
မောင်တော သင်္ဘောလှကျေးရွာသား ဒိုင်းနက်လူမျိုး ၈၉ ဦးကို AA ပြန်လွှတ်ပေး
AI Summary
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ ဒိုင်းနက်လူမျိုး ရွာသား ၈၉ ဦးကို အာရက္ခတပ်တော် (AA) က ဇွန်လ ၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ၎င်းတို့သည် မေလ ၂၃ ရက်နေ့က AA ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အစည်းအဝေးတွင် နားလည်မှုလွဲမှားကာ AA တပ်ဖွဲ့ဝင်များကို တုတ်၊ ဓားများဖြင့် အကြမ်းဖက်မှုပုံစံဖြင့် တုံ့ပြန်ခဲ့၍ မေလ ၂၄ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူ ၁၀၀ ကျော်အနက်မှ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦးနှင့် ကလေး ၂၈ ဦး အပါအဝင် ၈၉ ဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိသူများအနက် ပြစ်မှုထင်ရှားသူများကိုပင် တရားစွဲဆိုခြင်းမပြုဘဲ လူမှုရေးပြစ်ဒဏ်များသာ ချမှတ်ကာ ပြစ်ဒဏ်ကျခံပြီးနောက် ပြန်လွှတ်ပေးမည်ဟု AA တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဤဖြစ်ရပ်နှင့်ပတ်သက်၍ ဒိုင်းနက်အရပ်ဘက်အဖွဲ့အစည်းများက ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီကလည်း တည်ငြိမ်အောင် ဖြေရှင်းနေကြောင်း ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာက ဒိုင်းနက်ကျေးရွာသား ၈၉ ယောက်ကို အာရက္ခတပ်တော် (AA) က ဇွန် ၂ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မောင်တောမြို့နယ် သင်္ဘောလှကျေးရွာမှာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဋ္ဌာန်းချက် (NDEP)နဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်(AA)ရဲ့ တာဝန်ရှိသူတွေက သင်္ဘောလှကျေးရွာ သွားရောက်စဥ် ပြဿနာဖြစ်ပြီး ထိန်းသိမ်းခဲ့တဲ့ ဒိုင်းနက်လူမျိုး ရွာသား ၁၀၀ ကျော်အနက် ၈၉ ယောက်ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
မောင်တောဒေသခံအမျိုးသားတယောက်က “ဒီရွာသားတွေက (ULA/AA) တာဝန်ရှိသူတွေ နားလည်မှု လွဲသွားတာပါ။ သူတို့ကို စစ်မှုထမ်းခေါ်ဖို့ လာတယ်ဆိုပြီး အားမနာဆူပူမှုတွေ လုပ်ခဲ့လို့ ဖမ်းခဲ့တဲ့သူတွေပါ။ အခု အဲဒီရွာသားတွေအထဲက ၈၉ ယောက်ကို လွှတ်လိုက်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေအထဲက ပြစ်မှုထင်ရှားသူတွေကိုလည်း တရားစွဲဆိုမှာ မဟုတ်ဘဲ သက်ညှာတဲ့ အနေနဲ့ လူမှုရေးပြစ်ဒဏ်တွေသာ ချမှတ်သွားမယ်လို့ ပြောကြားခဲ့တယ်လို့ ရွာသားတယောက်က ပြောပါတယ်။
“ကျန်တဲ့သူတွေအထဲမှာ (ULA/AA) အပေါ် ကျူးလွန်ခဲ့တဲ့အမှားတွေ ပြစ်မှုထင်ရှားရင်တောင် သက်ညှာတဲ့အနေနဲ့ ပြစ်ဒဏ်လျှော့ပေါ့သွားမယ်လို့ တာဝန်ရှိသူတယောက်က ပြောခဲ့တယ်။ ပြစ်ဒဏ်ချမှတ်ပြီးရင် ပြန်လွှတ်ပေးမှာပါ။”
ရွာသား ၁၀၀ ကျော်ဟာ မေလ ၂၃ ရက်က အာရက္ခတပ်တော်က အမျိုးသားကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP)နဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုမှာ ရွာသားတွေက နားလည်မှုလွဲမှားပြီး AA တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက်မှုပုံစံနဲ့ တုတ်ဆွဲ၊ ဓားဆွဲ လုပ်ခဲ့တယ်ဆိုပြီး မေ ၂၄ ရက်က ထိန်းသိမ်းခဲ့ပါတယ်။
ပြန်လည်လွှတ်ပေးလိုက်တဲ့ ၈၉ ယောက်ထဲမှာ အမျိုးသား ၂၈ ယောက် အမျိုးသမီး ၃၃ ယောက်နဲ့ ကလေး ၂၈ ယောက် ပါ၀င်ပါတယ်။
သင်္ဘောလှကျေးရွာသားတွေကို ပြန်လွှတ်ပေးဖို့ မေ ၂၇ ရက်က ဒိုင်းနက်(ခေါ်)သက္ကမလူမျိုး အရပ်ဘက်အဖွဲ့အစည်း ၁၀ ကျော်က ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တည်ငြိမ်အောင်ဖြေရှင်းနေတယ်လို့ မောင်တောခရိုင် သက္ကမလူမျိုးစုရေးရာကော်မတီက မေ ၃၁ ရက်က ထုတ်ပြန်ပါတယ်။