
AI Summary
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တိုက်ပွဲများ ပြင်းထန်လာသောကြောင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အရေးကြီးစာရွက်စာတမ်းများကို ရန်ကုန်သို့ ပြောင်းရွှေ့ထားရသည်။ အာရက္ခတပ်တော် (AA) က စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်နှင့် ရွှေမင်းဂံ ရေတပ်စခန်းဌာနချုပ်တို့ကို နေ့စဉ်ရက်ဆက် တိုက်ခိုက်နေခြင်းကြောင့် စစ်ကောင်စီက စိုးရိမ်ပူပန်နေသည်။ စစ်တွေမြို့သည် စစ်ကောင်စီ၏ နောက်ဆုံးခံစစ်မြို့ဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ယာယီ) တပ်စခန်းလည်း ဖွင့်လှစ်ထားရာဖြစ်သည်။ AA က ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး သိမ်းပိုက်ထိန်းချုပ်နိုင်ရန် မျှော်မှန်းချက်တွင် လက်တကမ်းအလိုသာ ရှိတော့ကြောင်း ကြေညာပြီးနောက် စစ်ကောင်စီ၏ စိုးရိမ်မှု ပိုမိုမြင့်တက်လာသည်။ လက်ရှိတွင် AA သည် ရခိုင်ရှိ မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားပြီး ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့များသာ ကျန်ရှိတော့သည်။ စစ်ရေးလေ့လာသူများက စစ်တွေမြို့သည် မကြာမီ ကျဆုံးနိုင်ကြောင်း သုံးသပ်ကြသည်။

စစ်အာဏာရှင်တပ်ရဲ့ နောက်ဆုံးခံစစ်မြို့ဖြစ်တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဌာနဆိုင်ရာဝန်ထမ်းတချို့ကို ရန်ကုန်ပို့ထားရတယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA) က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) နဲ့ ရွှေမင်းဂံ ရေတပ်စခန်းဌာနချုပ်ကို တိုက်ခိုက်လာတာကြောင့် ပြည်နယ် စစ်အာဏာရှင် အစိုးရရုံးကို ခြေဦးမလှည့်ခင် အရေးကြီးစာရွက်စာတမ်းတွေနဲ့ ဝန်ထမ်းတချို့ကို ရန်ကုန်ပို့ထားတာလို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။
“AA က စစ်တွေကို နေ့စဥ်ရက်ဆက်ဆိုသလို တိုက်နေတော့ ဒကစ စစ်တွေနဲ့ ရွှေမင်းဂံ ရေတပ်စခန်းသာကျရင် စစ်တွေမြို့ကျမယ်ဆိုတာ တပ်ကသိနေတော့ ပြည်နယ်အစိုးရရုံးက ဝန်ထမ်းတချို့နဲ့ အရေးကြီးစာရွက်စာတမ်းတွေကို ပို့နေတယ်။ ဘယ်လိုဝန်ထမ်းတွေ ပို့လဲတော့ မသိဘူး။”
ပြည်နယ်အစိုးရရုံး အခြေစိုက်ရာမြို့လည်းဖြစ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ယာယီ) တပ်စခန်း ဖွင့်လှစ်ရာဖြစ်တဲ့ စစ်တွေမြို့ကို စစ်တပ်အနေနဲ့ လက်လွှတ်ဆုံးရှုံးမှာ စိုးရိမ်နေတဲ့အတွက် မေ ၂၅ ရက်က တခြားအဆင့်တွေကို တဆင့်မြင့်ရာထူးတိုးပေးပြီး စစ်တွေပို့ခဲ့ပေမဲ့ စစ်ရေးအရ အရေးနိမ့်နေပါတယ်။
မေ ၂၉ ရက်က အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ် တခုလုံးနီးပါး သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ မျှော်မှန်းချက်မှာ လက်တကမ်းအလိုသာ ရှိတော့တယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က ပိုမိုစိုးရိမ်လာတယ်လို့ စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။
“ရခိုင်မှာ ၃ မြို့နယ်ပဲ ကျန်တော့တယ်။ အဲဒီ ၃ မြို့ကိုပဲ စစ်တပ်မထိန်းနိုင်ဘူး၊ ခံစစ်ပြင်ထားရတယ်။ ကျောက်ဖြူလည်း အတိုက်ခံနေရတော့ အဲ့မှာရှိတဲ့ ဝန်ထမ်းတွေကို ဧရာဝတီတိုင်းကို ပို့ထားရတယ်။ အခု စစ်တွေက ဝန်ထမ်းတွေ ရန်ကုန်ကို ထပ်ပို့တယ်ဆိုတော့ အနှေးနဲ့အမြန် စစ်တွေက ကျမှာပဲ။ စစ်တပ်အမြင်မှာ AA က အမြဲခြောက်လှန့်ခံနေတဲ့ တစ္ဆေလို ဖြစ်နေပြီ။”
အာရက္ခတပ်တော် (AA) ဟာ ရခိုင်မှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်ကလွဲပြီး ကျန်မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားပါတယ်။