“ရခိုင်မှာ လူမျိုးစုအားလုံးရဲ့ လူ့အခွင့်အရေးကိုလေးစားတဲ့ အစိုးရတရပ်ကို မြင်ချင်တာပါ” - အန်နာရောဘတ်နှင့် မေးမြန်းချက်

“ရခိုင်မှာ လူမျိုးစုအားလုံးရဲ့ လူ့အခွင့်အရေးကိုလေးစားတဲ့ အစိုးရတရပ်ကို မြင်ချင်တာပါ” - အန်နာရောဘတ်နှင့် မေးမြန်းချက်

DVB
SourceDVB

AI Summary

ဗြိတိန်အစိုးရက အာရက္ခတပ်တော် (AA) အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်နိုင်ခြေရှိသည်ဟူသော သတင်းများသည် ဖေ့စ်ဘွတ်ခ်မှ အထင်အမြင်လွဲမှားမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း Burma Campaign UK (BCUK) က ပြောကြားသည်။ BCUK သည် AA ၏ ကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပိတ်ဆို့အရေးယူရန် တောင်းဆိုခဲ့သော်လည်း ဗြိတိန်အစိုးရဘက်မှ တုံ့ပြန်မှုမရှိသေးဘဲ ပိတ်ဆို့အရေးယူရန် စဉ်းစားနေသည့် လက္ခဏာလည်း မတွေ့ရသေးပေ။ AA အပေါ် ပိုင်ဆိုင်မှုဖြတ်တောက်ခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းကဲ့သို့သော အရေးယူမှုများသည် ဘဏ္ဍာရေးအရ သက်ရောက်မှုမရှိနိုင်သော်လည်း ချိုးဖောက်မှုများ ရပ်တန့်ရန် ဖိအားပေးရာတွင် အရေးပါသော ပြရုပ်သဘောဆောင်သည့် လုပ်ဆောင်ချက်များ ဖြစ်လာနိုင်ကြောင်း BCUK က သုံးသပ်သည်။ AA က ရိုဟင်ဂျာများ၏ အခွင့်အရေးကို အသိအမှတ်မပြုခြင်းနှင့် အခြားတိုင်းရင်းသားများအပေါ် ချိုးဖောက်မှုများကြောင့် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေးမှာ ခက်ခဲနေပြီး လူ့အခွင့်အရေးချိုးဖောက်သူအားလုံးကို တာဝန်ခံမှုရှိစေရန် နိုင်ငံတကာက ဖိအားပေးသင့်ကြောင်း တိုက်တွန်းသည်။ ထို့အပြင် BCUK သည် မြန်မာစစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို တရားဝင်မှုမပေးရန်နှင့် စစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် ဗြိတိန်အစိုးရကို ဆက်လက်တောင်းဆိုနေပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်လည်း တိုက်တွန်းလျက်ရှိသည်။

Photo: DVB

အာရက္ခတပ်တော် (AA) အပေါ် ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လန်ဒန်အခြေစိုက်  Burma Campaign UK ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်ကို DVB က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး - အာရက္ခတပ်တော် (AA) အပေါ် ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတခု ထွက်ပေါ်ခဲ့ပါတယ်။ Burma Campaign UK အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက AA အပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပေးဖို့ ဗြိတိန်အစိုးရကို တောင်းဆိုခဲ့ဖူးတာမို့ အခု ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့ မသိသေးတဲ့ တိုးတက်ပြောင်းလဲမှု ဒါမှမဟုတ် ဖြစ်ထွန်းမှု တစုံတရာ ရှိမရှိ သိပါရစေခင်ဗျာ။

ဖြေ - “မရှိပါဘူး။ ဒါက ဖေ့စ်ဘွတ်ခ်ပေါ်က ပို့စ်အချို့အပေါ် အထင်လွဲမှားမှုတွေကနေ စတင်ခဲ့တာလို့ ယူဆရပါတယ်။ အဲဒီနောက်မှာ အဲဒီပို့စ်တွေကို ထပ်ဆင့်မျှဝေကြရင်းနဲ့ တဖြည်းဖြည်း ပုံကြီးချဲ့သွားခဲ့တာပါ။”

“ဗြိတိန်အစိုးရအနေနဲ့ AA အပေါ် ပိတ်ဆို့အရေးယူဖို့ စဉ်းစားနေတယ်ဆိုတဲ့ လက္ခဏာရပ်မျိုး မရှိပါဘူး။ ရှင်ပြောခဲ့သလိုပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေကြောင့် Burma Campaign UK က AA အပေါ် ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ဗြိတိန်အစိုးရဆီက ဘာတုံ့ပြန်မှုမှ မရရှိခဲ့ပါဘူး။ ပြီးတော့ ဗြိတိန်အစိုးရက ပိတ်ဆို့အရေးယူဖို့ စဉ်းစားနေတယ် ဆိုရင်တောင်မှ ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေကို ကြိုတင်ကြေညာလေ့မရှိတာက သူတို့ရဲ့ မူဝါဒ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေနေကြတဲ့သူတွေဟာ အခြေအနေမှန်ကို သေချာ နားမလည်ကြလို့ဖြစ်ပြီး ဒါဟာ အချက်အလက်အမှန်ပေါ် အခြေခံထားတာ မဟုတ်ပါဘူး။”

မေး - ဒါဆိုရင် ဗြိတိန်အစိုးရရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေအကြောင်း ပြောတဲ့အခါ ဘယ်လိုမျိုး အရေးယူမှုတွေကို ဆိုလိုတာပါလဲ ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သိသလောက်တော့ အာရက္ခတပ်တော်နဲ့ အနောက်နိုင်ငံ အစိုးရတွေကြားမှာ ဘဏ္ဍာရေးဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုမျိုး မရှိပါဘူး။

ဖြေ - “ဟုတ်ပါတယ်၊ အတိအကျပါပဲ။ ဗြိတိန်အစိုးရအနေနဲ့ ချမှတ်နိုင်တဲ့ ပိတ်ဆို့အရေးယူမှု အမျိုးအစားတွေကတော့ ပိုင်ဆိုင်မှု ဖြတ်တောက်တာနဲ့ ခရီးသွားလာခွင့် ပိတ်ပင်တာမျိုးတွေ ဖြစ်ပါလိမ့်မယ်။ ရှင်ပြောသလိုပဲ၊ AA မှာ အဲဒီလိုမျိုး ပိုင်ဆိုင်မှုတွေ မရှိသလို ခရီးသွားလာတာမျိုးလည်း မရှိတဲ့အတွက် ဒါက AA အပေါ် ဘဏ္ဍာရေးအရ သက်ရောက်မှု အများကြီး ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အဲဒီပိတ်ဆို့အရေးယူမှုတွေက မြန်မာစစ်တပ်အပေါ် တခါတရံ ချမှတ်တတ်သလိုမျိုး ပြရုပ်သဘောသက်သက်သာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်ကတော့ AA အနေနဲ့ သူတို့ကျူးလွန်နေတဲ့ ချိုးဖောက်မှုတွေအတွက် ဘယ်တုန်းကမှ အကျိုးဆက်ကို မရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။”

“ဒါကြောင့် ပြရုပ်သဘော လုပ်ဆောင်ချက်မျိုးကတောင်မှ AA အနေနဲ့ အဲဒီလို ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့ ဖိအားပေးရာမှာ အရေးပါလိမ့်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့အစိုးရတွေနဲ့ AA ကြား သီးသန့်ဆွေးနွေးမှုတွေဟာ မြေပြင်မှာ ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကို ပြောင်းလဲဖို့ ဘာသက်ရောက်မှုမှ မရှိခဲ့ဘူးဆိုတာ ကျမတို့ သိထားလို့ပါ။ ဒါကြောင့်လည်း အဲဒီချိုးဖောက်မှု ပုံစံတွေကို ပြောင်းလဲနိုင်ဖို့ ဖိအားတွေ ပိုတိုးပေးဖို့ ကျမတို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေအတွက် နှစ်ပေါင်းများစွာ အပြစ်ပေး အရေးယူခြင်းမခံရဘဲ ကင်းလွတ်ခွင့် ရရှိခဲ့တာကြောင့် အဲဒီလို အပြစ်ပေးမခံရခြင်းက လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ပိုပြီးရဲတင်းလာစေတယ်ဆိုတာ ကျမတို့ သမိုင်းသင်ခန်းစာတွေအရ သိထားပါတယ်။ နောင်လာမဲ့ ချိုးဖောက်မှုတွေကို တားဆီးနိုင်ဖို့အတွက် ကျူးလွန်သူတွေကို တာဝန်ခံခိုင်းဖို့နဲ့ အပြစ်ပေးကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့က မရှိမဖြစ် လိုအပ်ပါတယ်။”

မေး - အထူးသဖြင့် AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယလို အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်မျိုးမှာ တော်လှန်ရေးအဖွဲ့အစည်းတွေဘက်က စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ အဲဒီအပေါ်မှာကော ဘာများ တုံ့ပြန်ပြောကြားချင်ပါသလဲ ခင်ဗျာ။

ဖြေ။ “ဒါက AA အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ကြိုးစားနေတဲ့အပေါ် ဘာသက်ရောက်မှုမှ ရှိလိမ့်မယ်လို့ မထင်ပါဘူး။ ဒါဟာ ကုလသမဂ္ဂ ယန္တရားတွေနဲ့ Human Rights Watch နဲ့ Amnesty International လိုမျိုး လေးစားရတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အခိုင်အမာ အစီရင်ခံထားတဲ့ AA ရဲ့ ချိုးဖောက်မှုတွေကို ရပ်တန့်စေဖို့ ရည်ရွယ်တဲ့ ဖိအားပေးမှု ပုံစံတခုမျှသာ ဖြစ်ပါတယ်။ AA ဟာ ရခိုင်ပြည်နယ်ရဲ့ နယ်မြေအတော်များများကို မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့ရာမှာ အလွန် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျမတို့ဟာ ရခိုင်ပြည်နယ်မှာ လူမျိုးစုအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားတဲ့ အစိုးရတရပ်ကို မြင်ချင်တာပါ။ လက်ရှိအချိန်မှာတော့ အဲဒီလို ဖြစ်မနေပါဘူး။ ဒါကြောင့်လည်း ကျမတို့က ပိတ်ဆို့အရေးယူဖို့ တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ ဒါက AA လုပ်ဆောင်ချင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေအပေါ် လက်တွေ့ကျတဲ့ သက်ရောက်မှုမျိုး ရှိမှာမဟုတ်ပါဘူး။ AA နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတဲ့ အစိုးရတွေအနေနဲ့လည်း မြေပြင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ လုပ်ရပ်တွေကို ပြောင်းလဲဖို့ AA ကို ဖိအားပေးသင့်တယ်လို့ ကျမ ထင်ပါတယ်။”

မေး - အခု မြေပြင်က AA ရဲ့ လုပ်ရပ်တွေအကြောင်း ပြောသွားပါတယ်။ ကျနော်တို့ သိသလောက်တော့ အာရက္ခတပ်တော်ဟာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုဘဲ သူတို့ကို “မွတ်စလင်” ဒါမှမဟုတ် တချို့အခြေအနေတွေမှာ “ဘင်္ဂါလီ” လို့ပဲ ဆက်ပြီး သုံးနှုန်းနေပါတယ်။ ဒါဆိုရင် လူမှုအသိုင်းအဝိုင်းတခုက နောက်တခုရဲ့ တည်ရှိမှုကို အသိအမှတ် မပြုဘဲနဲ့ ဒီအသိုင်းအဝိုင်းနှစ်ခုကြား ပြန်လည်သင့်မြတ်ရေး ဖြစ်နိုင်ခြေ ရှိပါဦးမလား ခင်ဗျာ။ အဲဒီအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ - “အင်း… ဒါက တကယ့်ကို ခက်ခဲတဲ့ ကိစ္စတခုပါပဲ ဟုတ်တယ်မလား။ ဘာဖြစ်လို့လဲဆိုတော့ AA အနေနဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို ထပ်တလဲလဲ အသိအမှတ်မပြုခဲ့လို့ပါ။ ပြီးတော့ AA ရဲ့ လက်အောက်မှာ ဒုက္ခရောက်နေကြရတာက ရိုဟင်ဂျာတွေတင် မဟုတ်ပါဘူး။ သူတို့ရဲ့ ဦးဆောင်မှုအောက်မှာ တခြားသော တိုင်းရင်းသား လူမျိုးစုတွေအပြင် ရခိုင်လူမျိုးတွေအပေါ်မှာပါ ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ အစီရင်ခံစာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဟုတ်ပါတယ်၊ ပြန်လည်သင့်မြတ်ရေး လမ်းစက အလွန်ခက်ခဲလိမ့်မယ်လို့ ကျမ ထင်ပါတယ်။ ဒါကြောင့်မို့လို့လည်း AA အနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲဖို့ ဖိအားပေးဖို့က အလွန်အရေးကြီးတာပါ။ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် မြန်မာစစ်တပ်ရဲ့ မူဝါဒမျိုးတွေကို ရခိုင်ပြည်နယ်မှာ ထပ်ပြီး မမြင်ချင်ပါဘူး။ AA အနေနဲ့ အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူမယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လူအားလုံးအတွက် အုပ်ချုပ်ရမှာဖြစ်ပြီး အဲဒီလူတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ လိုအပ်တယ်ဆိုတာ သိလာအောင် AA ကို ဖိအားပေးဖို့က မရှိမဖြစ် လိုအပ်ပါတယ်။”

မေး - တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တခြားနယ်မြေတွေမှာလည်း အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် ချိုးဖောက်မှုတွေ ရှိနေတာကို သိရပါတယ်။ ဒါဆိုရင် ဒီတော်လှန်ရေးအဖွဲ့တွေရဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိလာအောင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ ခင်ဗျာ။

ဖြေ - “လူ့အခွင့်အရေး ချိုးဖောက်သူအားလုံးကို တာဝန်ခံခိုင်းရပါလိမ့်မယ်။ ဘယ်လက်နက်ကိုင်အဖွဲ့မှလည်း ချိုးဖောက်မှုတွေ ကျူးလွန်ခြင်းကနေ ကင်းလွတ်ခွင့် မရှိပါဘူး။ ဒါက အမှန်တရားပါပဲ။ ဘယ်သူမှ မပြည့်စုံကြပါဘူး။ ဒါပေမဲ့ တခြားအဖွဲ့တွေနဲ့ ပတ်သက်လို့တော့ ဒီလောက်အထိ အတိုင်းအတာကြီးမားတဲ့ သတင်းပို့ချက်မျိုးတွေ မရရှိထားပါဘူး။ ဒါကြောင့်လည်း ဒီပြဿနာက ကွာခြားနေတာပါ။ ပြီးတော့ အချို့အဖွဲ့တွေကတော့ ချိုးဖောက်မှုကျူးလွန်တဲ့ သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာ ရှိပေမဲ့ AA ဘက်ကတော့ ချိုးဖောက်မှု သတင်းတွေ ထွက်ပေါ်လာတဲ့အခါ တပ်ဖွဲ့ဝင်တွေကို အရေးယူ ဆောင်ရွက်တာမျိုး ကျမတို့ မကြားရသေးပါဘူး။ သေချာတာကတော့ ဒီလိုချိုးဖောက်မှုတွေကို AA တဖွဲ့တည်း ကျူးလွန်နေတာ မဟုတ်ပေမဲ့ ထွက်ပေါ်လာတဲ့ အစီရင်ခံစာတွေရဲ့ ပမာဏကတော့ AA အတွက် ပိုပြီး ကြီးမားနေတယ်လို့ ထင်ပါတယ်။”

မေး - ရခိုင်ပြည်နယ်က ရွာတရွာမှာ AA က ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က အစီရင်ခံစာထုတ်ပြန်တာ ကျနော် သိရပါတယ်။ ဒါပေမဲ့ AA ဘက်ကတော့ ဒါမျိုး လုံးဝမဖြစ်ခဲ့ပါဘူးလို့ ငြင်းဆိုထားပါတယ်။ Burma Campaign UK အနေနဲ့ကော ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပေါ် လေ့လာစောင့်ကြည့်နေတာမျိုး ရှိပါသလား ခင်ဗျာ။

ဖြေ - “ကျမတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးနေတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ဒီအကြောင်းကို သိထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ ထွက်လာမဲ့ လူ့အခွင့်အရေး အစီရင်ခံစာကိုတော့ ကျမတို့ စိတ်ဝင်တစား ဖတ်ရှုသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တကယ့်ကို ဆိုးရွားတဲ့ ရက်စက်ကြမ်းကြုတ်မှုတခု ဖြစ်ပုံရလို့ပါ။ ဒါဟာ ပိုပြီးကျယ်ပြန့်တဲ့ ချိုးဖောက်မှု ပုံစံတခုရဲ့ နောက်ထပ် ဆိုးရွားတဲ့ သာဓကတခုလို့ ထင်ပါတယ်။”

မေး - အဲဒီနောက်မှာတော့ စစ်ကောင်စီနဲ့ ဒီအပြောင်းအလဲတခုလုံးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြီးဆုံးသွားခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲတွေအောက်မှာ စစ်ကောင်စီက ပုံရိပ်ပြောင်းလဲဖို့ ကြိုးစားတယ်လို့ Burma Campaign UK က ပြောတဲ့အကြောင်း ကျနော်တို့ သတင်းတင်ပြခဲ့ပါတယ်။ မင်းအောင်လှိုင်က ဒီအတုအယောင် ရွေးကောက်ပွဲတွေကို အသုံးချပြီး သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ခဲ့တဲ့အပေါ် Burma Campaign UK ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ ခင်ဗျာ။

ဖြေ - “ဟုတ်ပါတယ်၊ ရှင်ပြောသလိုပဲ ဒါက လုံးဝကို အတုအယောင် လုပ်ငန်းစဉ်ကြီးတခုပါ။ မြန်မာစစ်တပ်ဟာ သူ့ကိုယ်သူ အရပ်သားအစိုးရတခုအဖြစ် ပုံရိပ်ပြောင်းဖို့ အသည်းအသန် ကြိုးစားနေတာ ဖြစ်ပေမဲ့ ဘယ်သူ့ကိုမှတော့ မလှည့်စားနိုင်ပါဘူး။ အန္တရာယ်ရှိတာက တချို့အစိုးရတွေအနေနဲ့ ဒါဟာ အစစ်အမှန်မဟုတ်ဘူးဆိုတာ သိနေရက်နဲ့ လိုက်လျောသွားနိုင်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာတဝန်းမှာ တခြားသော အကျပ်အတည်းတွေလည်း အများကြီး ရှိနေပါတယ်။ ဒီပဋိပက္ခက ဖြစ်ပွားနေတာ ကြာပြီဖြစ်တဲ့အတွက် ဒီအတုအယောင် လုပ်ငန်းစဉ်ကို တရားဝင်မှု မပေးကြဖို့ ဗြိတိန်အစိုးရနဲ့ တခြားအစိုးရတွေကို ကျမတို့ ဆက်ပြီး ဖိအားပေးနေဖို့က တကယ်ကို အရေးကြီးပါတယ်။

ပြီးခဲ့တဲ့ အပတ်ကတင် ဗြိတိန်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲတခုလုပ်ဖို့ ကြိုးစားခဲ့တာကို ကျမတို့ မြန်မာလူထုနဲ့အတူ ပူးပေါင်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ နောက်ဆုံးတော့ အဲဒီပွဲ ဖျက်သိမ်းလိုက်ရတယ်ဆိုတော့ ကောင်းတာပေါ့။ အဝတ်အစားသစ်တွေ လဲဝတ်ထားပေမဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ပဲ ဖြစ်နေသေးတဲ့အရာကို တရားဝင်မှုပေးဖို့ ကြိုးစားမှုမှန်သမျှကို ကျမတို့ ဆက်ပြီး စောင့်ကြည့်ကန့်ကွက်သွားမှာပါ။ အစိုးရတွေအနေနဲ့ ဒါကို အသိအမှတ်မပြုမိစေဖို့အတွက် ကျမတို့ ဆက်ပြီး နိုးနိုးကြားကြား ဆန္ဒပြ တောင်းဆိုသွားဖို့ လိုပါတယ်။

စောစောက AA အပေါ် ပိတ်ဆို့အရေးယူမှုအကြောင်း ပြောခဲ့ပေမဲ့ ဗြိတိန်အစိုးရက အဲဒါကို လုပ်ဆောင်မဲ့ အရိပ်အယောင် မရှိပါဘူး။ တကယ်တော့ ဗြိတိန်အစိုးရဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်ပြီး မချမှတ်တော့ပါဘူး။ ဒါကြောင့် မြန်မာစစ်တပ်က အပြစ်ပေးမခံရဘဲ လွတ်မြောက်နေတဲ့အတွက် ဗြိတိန်အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြန်လုပ်ဖို့ ကျမတို့ ပြင်းပြင်းထန်ထန် တွန်းအားပေးနေပါတယ်။ ဝင်ငွေလမ်းကြောင်းတွေနဲ့ လက်နက်တွေကို ဖြတ်တောက်ပြီး အစိုးရတွေက ဖိအားတွေ ပိုတိုးပေးဖို့ လိုပါတယ်။ လုပ်လို့ရပါလျက်နဲ့ မလုပ်ရသေးတဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ တရားဝင်မှုကို ငြင်းပယ်ဖို့နဲ့ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ ပိုမိုချမှတ်လာဖို့ ကျမတို့ ဆက်ပြီး လှုပ်ရှားတောင်းဆိုသွားမှာပါ။”

မေး - ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ဟာ မနေ့တုန်းက ဗြိတိန်လွှတ်တော်အပြင်ဘက်မှာ ရှိနေခဲ့ပါတယ်။ Burma Campaign UK အနေနဲ့ အဲဒီနေရာမှာ ရှိနေခဲ့သလားတော့ မသိရပေမဲ့  ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက်ရှိကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ စုဝေးပွဲ “Proof-of-life”  ဆန္ဒပြပွဲတခု လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပုံရပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး အထူးသဖြင့် ကင်မ်အဲရစ်က သူ့မိခင်ဆီ သွားရောက်တွေ့ဆုံခွင့်ရဖို့၊ စကားပြောခွင့်ရဖို့နဲ့ အသက်ရှင်လျက် ရှိမရှိ အတည်ပြုခွင့်ရဖို့ လိုလားနေတဲ့အပေါ် Burma Campaign UK ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ - “ဟုတ်ကဲ့၊ သူ အဲဒါကို လုပ်ဆောင်ခွင့် ရသင့်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ တခြားသော ထောင်ပေါင်းများစွာသော သူတွေလိုပဲ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ပါတယ်။ သူ အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရပါမယ်။ သူတို့ဟာ မတရားတဲ့ စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။”

ဆက်စပ်သတင်းများ

AI Curated