ဗန်းမော်ကို တပ်ကူပို့နိုင်ရေး စစ်ကြောင်းခွဲ ထိုးစစ်ဆင်နေသဖြင့် ရွှေကူမြို့ပြင်၌ တိုက်ပွဲဖြစ်ပွား
politics||5 MIN READ

ဗန်းမော်ကို တပ်ကူပို့နိုင်ရေး စစ်ကြောင်းခွဲ ထိုးစစ်ဆင်နေသဖြင့် ရွှေကူမြို့ပြင်၌ တိုက်ပွဲဖြစ်ပွား

DVB
SourceDVB
Back to News

AI Summary

စစ်ကောင်စီတပ်သည် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ကုန်းလမ်းနှင့် ရေလမ်းကြောင်းများ ပွင့်စေရန်အတွက် မေလဆန်းပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ရွှေကူမြို့ပြင်နှင့် တော်လှန်ရွာဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ အဆိုပါ ထိုးစစ်ကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး KIA ကလည်း အချို့သော လမ်းပိုင်းများကို သွားလာခွင့် ပိတ်ပင်ထားသည်။ စစ်ကောင်စီတပ်သည် အကျအဆုံးများပြားသော်လည်း လေကြောင်းပစ်ကူများ အသုံးပြု၍ ဆက်လက်ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ရွှေကူမြို့တွင်း၌မူ မြို့ခံအများစုမှာ ပုံမှန်အတိုင်း ဆက်လက်နေထိုင်နေကြသော်လည်း စစ်ရေးအခြေအနေမှာ တင်းမာနေဆဲဖြစ်သည်။ ရွှေကူမြို့နယ်သည် ဆက်သွယ်ရေးအရ အရေးပါသည့် ဆိပ်ကမ်းမြို့ဖြစ်သောကြောင့် စစ်ရေးအရ အဓိကကျသော နေရာတစ်ခု ဖြစ်နေသည်။

ထင်ရှားသော ပြောကြားချက်များ

"ခြုံပြီးမှပြောမယ်ဆိုရင်တော့ သိပ်ပြီးတော့မှ ခရီးပေါက်တာမရှိပါဘူး။"

"KIA ကချင်လွတ်လပ်ရေးတပ်မတော်ကလည်း ဇင်ဘုံသစ်တောကြိုးဝိုင်းကို သူတို့ရဲ့ သတ်ကွင်းဧရိယာအဖြစ် ထားမဲ့ အနေအထားမျိုးလို့တော့ ကျနော်ကတော့မြင်ပါတယ်။"

Photo: DVB

ရွှေကူကနေ ဗန်းမော်မြို့ဆီကို ကုန်းလမ်း၊ ရေလမ်းနဲ့ တပ်ကူပို့နိုင်ရေး စစ်ကောင်စီတပ်က စစ်ကြောင်းတွေခွဲပြီး ထိုးစစ်ဆင်လို့ ရွှေကူမြို့ပြင်နေရာတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။

ဗန်းမော်ဆီ တပ်ကူပို့နိုင်ရေး ကုန်းလမ်း၊ ရေလမ်းပွင့်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစလို့ ငအိုးအခြေစိုက် ခလရ ၁၂၁ ကနေ ရွှေကူမြို့နယ်ထဲကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် ၁ လကျော်အကြာအထိ ရွှေကူ-ငါးအိုးလမ်းအပြင် ရွှေကူမြို့ပြင်မှာရှိတဲ့ လေးလမ်းဆုံ၊ ငါးလမ်းဆုံဝန်းကျင်တွေမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ဇွန်လ တတိယ သီတင်းပတ်မှာတော့ ရွှေကူမြို့နဲ့ ၈ မိုင်ဝန်းကျင်အကွာ စင်းခန်းဘက်အသွားလမ်းပေါ်မှာ တည်ရှိတဲ့ တော်လှန်ရွာအထိ တိုက်ပွဲတွေ ကူးစက်ရောက်ရှိလာတာ ဖြစ်ပါတယ်။

KIO/KIA သတင်းပြန်ကြားရေး ဗိုလ်မှူးကြီးနော်ဘူက “ခြုံပြီးမှပြောမယ်ဆိုရင်တော့ သိပ်ပြီးတော့မှ ခရီးပေါက်တာမရှိပါဘူး။ ငအိုးဘက်ကနေ တက်လာတဲ့ ဒီ ၅ လမ်းဆုံဘက်ကမှာက ရွှေကူဘက်ကနေ ဆင်းပြီးမှ ထိုင်တာရှိတယ်။ ရွှေကူဘက်ကို စစ်ကြောင်းတွေ တန်းဝင်တယ် ဆိုတာကတော့ ခုထက်ထိကတော့ မရှိဘူးခင်ဗျ။ ရွှေကူဘက်ကနေ တောလှန်တို့ နောက် ရွှေကူမြို့ကို မဝင်တဲ့လမ်း ရှိတယ်။ ပြည်သူလူထုတွေလည်း အဲဒီဘက်ကို သွားခိုင်းတာ သွားဖို့ခွင့်ပြုထားတာ။ အဲဒီလမ်းဘက်မှာလည်း သူတို့ ပြန်ထိုးတယ်လို့ ကြားပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေ အသေးစိတ်ကိုတော့ မကြားသိရသေးပါဘူး” လို့ ပြောပါတယ်။

လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၁၁၊ တပ်ရင်း ၁၂ က ရွှေကူမြို့ အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်ပင်ကြောင်းနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့် လမ်းပိုင်းကိုသာ အသုံးပြုဖို့ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ KIA က ပြည်သူတွေကို သွားလာခွင့်ပြုထားတဲ့ အဲဒီလမ်းကြောင်းပေါ်ကိုပါ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး စစ်ရေးသတင်းမြစ်တွေနဲ့ မြို့ခံတွေရဲ့ ပြောပြချက်အရ အကျအဆုံးများလာတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းပစ်ကူသုံးပြီး တော်လှန်ရွာဝန်းကျင်မှာ အထိုင်ချဖို့ ကြိုးစားနေတာကြောင့် အနီးဝန်းကျင်ကျေးရွာက ဒေသခံတွေပါ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူကနေ ဗန်းမော်ကို ကုန်းလမ်း၊ ရေလမ်း အဆက်အသွယ် ဖောက်လိုတာ ဖြစ်ပေမဲ့ တော်လှန်ရွာကနေ စင်းခန်းအထိ မိုင် ၂၀ ကျော်ကွာဝေးပြီး လမ်းပေါ်မှာလည်း လူနေထိုင်တဲ့ ကျေးရွာ သိပ်မရှိတာကြောင့် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်တာကို အပြင်းအထန် ခံရနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ဇင်ယော်က “ဇင်ဘုံကနေ ဟိုဘက်ကို ဆက်တက်မယ် ဆိုရင်‌တော့ အောက်ကနေပါ တက်လာမဲ့ စစ်ရေယာဉ်တွေရော၊ လေကြောင်းတိုက်ခိုက်မှုတွေ ယူပြီးကာမှ တော်တော်လေး ကြိုးကြိုးစားစား ရုန်းကန်ပြီးတော့ သွားရမဲ့အနေအထားမျိုးပဲ။ KIA ကချင်လွတ်တပ်ရေးတပ်မတော်ကလည်း ဇင်ဘုံသစ်တောကြိုးဝိုင်းကို သူတို့ရဲ့ သတ်ကွင်းဧရိယာအဖြစ် ထားမဲ့ အနေအထားမျိုးလို့တော့ ကျနော်ကတော့မြင်ပါတယ်။ စစ်တပ်ဘက်က အောင်မြင်သွားရင်တော့ ရွှေကူ-ဗန်းမော် ကားလမ်းကြောင်းကတော့ ပွင့်သွားနိုင်မယ်။ ဒါပေမဲ့ ဇင်ဘုံသစ်တောကြိုးဝိုင်းထဲမှာပဲ အကြမ်းဖက်တပ်ရဲ့ စစ်ကြောင်းတွေက တော်တော်လေး အထိနာနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ ကျနော်ကတော့ မှန်းဆပါတယ်ဗျ” လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ မိုင် ၃၀ ကျော်ကွာဝေးတဲ့ ငအိုးနဲ့ ရွှေကူအကြား တိုက်ပွဲတွေ ဆက်ရှိနေသလို ဇွန်လ ၁၅ ရက်နေ့မှာတင် တော်လှန်ရွာဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါပေမဲ့ ရွှေကူမြို့တွင်းမှာတော့ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားသလို ပုံမှန်သွားလာနေကြပြီး၊ စစ်ကောင်စီတပ်က အရပ်ဘက်သုံးယာဉ်တွေနဲ့ ဒဏ်ရာရစစ်သည်တွေကို သယ်ယူနေတာမျိုး တွေ့မြင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရွှေကူမြို့ခံ အမျိုးသားတယောက်က “ကျောင်းတွေလည်း ပုံမှန်ဖွင့်တယ်။ ကျန်တဲ့သူတွေလည်း စစ်ရှောင်တွေ အကုန်လုံး ပုံမှန်အတိုင်းပဲ မြို့ထဲမှာက အေးအေးဆေးဆေးပဲ ဒီတိုင်းပဲ သွားနေကြတုန်းပဲ။ ဖြစ်တာက မြို့ပြင်မှာတွေဖြစ်နေတာ။ အခုပဲ စစ်ကားတစီးဖြတ်သွားပြီ ကျနော့်ရှေ့ကနေ။ သူတို့ မြို့ပြင်ကိုသွားမှာ၊ စစ်တပ်ကလည်း ကားတွေက သူတို့ စစ်ကား မသုံးတော့ဘူး။ အိမ်စီးကားတွေ  အာဖတ်နဲ့ သွားတာ။ ဖိုးဝီးကားတွေ အဲဒါတွေနဲ့သုံးတာ။ တခါတလေကျရင် ဒဏ်ရာရရင် မိန်းလမ်းကလည်း တလမ်းပဲ ရှိတာလေ ဒီရွှေကူက။ တလမ်းပဲရှိတော့ ဖြတ်သွားတာပဲ ဝူးဆိုပြီး ကားထဲမှာ ဒဏ်ရာရတဲ့ဟာတွေ လာသယ်သယ်သွားတာ” လို့ ပြောပါတယ်။

လက်ရှိ ရွှေကူမြို့ပေါ်မှာတော့ မြို့ခံ သုံးပုံ နှစ်ပုံကျော်လောက် ဆက်လက်နေထိုင်နေကြဆဲ ဖြစ်ပါတယ်။ ရွှေကူမြို့နယ်ဟာ စစ်ကိုင်း-ကချင်-ရှမ်းကနေ တရုတ်အထိ ဆက်သွယ်နိုင်ပြီး ဆက်သွယ်ရေးအရ အရေးပါတဲ့ ဆိပ်ကမ်းမြို့တခု ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated