
AI Summary
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်မှုထမ်းနှစ်ပြည့် လူငယ် ၅ ဦးကို စစ်အာဏာရှင်တပ်က အိမ်ပြန်ခွင့်မပေးဘဲ စစ်မြေပြင်သို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၁ ရက်နေ့တွင် စစ်မှုထမ်းသက် ၂ နှစ်ပြည့်ခဲ့သည့် အဆိုပါလူငယ်များကို ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းမှ အရာရှိများက စစ်ဆင်ရေးအတွက် လိုအပ်ချက်အရဟုဆိုကာ ပြန်မလွှတ်ပေးဘဲ ရေကြည်မြို့နယ် ရခိုင်ရိုးမအစပ်ရှိ စစ်မြေပြင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ဤလုပ်ရပ်ကြောင့် စစ်မှုထမ်းလူငယ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ထိခိုက်နစ်နာခဲ့ရပြီး၊ အသက်အန္တရာယ်ရှိသော စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိခဲ့ရသည်။ ထို့အပြင် ကျုံပျော်မြို့နယ်မှ စစ်မှုထမ်းနေဆဲ အခြားလူငယ်များလည်း မိသားစုများနှင့် အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်မှုထမ်းနှစ်ပြည့် လူငယ် ၅ ယောက်ကို စစ်အာဏာရှင်တပ်က အိမ်ပြန်ခွင့်မပေးဘဲ စစ်မြေပြင်ကို ပြန်ပို့နေတယ်လို့ ကျုံပျော်တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇွန် ၁ ရက်က စစ်မှုထမ်း ၂ နှစ်ပြည့်တဲ့ လူငယ် ၅ ယောက်ကို ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းက စစ်အာဏာရှင်တပ် အရာရှိတွေက စစ်ဆင်ရေးအတွက် လိုအပ်ချက်အရဆိုကာ အိမ်ပြန်ခွင့်မပေးဘဲ စစ်မြေပြင် ပြန်ပို့ခဲ့တာလို့ သိရပါတယ်။
ကျုံပျော်မြို့နယ် ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူက “ဥပဒေနဲ့အညီလုပ်တဲ့ ပုံစံမျိုးနဲ့ စစ်မှုထမ်းတွေကို အိမ်ပြန်မလွှတ်တာ။ လိုအပ်ချက်အရ ထပ်မံစစ်မှုထမ်းဆောင်ရမယ်ဆိုပြီး ပြန်မလွှတ်ပေးတာ” လို့ ပြောပါတယ်။
ကျုံပျော်မြို့နယ်က နှစ်ပြည့်စစ်မှုထမ်းလူငယ် ၅ ယောက်ကို စစ်အာဏာရှင်တပ် အရာရှိတွေက ရေကြည်မြို့နယ် ရခိုင်ရိုးမအစပ်က စစ်မြေပြင်ကို ပြန်ပို့ခဲ့တာလို့ သိရပါတယ်။
ကျုံပျော်မြို့နယ်က စစ်မှုထမ်းမိသားစုဝင်တယောက်က “မသေလို့ ကျန်တဲ့သူတွေကို ထပ်ပြီး ပြန်ပို့နေတာ။ စစ်အာဏာရှင်တပ်အနေနဲ့ အခုလိုလုပ်မယ် ထင်ပါတယ်။ ပြန်လာရတဲ့သူ ဆယ်ဂဏန်းမပြည့်တာတောင် လုပ်ရက်တယ်” လို့ ပြောပါတယ်။
အိမ်ပြန်ခွင့်မရတဲ့ နှစ်ပြည့် စစ်မှုထမ်းလူငယ် ၅ ယောက်ဟာ စစ်မှုထမ်းအပတ်စဉ် ၃ တက်ခဲ့ရတဲ့ ရေကြည်မြို့နယ်က လူငယ် ၂ ယောက်နဲ့ အပတ်စဉ် ၄ တက်ခဲ့ရတဲ့ လေးမျက်နှာမြို့နယ်က လူငယ် ၃ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
ကျုံပျော်မြို့နယ်မှာ စစ်မှုထမ်းနှစ်ပြည့် လူငယ်တွေ အိမ်ပြန်ခွင့်မရတဲ့အပြင် စစ်မှုထမ်းနေဆဲ လူငယ်တွေလည်း မိသားစုတွေနဲ့ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ သိရပါတယ်။