
ပေါက်မြို့ ရေပြာရဲစခန်းနှင့် ပျူစောထီးရွာကို NUG/ PDF များသိမ်းပိုက်
AI Summary
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ရေးအရအရေးပါသော ရေပြာရဲစခန်းနှင့် ပျူစောထီးများ အားကောင်းရာ ကုက္ကိုလ်စုရွာတို့ကို ဇွန်လ ၂ ရက်နှင့် ၄ ရက်နေ့များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ ပခုက္ကူ-ပေါက်လမ်းပေါ်ရှိ ရေပြာရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ကုက္ကိုလ်စုရွာသို့ စစ်ကူပို့ရန် စစ်တပ်အတွက် ခက်ခဲစေခဲ့သည်။ ဤနေရာများ လက်လွတ်ဆုံးရှုံးရခြင်းသည် စစ်တပ်အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ပြီး ကုက္ကိုလ်စုရွာကို ရရှိခြင်းဖြင့် ပတ်ဝန်းကျင်ကျေးရွာများစွာကို ထိန်းချုပ်နိုင်မည်ဟု စစ်တပ်ထောက်ခံသူ ဘုန်းတော်ကြီး ပေါက်ကိုယ်တော်က ဝန်ခံပြောကြားခဲ့သည်။ ကုက္ကိုလ်စုရွာတွင် ပျူစောထီးနှင့် စစ်သား ၃၀၀ ခန့် တပ်စွဲထားခဲ့ပြီး တိုက်ခိုက်ခံရချိန်တွင် နေပြည်တော်နှင့် မန္တလေးမှ စစ်ကူတောင်းခဲ့ရကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် စစ်တပ်က လေယာဉ်ဂျက်ဖိုက်တာများနှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ကူပေးနေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်၍ NUG/PDF တပ်ဖွဲ့များက သတင်းအချက်အလက်များ ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ စစ်ရေးအရအရေးပါသည့် ရေပြာရဲစခန်းနှင့် ကုက္ကိုလ်စုရွာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇွန် ၂ရက်နေ့မှစ၍ သုံးရက်အကြာတွင် နှစ်နေရာစလုံးကို သိမ်းပိုက်လိုက်ကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ပခုက္ကူမြို့နှင့် ပေါက်မြို့ကို ဆက်သွယ်ထားသော မုံရွာ- ပုသိမ်လမ်းကြီးပေါ်မှ ရေပြာရဲစခန်းကို ပြီးခဲ့သည့် ဇွန်လ ၂ ရက်တွင်လည်းကောင်း၊ စစ်တပ်ကလက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးပြည်သူ့စစ်များ အားကောင်းရာ ကုက္ကိုလ်စုရွာကို ဇွန်လ ၄ ရက်တွင် လည်းကောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်း အဖွဲံများကသိမ်းပိုက်ခဲ့သည်။
ရေပြာရဲစခန်းနှင့်ကုက္ကိုလ်စုရွာကို လက်လွှတ်လိုက်ရခြင်းသည် စစ်တပ်အတွက် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ပျူစောထီးပြည်သူ့စစ်များကို လေ့ကျင့်ပေးနေသော စစ်တပ်ထောက်ခံသူ အမျိုးသားရေးဝါဒီ စစ်သွေးကြွ ဘုန်းတော်ကြီး ပေါက်ကိုယ်တော်က ဇွန်လ ၄ ရက်တွင် လူမှုကွန်ရက်မှတဆင့် ညည်းတွားခဲ့သည်။
“ကုက္ကိုလ်စုက ပေါက်နဲ့ ပခုက္ကူကြားမှာ အဓိကကျတဲ့နေရာ၊ ကုက္ကိုလ်စုတစ်နေရာကိုရတာနဲ့ ကျေးရွာအကုန်လုံး တော်တော်များများကို (NUG/PDF တွေ) ရသွားတဲ့ အနေအထားတစ်ခုကိုး” ဟု ၎င်းကမှတ်ချက်ပြုသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၆၀၀ ဝန်းကျင်နေထိုင်သည့် ကုက္ကိုလ်စုရွာတွင် ပျူစောထီးနှင့် စစ်သား ၃၀၀ ခန့်တပ်စွဲထားကြောင်း ပေါက်ကိုယ်တော်က ဝန်ခံသည်။ PDF တပ်ဖွဲ့များ လာရောက်တိုက်ခိုက်ချိန်တွင် နေပြည်တော်နှင့် မန္တလေးမှ စစ်ဗိုလ်ချုပ်များထံ စစ်ကူတောင်းခဲ့ရကြောင်းလည်းဆိုသည်။
ကုက္ကိုလ်စုရွာတိုက်ခိုက်ခံရချိန်တွင် ရေပြာရဲစခန်းနှင့်ရေပြာတံတားကို NUG/ PDF တပ်များစီးနင်းထားသဖြင့် ပေါက်မြို့ဘက်မှစစ်ကူများမပို့နိုင်ခဲ့ဟုလည်း ပေါက်ကိုယ်တော်က ပြောသည်။
တိုက်ပွဲများသည် ယနေ့နံနက်ပိုင်းအထိ ဆက်နေပြီး စစ်တပ်က ဗုံးကြဲနေသည်ဟု ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် ပေါက်မြို့နယ် အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူက ယနေ့ (ဇွန်လ ၅ ရက်) အစောပိုင်းတွင် ပြောသည်။
“ အခုလည်း စစ်တပ်က လေယာဉ် ဂျက်ဖိုက်တာ Y12 လက်နက်ကြီး ၁၂၀ (မမ) တို့နဲ့ မနားတမ်း ပစ်ကူပေးနေတာဗျ” ဟု နံနက် ၁၀နာရီခန့်တွင် ၎င်းက ဆိုသည်။
ပြင်းထန်နေသည့် ဒေသတွင်းတိုက်ပွဲများအကြောင်း ပေါက်မြို့နယ် NUG/PDF တပ်ဖွဲ့ထံ Myanmar Now ကဆက်သွယ် မေးမြန်းနေပြီး စစ်တပ်ဘက်ကမူ တိုက်ပွဲအကြောင်းနှင့်ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။
လက်ရှိတွင် လေကြောင်းတိုက်တိုက်မှုများ အဆက်မပြတ် ရှိနေသေး၍ စစ်ရေးအခြေအနေအရ တင်းမာနေခြင်းကြောင့် သတင်းမထုတ်ပြန်နိုင်သေးကြောင်း ပေါက်မြို့နယ်တွင် လှုပ်ရှားနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ပေါက်မြို့နယ်ထဲတွင် ပျူစောထီးများ အားကောင်းသည့် ကျေးရွာများရှိပြီး ဇီးပြား၊ ဝန်ကျုံး၊ သစ်ချိုကုန်း၊ ကုက္ကိုလ်စုရွာတို့ ပါဝင်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလအတွင်းကလည်း ပေါက်မြို့နယ် ကာကွယ်ရေးလက်နက်ပစ္စည်းစက်ရုံနှင့် ပြည်သူ့စစ်များထံ ပခုက္ကူ အခြေစိုက် ခြေမြန်တပ်မ (၁၀၁)မှ စစ်ယာဉ်တန်း ၁၈၀ ကျော်နှင့် စစ်သားအင်အား ၁၀၀၀ ဝန်းကျင်သည် လက်နက်နှင့် ရိက္ခာထောက်ပံရန် ပေါက်မြို့ပေါ်သို့ လာရောက်ရာတွင် နှစ်လကျော်ကြာ ခဲ့သည်။