
တရုတ်ရင်းနှီးမြှုပ်နှံမှုများရှိရာ ကျောက်ဖြူ၌ တိုက်ပွဲပြင်းထန်ချိန် စစ်တပ်က အရပ်ဘက်များကို ပစ်မှတ်ထားလာ
AI Summary
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်စခန်းကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေချိန်တွင် စစ်တပ်က အရပ်ဘက်ပစ်မှတ်များကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် သုံးဦး ဒဏ်ရာရရှိပြီး နေအိမ်နှင့် တိရစ္ဆာန်များ ထိခိုက်ပျက်စီးခဲ့သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်စခန်းကို အာရက္ခတပ်တော်(AA)၏ ထိုးစစ်များအရှိန်မြှင့်တင်နေချိန်တွင် စစ်တပ်က ယင်းရေတပ်စခန်းအနီးရှိ အရပ်ဘက်ပစ်မှတ်များကို ဦးတည်၍ ပြန်လည်တိုက်ခိုက်နေသည်ဟု ဒေသခံများကဆိုသည်။
ဇွန်လ ၇ ရက်၊ နံနက် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တောင်မော်ဦးရေတပ်စခန်းနှင့် ခုနစ်မိုင်ခန့်အကွာ သစ်ကတိုးရွာကို လေယာဥ်ဖြင့် ဗုံးသုံးလုံးကြဲချရာ အသက် ၁၂ နှစ်၊ အသက် ၅၀၊ အသက် ၆၉ နှစ်အရွယ် အသီးသီးရှိသည့် စစ်ဘေးရှောင် သုံးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ဒီအတောအတွင်းမှာ လေကြောင်းအန္တရာယ် တောက်လျောက်ရှိနေပါတယ်။ ပုံမှန်ထက်များလာပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ စကမ(စစ်တပ်)တပ်သားတွေအထိနာရင် လေကြောင်းက လာပြီးသားပဲ”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဇွန်လ ၆ ရက်၊ ည ၁၁ နာရီခွဲခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ ကုလားတွင်းရွာ၊ ဘယာရွာတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် နေအိမ်အချို့ပျက်စီးသွားကာ နွား၊ဝက်အချို့လည်းသေဆုံးသွားသည်။
အလားတူ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ကိုလည်း ဇွန်လ ၅ ရက်တွင် အသေခံဒရုန်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အသက် ၁၉ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး သေဆုံးသွားပြီး ဇွန်လ ၄ ရက်တွင်လည်း ထိုမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်မွေးတိရစ္ဆာန်အချို့သေဆုံးသွားသည်။
စစ်တပ်သည် တောင်မော်ဦးရေတပ်စခန်းမကျဆုံးစေရေး အပြင်းအထန်ခုခံနေရချိန်တွင် စစ်ရေးဖိအားလျော့ကျစေရန်အတွက် ထိုဒေသရှိ ပြည်သူများကို ဗုံးကြဲသတ်ဖြတ်ခြင်းဖြစ်သည်။ ထို့အပြင် ရမ်းဗြဲ ဒေသတဝိုက်တွင် AA တပ်ဖွဲ့ဝင်များရှိနိုင်သည်ဟုယူဆကာ ဗုံးကြဲတိုက်ခိုက်ခြင်းဟု အခြားဒေသခံတစ်ဦးက ယူဆသည်။
“ကျွန်တော်သိသလောက်တော့ မကြာခင် တောင်မော်ဦးရေတပ်ကို ရသွားမယ်ထင်တယ်။ အခု AA က ထိုးစစ်၊ စကမ(စစ်တပ်)က ခံစစ်ဖြစ်သွားပြီ။ အရင်ကဆိုရင် ပစ်ခတ်သံတွေက အနီးကပ်ကြားရတယ်။ အခုဆိုရင် အဝေးကြီးကနေ ကြားနေရတယ်။ပင်မ စခန်းဘက်ကို ရောက်သွားတဲ့သဘော”ဟု ၎င်းက ဆိုသည်။
AA သည် ပြီးခဲ့သည့် ရက်ပိုင်းများတွင် တောင်မော်ဦးရေတပ်စခန်း၏ ကာကင်းစခန်းများဖြစ်ကြသည့် စံပယ်ရှောင် ကုန်း၊ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနှင့် ရေနံသူကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။
ထိုရေတပ်စခန်းကို သိမ်းပိုက်နိုင်ရန်အတွက် တစ်ခုတည်းသော လက်ကျန်ကာကင်းစခန်းတစ်ခုဖြစ်သည့် စစ်ရေးအရ မဟာဗျူဟာကျသော ရွာဟောင်းတောင် ဗျူဟာကုန်းစခန်းကို ထိုးစစ်ဆင်နေကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
မူလက ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီးတို့တွင် တိုက်ပွဲဖြစ်ပွားရာမှ စစ်တပ်သည် တောင်မော်ဦးရေတပ်စခန်းကို အခြေပြု၍ AA ထိန်းချုပ်ထားသော စနဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် ဦးတည်လာခြင်းဖြစ်သည်။ မူလဖြစ်ပွားခဲ့သော နေရာများတွင် ထိတွေ့တိုက်ပွဲ အနည်းငယ်သာ ဖြစ်ပွားလျက် ရှိသည်။
ထိုမြို့ကို ရရှိပြီး တပြိုင်နက်တွင် ကျောက်ဖြူ- တောင်ကုတ်လမ်း၊ ကျောက်ဖြူ- ရမ်းဗြဲ သုံးခွဆုံလမ်းမကြီး ထိန်းချုပ်ပြီး ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုသည့် သဘောဖြစ်ပြီး လက်ရှိတွင် AA ထိုးစစ်ကြောင့် စခန်းတစ်ခုပြီးတစ်ခု လက်လွှတ်ရကာ နောက်ပြန်ဆုတ်နေရသည့် အခြေအနေဟု ဒေသခံများက ဆိုကြသည်။
AA သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို သိမ်းပိုက်ရန် ကြွေးကြော်ထားပြီး လက်ရှိတွင် ၁၇ မြို့နယ်ရှိသည့် အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားကာ သုံးမြို့နယ်ကိုသာ သိမ်းပိုက်ကျန်ရှိတော့သည်။
လက်ရှိအချိန်တွင် အာရက္ခ(ရခိုင်)တစ်မျိုးသားလုံး၏ ရည်မှန်းချက်ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလိုသို့ ရောက်ရှိနေပြီးဖြစ်ကာ ၂၀၂၇ ခုနှစ်မတိုင်မီ လက်ကျန်မြို့များကို သိမ်းပိုက်မည်ဟု AA က ကြေညာထားသည်။
AA သည် ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်နေသည့်အပြင် စစ်တွေမြို့နယ်တွင်လည်း လက်နက်ကြီး၊ ဒရုန်းတို့ ဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေသည်။ ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းတို့တွင် လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတို့ကို သိမ်းပိုက်ထားသည်။ ထို့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးစသည့် ယန္တရားများကို အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရက ဖွဲ့စည်းအုပ်ချုပ်လျက်ရှိသည်။