
လုံးခင်းကျေးရွာတွင် စစ်တပ်က ပစ်သတ်ထားသည့် အရပ်သား ၃ ဦး အလောင်းတွေ့
AI Summary
ဖားကန့်၊ လုံးခင်းတွင် စစ်တပ် အရပ်သား ၃ ဦး ပစ်သတ်။ မေ ၂၉ နံနက် အလောင်းတွေ့။ စစ်တပ်ပစ်နွား အမဲဖျက်စဉ် သတ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ စစ်အာဏာရှင်တပ်က ပစ်သတ်ထားတဲ့ အရပ်သား ၃ ယောက် အလောင်းကို ဒီနေ့ မေ ၂၉ ရက် မနက်ပိုင်းမှာ တွေ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်က ပစ်သတ်ထားတဲ့ နွားကို အမဲဖျက်ရောင်းချဖို့ လုပ်နေတဲ့ ရွှေအ ဆိုသူ အပါအဝင် ကရင်လူမျိုး ၃ ယောက်ကို လုံးခင်း သင်္ဂဟလူမှုရေးအသင်း အောက်ဆီဂျင်စက်ရုံမှာ ပစ်သတ်ထားခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ပစ်သတ်ခံရတာက မနေ့ကလားတော့ မသိဘူး။ ဒီနေ့မနက်မှ သတင်းရတာဗျ။ အလောင်းကောက်တယ်တော့ အခုထိ မကြားသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။
ကရင်အမျိုးသား ၃ ယောက်ဟာ စစ်တပ် တပ်စွဲထားတဲ့ လုံးခင်းဆေးရုံကုန်းဘေးက သင်္ဂဟ လူမှုရေးအသင်း အောက်ဆီဂျင်စက်ရုံဝင်းထဲ နေသူတွေဖြစ်ပြီး စစ်တပ်ပစ်သတ်ထားတဲ့ နွားကို အမဲဖျက်နေချိန် ပစ်သတ်ခံရတာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လုံးခင်း၊ မှော်စီစာ၊ လယ်ပြင်နဲ့ ငြိမ်းချမ်းသာယာကျေးရွာတွေမှာ တပ်စွဲနေသလို အရပ်သားတွေကိုလည်း ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ သိရပါတယ်။