မြန်မာ ၁ ဦး အိန္ဒိယရူပီး ၄ ကုဋေခွဲ တန်ကြေးရှိ ဆေးခြောက်များနှင့်အတူ အိန္ဒိယ- နီပေါနယ်စပ်၌ ဖမ်းဆီးခံရ
general||3 MIN READ

မြန်မာ ၁ ဦး အိန္ဒိယရူပီး ၄ ကုဋေခွဲ တန်ကြေးရှိ ဆေးခြောက်များနှင့်အတူ အိန္ဒိယ- နီပေါနယ်စပ်၌ ဖမ်းဆီးခံရ

DVB
SourceDVB

AI Summary

အိန္ဒိယ-နီပေါနယ်စပ် ဆိုနောလီဒေသတွင် အိန္ဒိယရူပီး ၄ ကုဋေခွဲတန်ဖိုးရှိ အဆင့်မြင့်ဆေးခြောက် ၄ ဒသမ ၅ ကီလိုဂရမ်ကျော်နှင့်အတူ မြန်မာနိုင်ငံသား ကိုဖြိုးကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဆေးခြောက်များကို ထိုင်းနိုင်ငံမှတစ်ဆင့် နီပေါနိုင်ငံသို့ သယ်ဆောင်ကာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာ မူးယစ်မှောင်ခိုဂိုဏ်းများ၏ မက်လုံးပေးခိုင်းစေမှုကြောင့် ဤသို့သယ်ဆောင်လာခြင်းဖြစ်ပြီး နယ်စပ်အာဏာပိုင်များက သတင်းရရှိထားသဖြင့် ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ယခုဖြစ်စဉ်ကြောင့် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးသယ်ဆောင်မှုများအပေါ် အာဏာပိုင်များက စောင့်ကြည့်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ လက်ရှိတွင် ဖမ်းဆီးခံရသူကို ဂေါရာခ်ပူရ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုထံ လွှဲပြောင်းပေးအပ်ထားပြီး ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေသည်။

အိန္ဒိယရူပီး ၄ ကုဋေခွဲ တန်ကြေးရှိတဲ့ အဆင့်မြင့် ဟိုက်ဒရိုပွန်နစ် ဆေးခြောက် ၄ ဒသမ ၅ ကီလိုဂရမ်ကျော်နဲ့အတူ မြန်မာနိုင်ငံသားတယောက်ကို အိန္ဒိယ-နီပေါနယ်စပ်၊ မဟာရာရှ်ဂန်ဂျ်ခရိုင်၊ ဆိုနောလီနယ်စပ်ဒေသမှာ ဖမ်းမိခဲ့တဲ့အကြောင်း The Times of India သတင်းမှာ ဇွန် ၇ ရက်က ဖော်ပြပါတယ်။

အဆိုပါ ဖမ်းဆီးမှုကို မဟာရာရှ်ဂန်ဂျ် ရဲတပ်ဖွဲ့နဲ့ အိန္ဒိယနယ်ခြားစောင့်တပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးခံရသူ သက် ၃၀ အရွယ် ကိုဖြိုးရဲ့ လက်ဆွဲအိတ်ကို ရှာဖွေရာကနေ ဆေးခြောက် ၆ ထုပ်ကို သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါဆေးခြောက်တွေကို ထိုင်းနိုင်ငံမှာ စတင်လွှဲပြောင်းရယူခဲ့တာ ဖြစ်ပြီး အဲဒီကမှတဆင့် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့ဆီ သယ်ဆောင်ကာ နီပေါလမ်းကြောင်းကနေ အိန္ဒိယနိုင်ငံထဲကို မှောင်ခိုသွင်းခဲ့တာလို့ ဝန်ခံထွက်ဆိုထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ အဆိုပါ မူးယစ်ဆေးဝါးတွေကို အိန္ဒိယနိုင်ငံရဲ့ အဓိက ဆေးခြောက်ဖြန့်ချိရာ အချက်အချာဖြစ်တဲ့ နယူးဒေလီမြို့ဆီ ဦးတည်သယ်ဆောင်နေတာဖြစ်ပြီး နိုင်ငံတကာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကြီးတခု ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေတာပါ။

လက်ရှိမှာတော့ တရားခံကို နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ ဂေါရာခ်ပူရ် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုဆီ လွှဲပြောင်းပေးအပ်ထားပါတယ်။

ဒါဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး သယ်ဆောင်သူတယောက် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားဖို့ရှိတယ်လို့ သတင်းပေးမှုရရှိခဲ့တာကြောင့် အထူးစောင့်ကြည့်ရေးအဖွဲ့က နယ်စပ်အတွင်း ၃၀ မီတာအကွာမှာ ကိုဖြိုးကို တားဆီးရှာဖွေခဲ့တာလို့ နယ်ခြားစောင့်တပ်က ပြောပါတယ်။

မူးယစ်ဂိုဏ်းတွေဟာ ဆေးခြောက် ဂရမ် ၅၀၀ ကို နယူးဒေလီမြို့အထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ရင် အိန္ဒိယရူပီး ၁ သိန်းအထိ ပေးမယ်လို့ မက်လုံးပေးကာ အခုလို သယ်ဆောင်ခိုင်းခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယ-နီပေါနယ်စပ်က ဆိုနောလီလမ်းကြောင်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာလည်း အလားတူ မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိမှုတွေ ဆက်တိုက် ရှိခဲ့တာကြောင့် နိုင်ငံတကာ မူးယစ်မှောင်ခိုဂိုဏ်းတွေ အကြိုက်တွေ့နေတဲ့ လမ်းကြောင်းတခု ဖြစ်လာလို့ အာဏာပိုင်တွေက အထူးစောင့်ကြည့်ပိတ်ဆို့မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

Source: The Times of India

ဆက်စပ်သတင်းများ

AI Curated
မြန်မာ ၁ ဦး အိန္ဒိယရူပီး ၄ ကုဋေခွဲ တန်ကြေးရှိ ဆေးခြောက်များနှင့်အတူ အိန္ဒိယ- နီပေါနယ်စပ်၌ ဖမ်းဆီးခံရ | YGN Daily