
ဝေါလေကာကင်းစခန်းများကိုရရှိပြီးနောက် လေယာဉ်ပစ်ကူကြောင့် KNLA ခေတ္တ ဆုတ်ခွာ
AI Summary
ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေလမ်းပိုင်းရှိ ဝေါလေဗျူဟာ၏ ကာကင်းစခန်းအားလုံးကို ဇွန်လ ၂ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ သို့သော် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူများ ပြင်းထန်စွာ ပေးခဲ့သောကြောင့် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိစေရန် KNLA ပူးပေါင်းတပ်ဖွဲ့များက ခေတ္တပြန်လည် ဆုတ်ခွာခဲ့ရသည်။ စစ်ကောင်စီတပ်ဘက်မှ ကာကင်းစခန်းများ ဆုံးရှုံးခဲ့ရပြီး ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။ ထို့ပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဒရုန်းတစ်စင်း ပေါက်ကွဲမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ရှိတွင် KNLA ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီစစ်ကြောင်းများကို ပိတ်ဆို့ထားသဖြင့် ဝေါလေဗျူဟာသို့ အင်အားဖြည့်တင်းရန် မဖြစ်နိုင်ကြောင်း သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်၊ မြဝတီ- ဝေါလေလမ်းပိုင်းက ဝေါလေဗျူဟာရဲ့ ကာကင်း စခန်းအားလုံး ရရှိပြီးနောက် လေကြောင်းပစ်ကူကြောင့် တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိစေဖို့ ခဏ ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ ဇွန် ၅ ရက်နေ့ မနက်မှာ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဇွန် ၂ ရက် မနက်က စစ်အာဏာရှင်ရဲ့ ဝေါလေဗျူဟာကုန်းနဲ့ ကျန်ရှိနေတဲ့ ကာကင်းစခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ် တိုက်ခိုက် ခဲ့ရာ ကာကင်းစခန်းအားလုံးကို ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဝေါလေဗျူဟာကုန်းနဲ့ ကာကင်းစခန်းတွေမကျရေး စစ်အာဏာရှင်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတာ၊ ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ခဏပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ကာကင်းစခန်းအားလုံးကို ရလိုက်တယ်။ ဗျူဟာကုန်းတခုပဲ ကျန်တဲ့ အချိန် လေယာဉ်က တောက်လျှောက်ပစ်နေတော့ ကိုယ်ဘက်က မခံနိုင်ဘူး။ တပ်ဖွဲ့ဝင်တွေ ထိခိုက်မှု မရှိအောင် ဒါကြောင့် ခေတ္တခဏ ဆုတ်ပေးလိုက်တာ။ ကာကင်းရတော့ သူတို့ဘက်က ထိခိုက် သေဆုံးသူတွေ ရှိတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ စစ်အာဏာရှင်စစ်ကြောင်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ထားတဲ့အပြင် လေးကေ့ကော်ဘက် စစ်တပ်ဘက်က ထပ်မံ အင်အားဖြည့်တင်းတာ မရှိတဲ့အတွက် ဝေါလေဗျူဟာကို အင်အားဖြည့်တင်းဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဇွန် ၂ ရက်က ဝေါလေဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အာဏာရှင်ဘက်က ဒရုန်းတစင်း ဖုတ်ဖရမြို့နယ် မြန်မာ-ထိုင်းနယ်စပ်အနီး ငရုတ်သီးစိုက်ခင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့တာ ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ ပါတယ်။