
AI Summary
အာဏာသိမ်းစစ်တပ်သည် ရခိုင်ပြည်နယ်၊ တောင်မော်ဦးရေတပ်စခန်း မကျဆုံးရေးအတွက် စစ်ကူများ ထပ်ဖြည့်ကာ ရေတပ်စခန်းပြင်ပသို့ ထွက်၍ အင်အားဖြန့်ခွဲပြီး အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကို ခုခံကာကွယ်နေသည်။ ဇွန်လ ၆ ရက်နေ့က စစ်တပ်၏ ဖြန့်ခွဲထားသော စစ်ကြောင်းတစ်ခုနှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ အကျအဆုံးများခဲ့ပြီး AA က အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။ ယခင်က စနဲမြို့ကို ထိုးစစ်ဆင်ရန် အင်အား ၈၀၀ ခန့်ဖြင့် စတင်ခဲ့သော်လည်း AA ၏ ပြင်းထန်သော ခုခံမှုနှင့် တန်ပြန်ထိုးစစ်ကြောင့် စစ်တပ်သည် တောင်မော်ဦးရေတပ်စခန်းအနီးသို့ နောက်ဆုတ်ခဲ့ရသည်။ လက်ရှိတွင် AA ၏ ထိုးစစ်သည် တောင်မော်ဦးရေတပ်အနီးသို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်တပ်၏ ထိုးစစ်မှာ အခြေအနေမလှ ဖြစ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တိုက်ပွဲများအတွင်း နှစ်ဖက်စလုံးမှ သေဆုံးသူ ရာချီနှင့် ဒဏ်ရာရသူ အလွန်များပြားခဲ့ပြီး ဒဏ်ရာရစစ်သည်များကို ရန်ကုန်သို့ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ပို့ဆောင်နေရကာ ကျောက်ဖြူမြို့ရှိ ခလရ (၃၄) ဆေးရုံတွင် လူနာများ ပြည့်လျှံနေသည်ဟု သိရသည်။
နိရဉ္စရာ ဇွန်၈ /၂၀၂၆
အာဏာသိမ်းစစ်တပ်သည်တောင်မော်ဦးရေတပ်မကျရေးအတွက် စစ်ကူထပ်ဖြည့်ပြီးရေတပ်စခန်းပြင်ပသို့ထွက်ကာ အင်အားဖြန့်ခွဲပြီး အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကို ခုခံကာကွယ်နေသည်ဟု သတင်းရရှိသည်။
ထိုသို့ ဖြန့်ခွဲပြီး ခုခံနေသည့် စစ်ကြောင်း တစ်ခုနှင့် AA တို့ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က အကျအဆုံးများရှိခဲ့သည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသို့ ပြောဆိုသည်။
“ ဇွန်လ ၆ ရက်နေ့ ညနေပိုင်းမှာ အင်အားကျော် ၁၀၀ ကျော်ရောက်လာပြီး ရေတပ်စခန်းပြင်ပသို့ ထွက်ပြီး တပ်ဖြန့်ခွဲပြီး အေအေကိုမနေ့ကစစ်ကြောင်းထွက်ထိုးတယ်။ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တယ်။ မိုးကလည်း အရမ်းရွာတယ်။ အာဏာသိမ်းစစ်တပ်မှအလောင်းအချို့နှင့်လက်နက်ခဲယမ်းများကို AA က သိမ်းဆည်းရမိခဲ့ပါတယ်” ဟုဆိုသည်။
အာဏာသိမ်း မြန်မာစစ်တပ်၏ စစ်ဗျူဟာမှာ ယခင်ကဲ့သို့ အင်အားအများအပြားဖြင့် စခန်းတွင်းက မခုခံတော့ဘဲ တပ်စုလိုက် အင်အားများခွဲကာ တပ်ဖြန့်ပြီး AA ၏ တန်ပြန်ထိုးစစ်ကို ခုခံနေသည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်သည် အင်အား ၈၀၀ ခန့်ကို တောင်မော်ဦးရေတပ်သို့ ပို့ဆောင်ကာ အာရက္ခတပ်တော် ထိန်းချုပ်ထားသော စနဲမြို့အား မေလ ၁၀ ရက်နေ့က စတင်ပြီး ထိုးစစ် ဆင်ခဲ့သော်လည်း အာရက္ခတပ်တော်မှ အပြင်းအထန် ခုခံမှုနှင့်အတူ တန်ပြန်ထိုးစစ်ဆင်ပြီး တိုက်ခိုက်ရာမှ အကျအဆုံးများပြီး တောင်မော်ဦးရေတပ်စခန်းအနီးသို့ နောက်ဆုတ်သွားခဲ့ရသည်ဟူ သိရသည်။
“ အခု စကစ ထိုးစစ်က အခြေအနေမလှ ဖြစ်သွားပါပြီ။ အာရက္ခတပ်တော်ရဲ့ လက်ရှိ ထိုးစစ်က တောင်မော်ဦးရေတပ်အနားထိ ရောက်နေပါပြီ။ ကာကင်းတွေလည်း အကုန်လုံး AA လက်ထဲ ရောက်သွားပါပြီ။ တောင်မော်ဦးရေတပ် မကျရောက်ရေးအတွက် စစ်တပ်က ရေတပ်ပြင်ပကို ထွက်ပြီး ခုခံနေရတဲ့ အဆင့်ကို ရောက်သွားပါပြီ”ဟု ၎င်းစစ်ရေးရင်းမြစ်က ပြောသည်။
တောင်မော်ဦးရေတပ်စခန်းမှစနဲမြို့ကို စစ်ဆင်ရေးလုပ်ရာတွင်အင်အား ၈၀၀ ခန့်ကိုအသုံးပြု ခဲ့သော်လည် နှစ်ဖက်တိုက်ပွဲအတွင် သေဆုံးသူရာချီနှင့်ချီကာဒဏ်ရာသူလည်း အလွန်များပြားသည်ဟုစစ်တပ်နှင့်နီးစပ်သည့်သတင်းရင်းမြစ်များထံက သိရသည်။
" ဒီတိုက်ပွဲမှာလည်း စကစဖက်ကတော့အကျဆုံးလည်းများခဲ့ပါတယ်။အောင်မြင်မှုမရဘူး။ ရာနဲ့ချီပြီးသေတာတွေရှိတယ်။ ဒဏ်ရာရသူတွေလည်းများလည်းများတယ်။တချို့ကို ခလရ ၃၄ ကိုယူခဲ့ပြီးဆေးကုတယ်တချို့ကို လေကြောင်းနဲ့ရေကြောင်းက ရန်ကုန်ကိုယူဆောင်သွားတယ်"ဟုပြောဆိုသည်။
ဒဏ်ရာရစစ်သည်များကို ရန်ကုန်သို့အသုတ်လိုက် ရေကြောင်းနှင့်လေကြောင်းမှတဆင့်ယူဆောင်သွားသော်လည်း ဒဏ်ရာရသူ များပြားနေသဖြင့် ကျောက်ဖြူမြို့ပေါ်ရှိခလရ (၃၄)တပ်ရင်းဆေးရုံ တပ်ဖွဲ့ဝင်လူနာများပြည့်လျှံနေသည်ဟုသိရသည်။