
လူမှုကွန်ရက်တွင် ဝေဖန်ခံနေရသည့် မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံဝန်ထမ်း အရေးယူခံရ - BUR.MIZZIMA.COM
AI Summary
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံဝန်ထမ်းတစ်ဦးက အလောင်းထုတ်ယူမည့် မိသားစုဝင်များကို ဖိအားပေးနေသည့် ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ အဆိုပါဝန်ထမ်းကို ဌာနပြောင်းရွှေ့ အရေးယူလိုက်ကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်သည် မေလ ၃၀ ရက်နေ့က ယာဉ်တိုက်မှုဖြင့် သေဆုံးခဲ့သူ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ထုတ်ယူရန် ကြိုးပမ်းစဉ် ရင်ခွဲရုံဝန်ထမ်းနှင့် လူနာရှင်များအကြား စကားအချေအတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်တွင် ဝန်ထမ်းက စာရွက်စာတမ်းမပြည့်စုံမှုကြောင့် အလောင်းမထုတ်ပေးနိုင်ကြောင်း ပြောဆိုနေသည်ကို တွေ့ရပြီး၊ လူမှုကွန်ရက်တွင် ရင်ခွဲရုံများ၏ လူနာရှင်များအပေါ် ဆက်ဆံမှုနှင့် ငွေကြေးတောင်းခံမှုများအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့သည်။ အလားတူဖြစ်စဉ်များတွင် ငွေပေးနိုင်ပါက စာရွက်စာတမ်းမပြည့်စုံသော်လည်း အလောင်းထုတ်ယူနိုင်ကြောင်း ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် မိသားစုနှင့် လူမှုကူညီရေးအသင်းတို့က စာရွက်စာတမ်းများ ပြည့်စုံအောင် ဆောင်ရွက်ပြီးနောက် အလောင်းကို ထုတ်ယူနိုင်ခဲ့သည်။ မြောက်ဥက္ကလာပဆေးရုံ ဒုတိယဆေးရုံအုပ်အဖွဲ့နှင့် လူမှုကူညီရေးအသင်းများအကြား ယနေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အပြုသဘောဆောင်ခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံဝန်ထမ်းနှင့် လူနာရှင်များအကြား အလောင်းထုတ်ယူသည့်ကိစ္စနှင့် ပတ်သက်၍ စကားပြောဆိုနေကြသည့် ဗီဒီယိုဖိုင်မှ။ အလောင်းထုတ်ယူမည့် မိသားစုဝင်များအား ပုံစံမျိုးစုံဖြင့် ဖိအားပေးနေသည့် ဗီဒီယိုဖိုင်ပါ ရန်ကုန်တိုင်း မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံဝန်ထမ်းကို အရေးယူထားကြောင်း ဆေးရုံနှင့်နီးစပ်သူက ယနေ့ မွန်းလွဲပိုင်းတွင် မဇ္စျိမကို ပြောသည်။ (ဝန်းရံမှူး လူမှုကူညီဆယ်ရေးအသင်း)
ရောင်နီ (ဇွန်-၃)
မဇ္ဈိမ ။ ။ပြီးခဲ့သည့် ရက်ပိုင်းက လူမှုကွန်ရက်တွင် လူပြောများခဲ့သည့် အလောင်းထုတ်ယူမည့် မိသားစုဝင်များအား ပုံစံမျိုးစုံဖြင့် ဖိအားပေးနေသည့် ဗီဒီယိုဖိုင်ပါ ရန်ကုန်တိုင်း မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံဝန်ထမ်းကို အရေးယူထားကြောင်း ဆေးရုံနှင့်နီးစပ်သူထံမှ သိရသည်။
“ဗီဒီယိုဖိုင်မှာပါတဲ့ ရင်ခွဲရုံက ဝန်ထမ်းအမျိုးသားကို ဌာနပြောင်းတဲ့ အရေးယူမှု ဆောင်ရွက်လိုက်တယ်ဆိုတာကို သိရတယ်။ ဘယ်ဌာနကို ပြောင်းလိုက်တယ် ဆိုတာတော့ မသိရပါဘူး” ဟု ဆေးရုံနှင့် နီးစပ်သူ တဦးက ယနေ့ (ဇွန်လ ၃ ရက်)မွန်းလွဲပိုင်းတွင် မဇ္ဈိမကို ပြောသည်။
အရေးယူမှုဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် မြောက်ဥက္ကလာပဆေးရုံကို မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ပလုံလောက်နေသူ အမျိုးသမီး ယာဉ်တိုက်ခံရသည့်အတွက် ဝန်းရံမှူးလူမှုကူညီရေးအသင်းက မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် လူနာရှင်များ၊ ဝန်းရံမှူးလူမှုကူညီရေးအသင်းတာဝန်ရှိသူများက မြောက်ဥက္ကလာပဆေးရုံရင်ခွဲရုံ၌ သေဆုံးသူ၏ ရုပ်အလောင်းကို သွားရောက်ထုတ်ယူရန် ဆောင်ရွက်စဉ် ရင်ခွဲရုံဝန်ထမ်းအမျိုးသားနှင့် စကားအချေအတင် ပြောဆိုမှုများ ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကို ဝန်းရံမှူးလူမှုကူညီရေးအသင်း တာဝန်ရှိသူက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် “ တနိုင်ငံလုံးက ဝိုင်းသနားပေးနေပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ မြောက်ဥက္ကလာဆေးရုံရဲ့ ရင်ခွဲရုံ” ဆိုသည့် စာသား ရေးသားကာ စကားပြောဆိုနေကြသည့် ဗီဒီယိုဖိုင်ကို မျှဝေခဲ့သည်။
ဗီဒီယိုဖိုင်ထဲ၌ အလောင်းပိုင်ရှင်မိသားစုသည် ရင်ခွဲရုံဝန်ထမ်း၏ ညွှန်ကြားချက်အရ သက်ဆိုင်ရာဌာနအသီးသီးတွင် ထောက်ခံစာတောင်းယူခဲ့သော်လည်း အလောင်းထုတ်ယူရန် လိုအပ်သည့် စာရွက်စာတမ်းများ မပြည့်စုံမှုကြောင့် အလောင်းမထုတ်ပေးနိုင်ကြောင်း ပြောဆိုနေမှုများ ပါဝင်သည်။
ထို့နောက် ဇွန်လ ၁ ရက်နေ့တွင် ရင်ခွဲရုံဝန်ထမ်း၏ ပြောဆိုမှုအတိုင်း လူနာရှင် မိသားစုနှင့် ဝန်းရံမှူးလူမှုကူညီရေးအသင်းတို့က စာရွက်စာတမ်းပြည့်စုံအောင်လုပ်ဆောင်ခဲ့သည့်အတွက် အလောင်းထုတ်ယူနိုင်ခဲ့ကာ ဈာပနပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်တွင် လူပြောများခဲ့ပြီး ရင်ခွဲရုံများ၏ လူနာရှင်များအပေါ် ဆက်ဆံမှုနှင့် ငွေကြေးတောင်းခံမှုအခြေအနေများအား ကြုံတွေ့ခဲ့ရသူများက မှတ်ချက်ပေးရေးသားမှုများစွာ ရှိခဲ့သည်။
“ လူတိုင်းက ပူဆွေးသောကရောက်နေချိန် သူတို့(ရင်ခွဲရုံ) ပြောတဲ့အတိုင်း မလုပ်နိုင်ရင် ဒီလို ရစ်တဲ့ ကိစ္စတွေ၊ အခုလို ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲလို ဖြစ်စဉ်တွေက မြေပြင်မှာ ဖြစ်နေကြတာများပါပြီ။ အဓိကက ငွေရအောင် တောင်းတာပါ။ ငွေပေးနိုင်ရင်တော့ ရပ်ကွက်ထောက်ခံစာနဲ့လည်း အလောင်းထုတ်လို့ရပါတယ်” ဟု အလားတူဖြစ်စဉ်ကို ကြုံတွေ့ခဲ့ရသည့် ရန်ကုန်မြို့ခံ တဦးက ပြောသည်။
ရင်ခွင်ရုံများ၏ လူနာရှင်များအပေါ် ဆက်ဆံမှုနှင့် ပတ်သက်၍ မန္တလေးအခြေစိုက် လူမှူကူညီရေးအသင်း တာဝန်ရှိသူတဦးက “ ရင်ခွဲရုံအလုပ်ဆိုတာ သေဆုံးပြီးသားအလောင်းတွေကို ကိုင်ရတာဖြစ်တဲ့အတွက် လူတိုင်းလုပ်နိုင်တဲ့အလုပ် မဟုတ်ပါဘူး။ ဒီအလုပ်ကို ရေရှည်လုပ်လာတဲ့သူတွေကနေပဲ သူနဲ့ နီးစပ်တဲ့သူ တယောက်ကိုတယောက် လက်ဆင့်ကမ်းလုပ်လာကြတဲ့ အလုပ်ပါ။ ဒီလိုဖြစ်စဉ်တွေကို ဆေးရုံက တာဝန်ရှိသူတွေ သိပါတယ်။ ဒါပေမယ့် သူတို့မှ မလုပ်ရင် ဒီအလုပ်ကို ဘယ်သူလုပ်မှာလဲ။ ဒီလိုအကြောင်းတရားကြောင့်ပဲ ရင်ခွဲရုံမှာ တာဝန်ကျသူတွေရဲ့ လုပ်ဆောင်မှုကို ဆေးရုံဘက်က သိပေမယ့် မျက်စိပိတ်ပေးထားရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်”ဟု မှတ်ချက်ပြုသည်။
မြောက်ဥက္ကလာပဆေးရုံ ရင်ခွဲရုံ ဖြစ်စဉ်နှင့် ပတ်သက်၍ မြောက်ဥက္ကလာပဆေးရုံ ဒုတိယဆေးရုံအုပ်အဖွဲ့နှင့် လူမှုကူညီရေးအသင်းများက ယနေ့ နံနက်ပိုင်းက တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး အပြုသဘောဆောင် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ကြောင်း ဝန်းရံမှူးလူမှုကူညီရေးအသင်းတာဝန်ရှိသူက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
စာတည်း – သန့်ဇော်(သန်လျင်)