
AI Summary
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီးကျေးရွာတို့ကို ဇွန် ၂ ရက်နှင့် ၄ ရက်နေ့များတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၅ ဦးထက်မနည်း ကျဆုံးခဲ့ပြီး အချို့ဒဏ်ရာရရှိခဲ့သည်။ ရန်သူ့ဘက်မှ စစ်သား၊ ရဲနှင့် ပျူစောထီး ၃၀ ကျော် သေဆုံးကာ ၆၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ၆ ဦး လက်နက်ချခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များသည် လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄ လက်နှင့် ကျည်မျိုးစုံ ၃,၄၆၅ တောင့်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများစွာကို သိမ်းဆည်းရရှိခဲ့သည်။ ကျေးရွာနေပြည်သူ ၂၄၆ ဦးကိုလည်း ထိန်းသိမ်းထားပြီး ဖမ်းဆီးရမိသူအားလုံးကို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်ထားကြောင်း မကွေးတိုင်း ပကဖ က ထုတ်ပြန်သည်။ လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက မပေါက်ကွဲသေးသော ဗုံးများကြောင့် ပြည်သူများ အန္တရာယ်မဖြစ်စေရန် နယ်မြေရှင်းလင်းရေးနှင့် ထွက်ပြေးသူများကို လိုက်လံပိတ်ဆို့ဖမ်းဆီးခြင်းများ ဆောင်ရွက်နေသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ရေပြာရဲစခန်းနဲ့ ကုက္ကိုစု ပျူစောထီးကျေးရွာကို ဇွန် ၂ ရက်နဲ့ ၄ ရက်နေ့တွေမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော် ၅ ယောက်ထက် မနည်း ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ရေပြာရဲစခန်းတိုက်ပွဲမှာ တယောက်ကျပြီးတော့ ကုက္ကိုစုတိုက်ပွဲမှာက ကျဆုံးရဲဘော် ၄ ယောက် ရှိခဲ့တယ်။ ကုက္ကိုစုတိုက်ပွဲမှာ ဟိုဘက်ဒီဘက် စပြီးပစ်ခတ်တော့ ဟိုဘက်ကပစ်လိုက်တဲ့ G3 ကျည်ထိပြီး တယောက်ကျတယ်။ နောက်ရဲဘော်တယောက်ကတော့ ကုက္ကိုရွာထဲကို ရောက်တော့မှ ပျူစောထီး အမျိုးသမီးတယောက်က တည့်တည့်ပစ်လိုက်လို့ ကျသွားတာ။ နောက်ထပ် ရဲဘော်တယောက် ကလည်း Y12 ကကြဲတဲ့ဗုံး ထိတာ” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် အများစုဟာ ပေါက် ပကဖနဲ့ မကွေး PDF တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ဒဏ်ရာမပြင်းထန်တဲ့ ရဲဘော်တချို့လည်း ရှိပါတယ်။
လက်ရှိအချိန်မှာတော့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြပါတယ်။
ABSDF Column 3 ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ရဲဘော်ပြည့်ဖြိုးကျော်က “တိုက်ပွဲထဲမှာ ရန်သူ့ဘက်က လေကြောင်းပစ်ကူတွေက ဗုံးအလုံး ၃၀၀ နီးပါး ကြဲတာတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့လို့ မပေါက်ကွဲသေးတဲ့ဗုံးတွေ ကျန်နေလို့ ပေါက်ကွဲရင် ပြည်သူတွေ အန္တရာယ်မဖြစ်အောင် နယ်မြေရှင်းလင်းရေးတွေလည်း လုပ်နေရတယ်။ နောက်ပြီးတော့လည်း အဲဒီ ရေပြာရဲစခန်းနဲ့ ကုက္ကိုစုပျူရွာတွေကနေ ထွက်ပြေးနေသူတွေကိုလည်း လိုက်ပိတ်ဆို့ ဖမ်းဆီးနေရတယ်” လို့ ပြောပါတယ်။
အဆိုပါ ရေပြာရဲစခန်းနဲ့ ကုက္ကိုစုပျူစောထီးကျေးရွာတွေကို Operation 9 အမည်နဲ့ စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်သား၊ ရဲနဲ့ ပျူစောထီး အလောင်း ၃၀ ကျော် ရရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်သုံ့ပန်းတွေအဖြစ် ရဲနဲ့ ပျူစောထီး ၆၅ ယောက်၊ လက်နက်ချ အလင်းဝင်သူ ၆ ယောက်၊ ကျေးရွာနေ ပြည်သူ ၂၄၆ ယောက်ကို ထိန်းသိမ်းနိုင်ခဲ့ကာ လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄ လက်၊ ကျည်မျိုးစုံ ၃,၄၆၅ တောင့်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း တော်လှန်ရေးတပ်က ရရှိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ ပြည်သူတွေနဲ့ စစ်သုံ့ပန်းတွေကို လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့လည်း မကွေးတိုင်း ပကဖ က ဇွန် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။