စစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံခဲ့သည့် အိန္ဒိယဝန်ကြီးချုပ်ကို ဝါရှင်တန်ဒီစီတွင် ဆန္ဒပြ

စစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံခဲ့သည့် အိန္ဒိယဝန်ကြီးချုပ်ကို ဝါရှင်တန်ဒီစီတွင် ဆန္ဒပြ

DVB
SourceDVB

AI Summary

မြန်မာ့အရေးလှုပ်ရှားသူများသည် အိန္ဒိယဝန်ကြီးချုပ်မိုဒီက စစ်အာဏာရှင်မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ခြင်းအား ဝါရှင်တန်ဒီစီရှိ အိန္ဒိယသံရုံးရှေ့တွင် ဇွန် ၄ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။ မင်းအောင်လှိုင်သည် သမ္မတရာထူးယူပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိန္ဒိယအစိုးရ၏ ဖိတ်ခေါ်မှုဖြင့် နယူးဒေလီသို့ သွားရောက်ကာ ဝန်ကြီးချုပ်မိုဒီနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အိန္ဒိယအစိုးရ၏ ရည်ရွယ်ချက်မှာ ဒေသတွင်း တရုတ်လွှမ်းမိုးမှုကို တွန်းကန်ရန်နှင့် ကုလားတန်စီမံကိန်း၊ နယ်စပ်လုံခြုံရေးပြဿနာများအတွက် ညှိနှိုင်းရန်ဖြစ်သော်လည်း၊ ဆန္ဒပြသူများက စစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံခြင်းသည် မှားယွင်းသောနည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့က ဤလုပ်ရပ်သည် အိန္ဒိယ၏ဂုဏ်သိက္ခာကို ကျဆင်းစေပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို မျက်ကွယ်ပြုရာရောက်သည်ဟု ဝေဖန်ခဲ့ကြသည်။ စစ်အာဏာရှင်သည် ၎င်း၏ခရီးစဉ်ကို သံတမန်ရေးရာအောင်မြင်မှုအဖြစ် ဝါဒဖြန့်ရန် ကြိုးစားနေသော်လည်း၊ ဆန္ဒပြသူများက ၎င်းသည် ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု စသည့် မည်သည့်မျက်နှာကိုမှ မကြည့်ဘဲ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။

Photo: သုတချမ်းသာ

စစ်အာဏာရှင်ကို ဖိတ်ခေါ် ထိတွေ့ဆက်ဆံခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ၊ အိန္ဒိယသံရုံးရှေ့မှာ ဒေသစံတော်ချိန် ဇွန် ၄ ရက် မွန်းလွဲပိုင်းက မြန်မာ့အရေးလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။

စစ်အာဏာရှင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးနေရာကို ဖန်တီးရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယအစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့် နယူးဒေလီကိုသွားရောက်ခဲ့ပြီး ဇွန် ၁ ရက်မှာ ဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။

အိန္ဒိယအစိုးရရဲ့လုပ်ရပ်ဟာ ဒေသတွင်းမှာ တရုတ်အစိုးရက တဖက်သတ်လွှမ်းမိုးလာတာကို တွန်းကန်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ စစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတဲ့ နည်းလမ်းကို အသုံးပြုတာကတော့ မှားယွင်းတဲ့နည်းလမ်းဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူတွေက ပြောပါတယ်။

ဝါရှင်တန်ဒီစီမှ မြန်မာ့အရေးဆောင်ရွက်သူ ဦးရင်အေးက “မဟာဗျူဟာကျတဲ့ စီမံကိန်းတွေအားလုံးဟာ မင်းအောင်လှိုင်နဲ့ ဆက်ဆံရုံနဲ့တော့ ဘယ်လိုမှ အဆင်ပြေစရာအ ကြောင်းမရှိဘူးဆိုတာ ကျနော်တို့သတင်းစကားလာပေးတာ၊ တကယ်တမ်း မြေပြင်မှာ ကြည့်လိုက်ရင် အိန္ဒိယနယ်စပ်မှန်သမျှ အကုန်လုံးက ကျနော်တို့ရဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက ထိန်းချုပ်ထားတာလေ။ အောက်ဘက်မှာဆိုရင် AA၊ အထက်ဘက်မှာ ဆိုရင်လည်း ချင်း၊ အပေါ်မှာဆိုလို့ရှိရင်လည်း ကချင်၊ စသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအကုန်လုံးက ထိန်းချုပ်ထားတဲ့နေရာမှာ ဒီ မင်းအောင်လှိုင်ကို ပြန်အသက်သွင်းဖို့ ကြိုးစားတာဟာ တကယ့်မှားယွင်းတဲ့ ပေါ်လစီဖြစ်တယ်ဆိုတာ သိသာအောင် လာတင်ပြတာဖြစ်တယ်။ အိန္ဒိယနိုင်ငံရဲ့ တကယ့်ဂုဏ်သိက္ခာဟာ မစ္စတာမိုဒီရဲ့ မှားယွင်းတဲ့လုပ်ရပ်ကြောင့် လုံးဝကျဆင်းသွားပြီဆိုတာ ကျနော်တို့ လာပြီးတင်ပြတာဖြစ်တယ်” လို့ ပြောပါတယ်။

အထွေထွေရောဂါကုဆရာဝန်ကြီး-ငြိမ်း ဒေါက်တာကျော်စိန်က “မတရားအာဏာယူထားတဲ့ စစ်အစိုးရခေါင်းဆောင် သမ္မတအတုကို ဆက်ဆံပြီးတော့ လက်ခံတာကိုက ဒီမိုကရေစီကို ဆန့်ကျင်ပြီးတော့ လုပ်တဲ့သဘောရှိတယ်။ ဒီမိုကရေစီအင်အားစုကိုလည်း ဘယ်တော့မှ ပြတ်ပြတ်သားသား သူ ထောက်ခံခဲ့ခြင်းမရှိဘူးဆိုတော့ သူက ဒီမိုကရေစီရဲ့စည်းမျဉ်းကို ဆန့်ကျင်ပြီးတော့ အိန္ဒိယနိုင်ငံကို အုပ်ချုပ်နေတဲ့ သဘောရှိတယ်” လို့ ပြောပါတယ်။

အိန္ဒိယအစိုးရက အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံဆက်သွယ်မဲ့ ကုလားတန်ဘက်စုံ ကုန်သွယ်ရေးလမ်းစီမံကိန်းကို ပြန်အသက်သွင်းဖို့၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေနဲ့ လုံခြုံရေးပြဿနာတွေကို ထိန်းကျောင်းဖို့ စတဲ့ရည်ရွယ်ချက်တွေအတွက်  စစ်ခေါင်းဆောင်နဲ့ ညှိနှိုင်းဖို့ ကြိုးစားခဲ့တာပါ။

တဖက်မှာတော့ အိန္ဒိယအစိုးရရဲ့ လုပ်ရပ်ဟာ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကို မျက်ကွယ်ပြုရာရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့အရေးဆောင်ရွက်သူ ဒေါက်တာထွန်းဝေက “အပြစ်မဲ့ပြည်သူ ၈,၀၀၀ ကျော်ကို သတ်ထားတဲ့လက်၊ အဲ့ဒီလက်ကို ဘာကြောင့်လက်ဆွဲနှုတ်ဆက်တာလဲ၊ ကျနော်တို့လာပြီးတော့ မိုဒီကို ဆန္ဒထုတ်ဖော်တယ်။ မိုဒီအပြင် အိန္ဒိယအစိုးရတဖွဲ့လုံးကို ကျနေတို့ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်တယ်။ ကျနော်တို့မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ပါ။ ကျနော်တို့ရဲ့ ဦးဆောင်ကောင် စီဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စကားပြောပါ” လို့ ပြောပါတယ်။

စစ်အာဏာရှင်ဟာ အိန္ဒိယခရီးစဉ်မှာ ဗုဒ္ဓဂါယာလို ဘာသာရေး အထွတ်အမြတ်နေရာတွေကိုပါ သွားရောက်ခဲ့ပြီး သူ့ရဲ့ သံတမန်ရေးရာဆောင်ရွက်ချက် အောင်မြင်ကြောင်း ဝါဒဖြန့်ဖို့ ကြိုးစားခဲ့ပါတယ်။

လက်တွေ့မှာတော့ စစ်အာဏာရှင်ဟာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူသားချင်းစာနာမှု စတဲ့ ဘယ်မျက်နှာကိုမှ မကြည့်ဘဲ အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်ခဲ့တာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရဟန်းတပါးက “လူသတ်ကောင် မင်းအောင်လှိုင်ကို အားပေးခြင်းဟာ သံဃာတော်တွေကို စော်ကားတာဖြစ်သလို မြတ်စွာဗုဒ္ဓရဲ့ နေရာဒေသကိုလည်း စော်ကားတာဖြစ်တယ်။ မဇ္ဈိမဒေသဆိုတာ နောင်ဘုရားတွေ အဆက်ဆက်ပွင့်မဲ့ နေရာဖြစ်တယ်။ မစ္စတာမိုဒီအနေနဲ့က ဗုဒ္ဓဘာသာအပေါ် ဘာသာချင်း၊ ဟိန္ဒူဘာသာအပေါ် ဘာသာချင်းလေးစားတဲ့အနေနဲ့ ဒီလိုမိစ္ဆာကောင်ကို ဆက်ဆံနေတာ ဘုန်းကြီးတို့အနေနဲ့က လုံးဝ လုံးဝ လက်မခံပါဘူး၊ လုံးဝ ပယ်ဖျက်ပေးပါရန် မိုဒီကို ဒီကနေ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။

မြန်မာ့အရေးဆောင်ရွက်သူ ဒေါ်နီနီဝေက “လူသတ်သမားမင်းအောင်လှိုင်ကို ဖိတ်ရတာ ကျမတော့ နားမလည်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် သူဟာ အမျိုးသမီးငယ်တွေ လူမမည်ကလေးတွေကို မညှာမတာ ဗုံးတွေနဲ့ကြဲတယ်၊ လက်နက်အားကိုးနဲ့ သတ်ဖြတ်တဲ့ လူကိုဖိတ်တဲ့အတွက် အရမ်းအံ့ဩမိပါတယ်။ ပြီးတော့ လူသတ်တဲ့လက်နဲ့ မိုဒီဟာ လက်ဆွဲနှုတ်ဆက်တဲ့အတွက် ကျမတို့ ရှုတ်ချပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ရယူနိုင်ရေး၊  ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို ဆက်အကောင်အထည်ဖော်ရေး၊ နယ်စပ်က ကသည်း၊ နာဂသူပုန်တွေကို နှိမ်နင်းရေးတို့ကို အိန္ဒိယက အလိုရှိနေတာဖြစ်ပါတယ်။

အလားတူပဲ စစ်အာဏာရှင်က စစ်ကိုင်း၊ ချင်း၊ ရခိုင်ပြည်နယ်တို့က တော်လှန်ရေးအစုအဖွဲ့တွေကို ရှင်းလင်းရာမှာ အိန္ဒိယအစိုးရက အကူအညီပေးဖို့နဲ့ သူတို့ကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုရေးကို လိုလားနေတာပါ။

မင်းအောင်လှိုင်ဟာ တရုတ်အစိုးရရဲ့ အကူအညီကြောင့် ဆက်လက်ရပ်တည်နိုင်တာဖြစ်ပေမဲ့ သမ္မတရာထူးကို ဖန်တီးရယူပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် တရုတ်ရဲ့ပြိုင်ဘက် အိန္ဒိယနိုင်ငံကို သွားခဲ့တာပါ။

ဒီလုပ်ရပ်ဟာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှား တို့အားလုံးနဲ့ တပြိုင်တည်းမှာ အပေးအယူ တန်ဖိုးနှုန်းထားကို ကစားဖို့ ခြေလှမ်းပြင်တာလို့ လေ့လာသူတွေက မှတ်ချက်ပေးထားပါတယ်။

သုတချမ်းသာ

ဆက်စပ်သတင်းများ

AI Curated
စစ်အာဏာရှင်နှင့် ထိတွေ့ဆက်ဆံခဲ့သည့် အိန္ဒိယဝန်ကြီးချုပ်ကို ဝါရှင်တန်ဒီစီတွင် ဆန္ဒပြ | YGN Daily