ဒေါ်ဇင်မာအောင်အပါအဝင် SCEF အဖွဲ့ ဗန်ကူးဗားရောက် မြန်မာအသိုက်အဝန်းနှင့် တွေ့ဆုံ၊ တော်လှန်ရေးအတွက် သွေးမအေးကြရန် တိုက်တွန်း

ဒေါ်ဇင်မာအောင်အပါအဝင် SCEF အဖွဲ့ ဗန်ကူးဗားရောက် မြန်မာအသိုက်အဝန်းနှင့် တွေ့ဆုံ၊ တော်လှန်ရေးအတွက် သွေးမအေးကြရန် တိုက်တွန်း

DVB
SourceDVB

AI Summary

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်များသည် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၌ မြန်မာပြည်သူများနှင့် တွေ့ဆုံကာ တော်လှန်ရေးအတွက် သွေးမအေးကြရန် တိုက်တွန်းခဲ့သည်။ ၎င်းတို့သည် ကနေဒါအစိုးရ၊ လွှတ်တော်အမတ်များနှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ကနေဒါ၏ နိုင်ငံခြားရေးမူဝါဒတွင် ဦးစားပေးအဖြစ် ထားရှိရန်နှင့် အကူအညီများ ဆက်လက်ပေးအပ်ရန် တိုက်တွန်းခဲ့သည်။ ဤခရီးစဉ်သည် ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသားများအကြား နွေဦးတော်လှန်ရေးစိတ်ဓာတ်ကို ပြန်လည်နိုးကြားစေရန်နှင့် SCEF ၏ အရေးပါမှုကို ရှင်းလင်းရန် ရည်ရွယ်သည်။ SCEF အဖွဲ့ဝင်များသည် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြည်သူများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ "Proof of Life" လှုပ်ရှားမှုနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုလည်း တောင်းဆိုခဲ့သည်။ ကနေဒါအစိုးရအတွက် မြန်မာ့အရေးသည် ထိပ်တန်းဦးစားပေးမဟုတ်သော်လည်း စစ်အုပ်စုကို ပိတ်ဆို့ဒဏ်ခတ်မှုများ ပိုမိုလုပ်ဆောင်ရန်နှင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန် ကနေဒါရောက်မြန်မာများကို ပိုမိုလုပ်ဆောင်ပေးကြရန် တိုက်တွန်းခဲ့သည်။ ဤခရီးစဉ်သည် SCEF အဖွဲ့၏ ကနေဒါသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပြည်ပရောက် မြန်မာပြည်သူလူထုနှင့် လူကိုယ်တိုင် ပထမဆုံးတွေ့ဆုံခြင်းလည်းဖြစ်သည်။ ပွဲစီစဉ်သူများက ဤတွေ့ဆုံမှုသည် နွေဦးတော်လှန်ရေးအတွက် အကျိုးရှိပြီး ကနေဒါရောက် မြန်မာလူငယ်များ ပါဝင်လာရေးအတွက် အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။

Photo: Peter Aung-DVB

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်တွေဟာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ဒေသစံတော်ချိန် ဇွန် ၆ ရက် နေ့လယ်ပိုင်းက   မြန်မာပြည်သူတွေနဲ့ တွေ့ဆုံကာ ပြည်သူ့စကားဝိုင်း (Town Hall) ကျင်းပခဲ့ပြီး တော်လှန်ရေးအတွက် သွေးမအေးကြဖို့ တိုက်တွန်းပြောပါတယ်။

SCEF အတွင်းရေးမှူး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ SCEF အမှုဆောင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က နန်းနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနင်မ်ရော့ဒ်တို့က ကနေဒါမှာရောက် မြန်မာပြည်ဖွားတိုင်းရင်းသားတွေနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်း ပြောဆိုခဲ့တာပါ။

ဒေါ်ဇင်မာအောင်က “ကျမတို့ ပြန်မြင်ကြည့်ရအောင်၊ ဒီတော်လှန်ရေး ၅ နှစ် ၆ နှစ်လောက်အတွင်း ကျမတို့ ဘယ်လောက် ဖြတ်သန်းခဲ့ကြသလဲ၊ အဲအချိန်အခါတုန်းက ကျမတို့ရဲ့ တက်ကြွမှုတွေ ၊ အဲဒီတုန်းက အင်မတန်လည်း သွေးပူနေကြတဲ့ အခြေအနေမျိုးပေါ့လေ၊  အခုအချိန်မှာ ကျမတို့  အဲဒါမျိုး နောက်တလှိုင်းထပ်ပြီးတော့ ဒီပြည်ပရောက် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေကြားထဲမှာ လည်း အဲဒီအချိန်တုန်းက သွေးပူမှုမျိုးလို့ ပြန်နွှေးကြဖို့ လိုတယ်လို့တော့ မြင်တယ်။ အခုကျမတို့ SCEF ရဲ့ ခရီးစဉ်ဟာလည်း ဒါလည်းဖြစ်တယ် ”လို့ ပြောပါတယ်။

SCEF ကောင်စီ အလုပ်အမှုဆောင် နန်းနယ်ပလိုက “တော်လှန်ရေးက နွေဦးတော်လှန်ရေးမှာ စတာ တကျော့ရှိတယ်၊ အဲဒီမတိုင်ခင်မှာ အဲဒီထက်စောပြီး အနှစ် ၇၀ လောက်မှာစတဲ့ တော်လှန်ရေးရှိတယ်။  တောက်လျှောက်က ကျနော်တို့က ဆက်ပြီးတော့ တော်လှန်ရမှာပဲ။ ကျနော်တို့ တော်လှန်ရေးရည်မှန်းချက် ပန်းတိုင်ကို မရောက်မချင်း ဒီစစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းတဲ့အထိ ကျနော်တို့ မတိုက်နိုင်မချင်း ကျနော်တို့ သွေးအေးလို့မရဘူး။ သွေးမအေးတဲ့ အတွက်ကြောင့် တော်လှန်ရေးမှာ ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေလည်း အကြံဉာဏ်တွေ နည်းလမ်းတွေရှာပြီး ဦးဆောင်နေကြတယ်။ ဒီအထဲမှာ SCEF အဖွဲ့က ပေါ်လာတာဖြစ်တယ်”လို့ ပြောပါတယ်။

SCEF အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်းက ကနေဒါနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပြီး ကနေဒါအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကနေဒါလွှတ်တော်အမတ်တွေအပြင် ကနေဒါမြို့တော် အိုတာဝါ၊ အွန်တေရီယိုပြည်နယ်ရှိ လန်ဒန်မြို့၊ တိုရန်တို့မြို့နဲ့ ဗြိတိသျှကိုလံဘီယာပြည်နယ် ဗန်ကူးဗားမြို့က မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေနဲ့ တွေ့ဆုံပြီး နွေဦးတော်လှန်ရေး အောင်မြင်နိုင်ရေးနဲ့  SCEF ရဲ့အရေးပါမှုတွေကို  ရှင်းလင်းပြောဆိုပါတယ်။

ဒေါ်ဇင်မာအောင်က “ကျမတို့ ရည်ရွက်ချက် ၃ ရပ်မှာ ၁ အချက်က ကနေဒါအစိုးရ၊ လွှတ်တော်၊ သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒတွေ။ နောက်ပြီးတော့ မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီတွေမှာ ဆက်လက်ပြီးတော့ ထိန်းသိမ်းထားနိုင်ဖို့၊ ကနေဒါအစိုးရအနေနဲ့ရော၊ လွှတ်တော် အနေနဲ့ရော၊ မြန်မာ့အရေးကို သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒထဲမှာ ဦးစားပေးအနေနဲ့ရှိနေဖို့၊ ထိပ်ဆုံးမှာရှိချင်မှရှိမယ်၊ ဒါပေမဲ့  ဦးစားပေးစာရင်းထဲမှာ ရှိနိုင်သမျှရှိအောင်လို့ ကျမတို့ ဆောင်ရွက်နိုင်ခဲ့တယ်လို့ထင်တယ်။ ဒီခရီးစဉ်ပြီးသွားရင် ပြီးသွားမှာမဟုတ်ဘူး။ ကျမတို့ နောက်ဆက်တွဲလုပ်ရမဲ့ အလုပ်တွေရှိပါတယ်။ ဒီ ကနေဒါမှာရှိတဲ့ NUG ရဲ့ သမ္မတရုံး အကြံပေးကလည်း ဆက်လက်ပြီး လုပ်သွားမှာဖြစ်သလို၊ ကျမတို့ ပြည်နယ် ၃ ခုလောက်မှာ တွေ့ဆုံခဲ့ရတဲ့ မြန်မာ Diaspora တွေနဲ့လည်း တွေ့ဆုံမှုတွေကနေ ဆက်ပြီး ထိတွေ့ဆောင်ရွက် သွားဖို့လည်းရှိနေတယ်။ နောက် SCEF က ဘာကြောင့် ပေါ်ပေါက်လာလဲ၊ မြန်မာနိုင်ငံရဲ့ အခု တော်လှန်ရေး ၅ နှစ်ကာလမှာ  ကျမတို့တော်လှန်ရေး ဘက်ခြမ်းက နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှု တခုအနေနဲ့လည်းပဲ ကနေဒါလွှတ်တော်၊ အစိုးရ၊ နောက် ကနေဒါမှာ ရောက်နေတဲ့ ပြည်သူလူထုကို မိတ်ဆက်နိုင်ခဲ့တယ်၊ သတင်းစကားပေးနိုင်ခဲ့ပါတယ်”လို့ DVB ကို ပြောပါတယ်။

ကနေဒါအစိုးရအတွက်တော့ မြန်မာ့အရေးဟာ ဦးစားပေးမဟုတ်တဲ့အတွက် မြန်မာပြည်အရေးကိုလည်း ကနေဒါအစိုးရ စိတ်ဝင်စားအောင်၊ စစ်အုပ်စုကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပိုလုပ်လာအောင်နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုပေးလာအောင် နည်းလမ်းပေါင်းစုံနဲ့ ပိုမို လုပ်ဆောင်ပေးကြဖို့  SCEF အဖွဲ့ဝင်  KNU ရဲ့ နိုင်ငံခြားရေးဌာန အတွင်းရေးမှူးစောနင်မ်ရော့ဒ်က ကနေဒါရောက်မြန်မာတွေကို တိုက်တွန်းပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောပါရစေ ကနေဒါအစိုးရအတွက် အရေးကြီးတာက ယူကရိန်းတို့၊ အခုအရှေ့အလယ်ပိုင်းတို့  တခြားကိစ္စတွေပဲ အရေးကြီးနေတယ် ။ ကျနော်တို့ မြန်မာအတွက်တော့ တကယ့်ထိပ်တန်းဦးစားပေးမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့ မြန်မာပြည်အရေးကိုလည်း ကနေဒါအစိုးရ စိတ်ဝင်စားအောင် ကျနော်တို့ ဘယ်လိုလုပ်နိုင်မလဲပေါ့။”

SCEF နဲ့ မြန်မာပြည်သူတွေဆုံတဲ့ ပြည်သူ့စကားဝိုင်း (Town Hall)မှာ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှုတွေ၊ လုပ်ငန်းစဥ်တွေ၊ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး စတာတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့  မေးမြန်းချက်တွေကိုလည်း SCEF အဖွဲ့ဝင်တွေက ဖြေကြားသွားပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုနဲ့ ဖမ်းဆီး အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလည်း တောင်းဆိုခဲ့ပါတယ်။

ဗန်ကူးဗားမြို့ ၊ ဘန်နာဘီမြို့နယ်ရှိ  Executive Suites ဟိုတယ်မှာ ကျင်းပတဲ့  ဒီပွဲကိုတော့ Burmese Canadian Society of B.C အဖွဲ့က စီစဉ်ပြုလုပ်တာဖြစ်ပြီး အလှူရှင်တွေနဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေက  ကူညီပံ့ပို့ပေးခဲ့ကြတာဖြစ်ပါတယ်။  SCEF ကိုယ်စားလှယ်တွေရဲ့ ကနေဒါခရီးစဉ်ဟာ  နွေဦးတော်လှန်ရေးအတွက် အကျိုးရှိတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Burmese Canadian Society of B.C မှ ဦးမင်းနိုင်က  “အခု ဒေါ်ဇင်မာအောင်အပါအဝင် SCEF ကိုယ်စားလှယ်တွေ ကနေဒါကိုလာတဲ့ အနေအထားမှာ၊ တကယ့်တကယ် နွေဦးတော်လှန်ရေးမှာ ဦးဆောင်နေတဲ့ အဖွဲ့တွေဟာ တကယ်အလုပ်လုပ်နေတယ် ဆိုတာကိုပြသရာလည်းရောက်တယ်။  နောက်တချက်က ကနေဒါမှာ ရှိနေတဲ့ မြန်မာတွေအတွက်ကျတော့  ၅ နှစ်လုံးလုံးပေါ့နော် ဒီမှာ လှုပ်ရှားမှုတွေလုပ်ကြတယ်၊ နိုင်ငံရေးလုပ်တာနဲ့၊ ရန်ပုံငွေ ဈေးရောင်းပွဲတွေ လုပ်ကြတယ်။ ပင်ပန်းနေကြတဲ့အချိန်မှာ ဘယ်သူနဲ့မှ ထိတွေ့မှုမရှိဘူးပေါ့နော်။ ဒါက ဒုတိယအကြိမ်၊ ပထမတုန်း ကတော့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းလာတယ်။ အခုတကြိမ်မှာလည်း   ဒေါ်ဇင်မာအောင်အပါအဝင် SCEF ကိုယ်စားလှယ်  ၂ ယောက်ပါ ပါလာတဲ့အတွက် အင်အားဖြ စ်စေတယ်။ အထူးသဖြင့် လူငယ်တွေ ဘယ်လိုပါဝင်လာရမလဲဆိုတာကိုပါ ဆွေးနွေးသွားတဲ့အတွက်  အထောက်အကူ အများကြီး ဖြစ်စေတယ်။ နွေဦးတော်လှန်ရေးအတွက် အများကြီး အကျိုးဖြစ်စေပါတယ်”လို့ DVB ကို ပြောပါတယ်။

အခု SCEF ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ ကနေဒါနိုင်ငံကို ပထမဆုံးအကြိမ်လာရောက်တဲ့ခရီးစဉ်ဖြစ်သလို  SCEF အဖွဲ့အနေနဲ့ ပြည်ပမှာ ပထမဆုံး မြန်မာပြည်သူလူထုနဲ့ လူကိုယ်တိုင် တွေ့ဆုံတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု‌ကော်မတီ (CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က စတင်ဖွဲ့စည်းခဲ့တာပါ။

SCEF အဖွဲ့ဟာ တော်လှန်ရေးအတွက် ပိုမိုအားကောင်းတဲ့ စုဖွဲ့မှုဖြစ်တဲ့အကြောင်းနဲ့ SCEF အဖွဲ့မှာ တခြားကျန်တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်လာနိုင်ဖို့ အမြဲတမ်း လမ်းဖွင့်ထားပြီး ပြည်နယ်ဖက်ဒရယ်ယူနစ်အစုအဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေတယ်လို့ SCEF ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

AI Curated