
မြစ်ခြေတွင် စစ်အုပ်စုက သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၃၀ ကျော် တွေ့ရှိထား - BUR.MIZZIMA.COM
AI Summary
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ပေါ်နှင့် အနီးအနားကျေးရွာများတွင် စစ်အုပ်စုတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဇွန်လ ၄ ရက်နေ့အထိ ရုပ်အလောင်း ၃၀ ကျော် တွေ့ရှိထားကြောင်း သိရသည်။ ပခုက္ကူတပ်မ (၁၀၁) မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းအင်အား ၅၀၀ ခန့်သည် မေလ ၁၀ ရက်နေ့တွင် မြစ်ခြေမြို့သို့ ရောက်ရှိလာပြီးနောက် မြို့မဈေးကြီး၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ ၁၁ ခုအထိ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဤလုပ်ရပ်များကြောင့် နေအိမ်ပေါင်း ထောင်နှင့်ချီ မီးလောင်ပျက်စီးခဲ့ပြီး၊ တွေ့ရှိရသည့် ရုပ်အလောင်းအများစုမှာ ပုံပျက်နေပြီဖြစ်၍ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲနေသည်။ ဒေသခံများနှင့် အကူအညီပေးနေသူများက ရုပ်အလောင်းများကို ပြန်လည်ကောက်ယူနေကြသော်လည်း မိုင်းအန္တရာယ်ကို သတိထားနေရဆဲဖြစ်သည်။ စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြစ်ခြေမြို့ခံများနှင့် အနီးအနားကျေးရွာများမှ သောင်းနှင့်ချီသည့် ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိလာသူများသည် ပြန်စရာအိမ်မရှိတော့ဘဲ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။
ဓာတ်ပုံ – မြစ်ခြေမြို့ ကို မေလ ၁၀ ရက်နေ့ တွင် ဝင်ရောက်လာသည့်စစ်အုပ်စုတပ်ဖွဲ့ သည် မြစ်ခြေမြို့မစျေး မြို့ ပေါ်ရပ်ကွက် နှင့် အနီးအနား ကျေးရွာများကို မီးရှို့ဖျက်စီးခြင်း ၊ ဒေသခံ ပြည်သူများကို ဖမ်ဆီးသတ်ဖြတ်ခြင်းများပြုလုပ်ခဲ့ရာ ဇွန်လ ၄ ရက်နေ့ အထိ ရုပ်အလောင်းပေါင်း ၃၀ ကျော် တွေ့ရှိထားကြောင်းသိရသည်။ စစ်ဘေးရှောင်နေကြရသည့် မြစ်ခြေဒေသခံများကိုတွေ့ ရစဉ်။ ( အညာမြေတပ်ပေါင်းစု)
MTO (ဇွန် ၅)
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ပေါ်နှင့် မြို့နီးအနားပတ်ဝန်းကျင်ကျေးရွာများတွင် စစ်အုပ်စုတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ထားခဲ့သည့် ရုပ်အလောင်း ၃၀ ကျော် တွေ့ရှိထားပြီဖြစ်ကြောင်း မြစ်ခြေမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသူများနှင့် ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
ပခုက္ကူတပ်မ (၁၀၁) မှ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် အောင်သာပျူရွာမှ ပျူစောထီး ပူးပေါင်းအင်အား ၅၀၀ ခန့် ပါသည့် စစ်အုပ်စုစစ်ကြောင်းသည် မေလ ၁၀ ရက်တွင် မြစ်ခြေမြို့သို့ ရောက်ရှိလာပြီးနောက် မြို့မဈေးကြီး၊ မြို့ပေါ်ရပ်ကွက်များနှင့် မြို့နှင့်ကပ်ရပ်ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“မနေ့ (ဇွန်လ ၄ ရက်) နေ့အထိ တွေ့တဲ့အလောင်းက ၃၀ ပလပ်စ် ဖြစ်နေပြီ၊ အလောင်းတွေက မြို့အနှံ့ပဲ၊ လမ်းမတွေပေါ်မှာလည်း တွေ့ရတယ်၊ အိမ်တွေထဲမှာလည်း တွေ့ရတယ်၊ သာသနာ့အဆောက်အအုံတွေမှာလည်း တွေ့ရတယ်“ ဟု ယနေ့ မွန်းလွဲပိုင်းတွင် ဒေသခံများကို ကူညီပေးနေသူ အမျိုးသမီးတဦးက ပြောသည်။
စစ်အုပ်စုတပ်ဖွဲ့၏ သတ်ဖြတ်ခံရသူများ၏ အလောင်းများကို ဒေသခံများနှင့် အကူအညီပေးနေသူများက ပြန်လည်ကောက်ယူနေကြပြီး ရုပ်အလောင်းအများစုသည် ပုံပျက်နေပြီဖြစ်သည့်အတွက် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ခက်ခဲနေသည်ဟု ကူညီပေးနေသူများက ဆိုသည်။
“ရုပ်အလောင်းတွေ ကောက်တဲ့အချိန်မှာ ပစ်ခတ်မှုတော့မရှိဘူး၊ ဒါပေမဲ့ မိုင်းအန္တရာယ်ကိုတော့ သတိထားနေရတယ်‘ ဟု စစ်ဘေးရှောင်ကူညီပေးနေသူ နောက်တဦးက ပြောသည်။
စစ်အုပ်စုတပ်ဖွဲ့၏ မေလ ၁၀ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ မြစ်ခြေမြို့မဈေး အပါအဝင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာစုစုပေါင်း ၁၁ ခုအထိ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်ပေါင်း ထောင်နှင့်ချီ မီးလောင်ပျက်စီးခဲ့ရကြောင်း အညာမြေတပ်ပေါင်းစုက အသိပေးထားသည်။
“အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ဆွဲကြီးရွာဆို ရွာလုံးကျွတ်နီးပါး ပြာကျသွားတာ၊ အဲဒီရွာမှာ အခု ရုပ်အလောင်း ကိုးလောင်း တွေ့ထားတယ်” ဟု ဒေသခံတဦးက ပြောသည်။
စစ်အုပ်စုတပ်ဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် မြစ်ခြေမြို့ခံများအပါအဝင် အနီးအနားကျေးရွာများမှ သောင်းနှင့်ချီသည့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသည်။
စစ်အုပ်စုတပ်ဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများသည် ပြန်စရာအိမ်မရှိတော့သည့်အတွက် စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိလာနေပြီး စစ်ဘေးရှောင် မီးဘေးသင့်ပြည်သူများအတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ လိုအပ်နေကြောင်း သိရသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး