သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး
environment||4 MIN READ

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

AI Summary

သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေနှင့် အင်းလေးဒေသတို့တွင် ဇွန်လအစောပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါသဘာဝဘေးအန္တရာယ်သည် ရာသီဥတုဖောက်ပြန်မှုနှင့် သယံဇာတစီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ နေအိမ်များ၊ အုတ်တံတိုင်းများနှင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသဖြင့် တောင်သူများမှာ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် သီးနှံဈေးနှုန်းများ ကျဆင်းနေခြင်းနှင့်အတူ ဒေသခံများမှာ စီးပွားရေးအရ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ အချို့သော ဒေသခံများမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရပြီး ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင် ရေမြင့်တက်လာကာ နေအိမ်နှင့် စိုက်ခင်းထဲသို့ ရေဝင်ရောက်ခဲ့ကြောင်း ဒေသခံများပြောသည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်လေးလုံးလမ်းမကြီးတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်များ သွားလာရန် ခက်ခဲသဖြင့်  ခရီးသွားပြည်သူများသည် ရေကျသည့်အထိ စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

“မိုးတွေရက်ဆက်ရွာရင် တောင်ကြီးက အမှိုက်တွေအကုန် အေးသာယာ၊ ညောင်ရွှေဘက် စီးဆင်းလာတယ်။ ရေစီးသန်တော့ လူတွေပါ ရေစီးနဲ့ မျှေပါမသွားအောင် ဂရုစိုက်နေရတဘ်။ တချို့အိမ်တွေဆို အုတ်တံတိုင်းတွေပါပြိုကျကုန်တယ်။ တောင်လေးလုံး ရေကြီးလို့ ဆိုင်ကယ်တောင် မမောင်းရဲခဲ့ဘူး။”ဟု တောင်င်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ အင်းလေးဒေသတွင်လည်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် စပါးခင်း၊ ပြောင်းခင်း၊ ငရုပ်ခင်းနှင့် ခရမ်းချဉ်ခင်းများ ရေနစ်မြုပ်ပျက်စီးခဲ့ပြီး ရေမြင့်တက်လာသဖြင့် ဒေသခံအချို့နေရာ ရွှေ့ပြောင်းနေထိုင်ရကြောင်း  အင်းလေးဒေသခံများက ပြောသည်။

ဆက်လက်ပြီး ဟိုပုံးမြို့နယ်တွင်လည်း မိုးရက်ဆက်ရွာသွန်းမှုကြောင့် နေအိမ်များအတွင်းရေဝင်ရောက်ကာ စိုက်ပျိုးထားသည့်  ပြောင်းခင်းများနှင့် ငရုတ်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။​

“အရင်က မဲနယ်တောင်ဘက်မှာပဲ ရေကြီးမြေပြိုတာ အခုက ဟိုပုံးမြို့ပေါ် ရပ်ကွက်အထိပါ ရေတွေဝင်လာတာ၊ တချို့အိမ်ဆိုရင် အုတ်တံတိုင်းတွေပြိုကုန်တာ လမ်းတစ်လျှောက်လုံးလည်း ရေတွေပဲ စိုက်ထားတဲ့ ပြောင်းတို့ ငရုတ်ခင်းတို့ဆို ရစရာမရှိတော့ဘူး။ ရင်းထားသမျှအကုန် ရှုံးပြီဒီနှစ်တော့ ၊မိုးရာသီရေကြီးတယ်။ နွေဆိုရင် ပူလွန်းလို့ အပင်သေတယ် လုပ်စားရတာ မလွယ်ဘူး။”ဟု ဟိုပုံးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲလာခြင်းသည် သဘာဝသယံဇာတများကို စနစ်တကျ စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် အလွန်အကျွံထုတ်ယူအသုံးပြုမှုများကြောင့်  ဖြစ်နိုင်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ပြီးခဲ့သည့် မေလ တတိယပတ်တွင်လည်း ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် ပြောင်း၊ခရမ်းချဉ် နှင့် ဂေါ်ဖီထုတ်စိုက်ခင်းများရေနစ်မြုပ်သွားခဲ့ပြီး တောင်သူများအရှုံးပေါ်ခဲ့ရသည်။

ယခုလက်ရှိသျှမ်းတောင်တွင် ရေကြီးရေလျှံမှုကြားမှ  ကုန်စိမ်းသီးနှံများဖြစ်သည့် အာလူးတစ်ပိဿ ငွေကျပ် တစ်ထောင်၊ ခရမ်းချဉ်သီးတစ်ပိဿလျှင့် ကျပ်(၄၀၀)နှင့် ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ကျပ် (၃၀၀)အထိ ဈေးကျဆင်းနေပြီး တောင်သူများအရှုံးဖြင့် ရင်ဆိုင်နေရသည်။

The post သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး appeared first on သျှမ်းသံတော်ဆင့်.

ဆက်စပ်သတင်းများ

AI Curated
သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး | YGN Daily