောင်းကို တက်ခွင့်ပေးတဲ့ ပုံစံမျိုးနဲ့ တက်ရောက်ဖို့ လှုံ့ဆော်ပြီးတော့မှ တက်ရောက်နေတာလည်းရှိတော့ လတ်တလောမှာကတော့ ဝမ်ပေါင်နဲ့ ယန်စီရဲ့ အနေအထားမှာရှိတဲ့ ဖြစ်တည်မှုကတော့ တော်တော်လေးကို ရင်နာစရာ ရင်နင့်စရာနဲ့ ကြေကွဲစရာကောင်းတယ်လို့ပဲ ပြောရမှာပေါ့လေ” လို့ ပြောပါတယ်။
စစ်တပ်ဟာ ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးအနားက ရွာတွေကို အာဏာသိမ်းပြီးတဲ့ ၂၀၂၁ အောက်တိုဘာလက စလို့ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့သလို ၂၀၂၂ ထဲမှာလည်း လယ်ယာမြေတွေကို စီမံကိန်းအတွက်လို့ ဆိုကာ သိမ်းယူခဲ့တာကြောင့် ဒေသခံတွေ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာတော့ ကြေးနီတောင်စီမံကိန်းဟာ အပြည့်အဝ ပြန်လည်ပတ်နေခဲ့တာဖြစ်ပြီး စီမံကိန်းအနီးအနားက ရွာပေါင်း ၁၀ ရွာကိုလည်း ဒရုန်းတွေနဲ့ ပစ်ခတ်တာ၊ စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်ခဲ့ပါတယ်။
အခုနှစ်ထဲမှာတော့ ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က အနီးအနားက ကျေးရွာတွေဆီ စစ်ကြောင်းထိုးတာလောက်ပဲ ပြုလုပ်နေပြီး ဝမ်ပေါင်ကုမ္ပဏီဘက်ကတော့ ဒေသခံတွေကို ခြယ်လှယ်လာတာလို့ သိရပါတယ်။