
AI Summary
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် မေလ ၃၁ ရက်နေ့က မိုင်းတွင်းသုံးယမ်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် လူ ၄၃ ဦး သေဆုံးပြီး ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ရသည်။ တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ရသည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လိုအပ်လျက်ရှိသည်။ ထို့ကြောင့် တအာင်းအမျိုးသားမြောက်ရေးတပ်မတော် (TNLA) ၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် (AA) ၏ မီးနဂါးစစ်ဒေသက ကျပ်သိန်း ၁၀၀ ကို ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ပေးခဲ့သည်။ ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေးကော်မတီက AA ၏ စေတနာပြည့်ဝသော အကူအညီအတွက် အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး TNLA ကလည်း ဖြစ်စဉ်အတွက် ဝမ်းနည်းကြောင်းနှင့် တောင်းပန်ကာ ကွယ်လွန်သူများအတွက် ရက်လည်တရားနာပြုလုပ်ပြီး မိသားစုဝင်များအား ကူညီထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိရဉ္စရာ၊ ဇွန် ၁၀/၂၀၂၆ ယမ်းဂိုဒေါင်ပေါက်ကွဲ၍ ထိခိုက်ခဲ့ရသည့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် တအာင်းအမျိုးသားမြောက်ရေးတပ်မတော် (TNLA)၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော်(AA)၏ မီးနဂါးစစ်ဒေသက ကျပ်သိန်း ၁၀၀ ကူညီထောက်ပံ့ပေးထားကြောင်း ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေးကော်မတီထံမှ သိရသည်။ နမ့်ခမ်းမြို့နယ်၊ အမှတ် (၁) ကောင်းတပ်ရပ်ကွက် ဖြစ်စဉ် ပြန်လည်ထူထောင်နိုင်ရေးအတွက် AA မီးနဂါးစစ်ဒေသ(၁၀၅ မိုင် - မူဆယ်မြို့)က ကျပ်သိန်း (၁၀၀) တိတိအား စေတနာပြည့်ဝစွာဖြင့် ကူညီလှူဒါန်းပေးခဲ့သောကြောင့် ကော်မတီအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိကြောင်း ယနေ့ ဇွန်လ ၁ဝ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါကော်မတီတွင်ပါဝင်သူတစ်ဦးက “အေအေက ဒီဘက်မှာ မီးနဂါးစစ်ဒေသဆိုပြီး ပူးပေါင်းလုပ်နေတာရှိပါတယ်။ ဒီဘက်မှာ ဆန်အိတ်လှူတာတို့၊ ဆေးဝါးလှူတာတွေ မဟာမိတ်အချင်းချင်း ကူညီတာတွေရှိတယ်။ အခုလည်း သူတို့တာဝန်ရှိသူတွေ တရားဝင်လာလှူသွားတာ။ အားပေးစကားလည်း ပြောတယ်။ လိုအပ်ရင် လူလွှတ်ပြီးကူမယ်လို့တောင် ဆွေးနွေးပြောဆိုတာ ကြားရတယ်။ မူဆယ်မှာ သူတို့ရှိတယ်။ ဝမ်းသာရပါတယ်” ဟု နိရဉ္စရာကို ပြောသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနက် TNLA ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့၊ နေ့လယ်ပိုင်းတွင် မိုင်းတွင်းသုံး ယမ်းများ ပေါက်ကွဲမှုကြောင့် တစ်ရွာလုံး ပျက်စီးသွားခဲ့ရခြင်းဖြစ်သည်။
အဆိုပါယမ်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်စဉ်တွင် ကလေးငယ်များအပါအဝင် သေဆုံးသူ ၄၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၁၂ ဦးရှိကာ ဒဏ်ရာပြင်းထန်သူ ၃၇ ဦးရှိကြောင်းနှင့် နေအိမ် ၃၀၀ ကျော် တစ်ရွာလုံးနီးပါး ပျက်စီးခဲ့ကြောင်း TNLA က ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းအပြင် TNLA အနေဖြင့် ထပ်တူဝမ်းနည်းကြောင်းနှင့် တောင်းပန်ကာ ကွယ်လွန်သူများအတွက် ရက်လည်တရားနာပြုလုပ်ပြီး မိသားစုဝင်များအား ကူညီထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။