စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ကနီဒေသခံသောင်းချီ နေရပ်မပြန်နိုင်

စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ကနီဒေသခံသောင်းချီ နေရပ်မပြန်နိုင်

DVB
SourceDVB

AI Summary

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းတွင် စစ်တပ်က ဧပြီ ၂၈ ရက်မှစ၍ တစ်လကျော်ကြာ စစ်ကြောင်းထိုးနေဆဲဖြစ်ရာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်နေကြရသည်။ စစ်ကြောင်းထိုးမှုကြောင့် လည်ရှည်၊ မင်းမ၊ သမင်ခြံ အပါအဝင် ကျေးရွာပေါင်းများစွာမှ ပြည်သူများသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်။ မိုးဦးကျ စိုက်ပျိုးရာသီဖြစ်သော်လည်း တောင်သူများသည် သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ လာမည့်ရာသီတွင် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဒေသခံများက ပြောသည်။ စစ်ရှောင်စခန်းများတွင် မိုးရွာသွန်းမှုကြောင့် အသက်ကြီးသူများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များ ပိုမိုဒုက္ခရောက်နေကြရပြီး ကျန်ခဲ့သည့် နွား၊ ဝက်များကိုလည်း ပစ်ထားခဲ့ရသည်။ စစ်တပ်သည် ချောင်းမ-ကနီ လမ်းပိုင်းနှင့် မုံရွာ-ချောင်းမ-ယာကြီး-ကလေး လမ်းပိုင်းတို့တွင် တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူပိုင် စားနပ်ရိက္ခာ၊ နွားနှင့် လှည်းများကို သိမ်းယူနေကြောင်း ကနီမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။ စစ်အာဏာရှင်တပ်များသည် ကနီမြို့ကို ပြန်လည်ထိန်းချုပ်ရန်နှင့် အစိုးရရုံးဌာနများကို မြို့ပေါ်တွင် ပြန်လည်ဖွင့်လှစ်ရန် ကြိုးစားနေဆဲဖြစ်သည်။

Photo: CJ/DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းကို စစ်တပ်က ဧပြီ ၂၈ ရက်က စတင်ပြီး ဇွန် ၁ ရက်အထိ တလကျော်ကြာ စစ်ကြောင်းထိုးနေဆဲ ဖြစ်တာကြောင့် ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်ပြန်နိုင်ခြင်းမရှိဘဲ ဖြစ်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နေရပ်မပြန်နိုင်ကြသေးတဲ့ ကျေးရွာတွေဟာ လည်ရှည်ရွာ၊ တွင်းရွာ၊ ချောင်းမအရှေ့ရွာ၊‌ ချောင်းမ အနောက်ရွာ၊‌ အောင်မင်္ဂလာရွာ၊ စိမ့်အင်တိုင်း‌တောတဲများ၊ သင့်ဝင်ရွာ၊ မင်းမရွာ၊ သမင်ခြံရွာ‌၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌မုဌော ‌‌အရှေ့ရွာ၊ မု‌ဌောအနောက်ရွာ၊ ငါးဖျက်ရွာ၊ ပန်းဆိုင်းရွာ၊‌ ညောင်ပင်ဝန်းရွာ၊ တဇယ်‌ချောင်ရွာ၊ ရှမ်း‌မြောင်းရွာ၊ မင်းကုန်းရွာ၊ သရက်‌တောရွာ၊‌ ညောင်သူများရွာ၊ ခိုတွင်းရွာနဲ့ ကင်းတောင်ရွာက ပြည်သူတွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။

မင်းမရွာ စစ်ရှောင်တယောက်က “အခုရာသီက တောင်သူတွေရဲ့ မိုးဦးကျရာသီဖြစ်လို့ စိုက်ပျိုးရာသီဖြစ်ပေမဲ့ ဒီ မအလစစ်ကြောင်းရန်ကြောင့် သီးနှံစိုက်ပျိုးတာတွေ မလုပ်ရဘဲ အကုန် ရွာအပြင်ထွက် ရှောင်နေကြရတာဗျ။ စစ်‌ရှောင်ရတာ တလကျော်ပြီ။ မိုးကလည်း ရက်ဆက်ရွာနေတော့ နေရထိုင်ရတာလည်း အဆင်မပြေဘူး အသက်ကြီးသူတွေ။ က‌လေးငယ်တွေ၊ ဗိုက်ကြီးသည်တွေရော ဆိုတော့ ပို ဒုက္ခရောက်နေကြရတယ်။ ကျန်ခဲ့တဲ့ နွားတွေ၊ ဝက်‌တွေကလည်း ပစ်ထားခဲ့ကြရတာ။ အ‌တော်ကို စိတ်ဆင်းရဲစရာပါဗျာ” လို့ ပြောပါတယ်။

မိုးဦးရာသီမှာ သီနှံမစိုက်ပျိုးရတာကြောင့် လာမဲ့ရာသီမှာ ဒေသခံတွေ စားဝတ်နေရေးအတွက် အခက်အခဲများစွာနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်တပ် စစ်ကြောင်းတွေကတော့ ချောင်းမ-ကနီ လမ်းပိုင်းနဲ့ မုံရွာ-ချောင်းမ-ယာကြီး-ကလေး လမ်းပိုင်းကို တပ်ဖြန့်ခွဲကာ နေ့တိုင်းလိုလို စစ်ကြောင်းထိုးနေတယ်လို့လည်း သိရပါတယ်။

ကနီမြို့နယ် ပကဖ တာဝန်ရှိသူက “သူတို့က ချောင်းမရွာ၊ သင့်ဝင်ရွာ၊ မင်းမရွာနဲ့ သမင်ခြံရွာမှာ တပ်စွဲပြီး အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေဆီ စစ်ကြောင်းထိုးလိုက် အထိုင်စခန်းဆီ ပြန်ဝင်လိုက် လုပ်နေတာ။ ပြည်သူ‌တွေရဲ့ မျိုးမြေပဲ၊ မျိုးပဲစိမ်းငုံ အပါအဝင် ဆန်၊ ဆီတွေကို နေ့တိုင်းလိုလို ယူနေကြတာ။‌ နောက်ပြီး‌တော့ နွားတွေ၊ လှည်းတွေပါ သူတို့က သိမ်းယူတာတွေလည်း လုပ်နေတယ်။ ကျ‌နော်တို့နဲ့ကတော့ တိုက်ပွဲ မဖြစ်ဘူး။ သူ့ဘက်ကစောင့်ကြည့်၊ ကိုယ့်ဘက်က စောင့်ကြည့် အနေအထားပေါ့။ အဲဒါက စစ်ကြောင်းတကြောင်းပေါ့။‌ နောက်ထပ်စစ်ကြောင်းက ကနီမြို့ကနေ ထွက်လာပြီး ရှမ်းမြောင်း၊ မင်းကုန်း၊ တဇယ်‌ချောင် စတဲ့ရွာတွေက ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေကို နွားလှည်းတွေနဲ့ တင်ဆောင်ပြီး ကနီမြို့ထဲကို သယ်ယူနေကြတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်တွေကတော့ ကနီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားနေသလို မုံရွာမြို့မှာ ပြောင်းရွှေ့ဖွင့်လှစ်ထားတဲ့ ကနီမြို့ အစိုးရရုံးဌာနတွေကို ကနီမြို့ပေါ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated