
ဆွာမကြီးစခန်းကို PDF ပူးပေါင်းတပ်များ သိမ်းပိုက်၊ စစ်တောင်းမြစ်အရှေ့ဘက်တွင် တိုက်ပွဲများ ပြင်းထန် - BUR.MIZZIMA.COM
AI Summary
ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ဆွာမကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၃ ရက်နေ့တွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးနှင့် ရွာသစ်ကျေးရွာစခန်းများကို ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဆွာမကြီးစခန်းတိုက်ပွဲ၌ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး စခန်းကို သိမ်းပိုက်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ဇွန်လ ၄ ရက်နေ့က မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲအရာရှိအချို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။ လက်ရှိတွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေတာရှည်နှင့် ဆွာမြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။ စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးကြဲမှုများကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားဒိုင်းအဖြစ် အသုံးပြုခံရမှုများလည်း ရှိနေသည်။ အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်အုပ်စုဘက်မှ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ဓာတ်ပုံ – ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ဆွာမကြီး (ဆွာရွာမ) စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တောင်းမြစ်အရှေ့ဘက်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ယနေ့ (ဇွန်လ ၆ ရက်) တွင် ထုတ်ပြန်သည်။ (နေပြည်တော်တိုင်းစစ်ဌာန)
မဇ္ဈိမ ။ ။ ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ စစ်အုပ်စုတပ်၏ ဆွာမကြီး (ဆွာရွာမ) စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တောင်းမြစ်အရှေ့ဘက်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း နေပြည်တော်တိုင်းစစ်ဌာနက ယနေ့ (ဇွန်လ ၆ ရက်) တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ဇွန်လ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ရှိ ဗျူဟာအမှတ် (၁၈) နှင့် (၁၉) တပ်ဖွဲ့များ၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းကာ ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်အုပ်စုတပ် အင်အား ၆၀ ခန့် တပ်စွဲထားသည့် ဆွာမကြီးကျေးရွာစခန်းနှင့် ရွာသစ်ကျေးရွာစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဆွာမကြီးစခန်း တိုက်ပွဲအတွင်း တင့်ကားတပ်ရင်း အမှတ် (၆၀၁၇) မှ ဗိုလ်မှူး ကျော်လင်းအောင် အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာများဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် နံနက် ၆ နာရီခွဲအချိန်တွင် ဆွာမကြီးစခန်းကို PDF ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် G-3 သေနတ် ၁၁ လက်၊ MA-3 တလက်၊ MA-11 တလက်၊ ပစ္စတိုတလက်၊ ခဲယမ်းမျိုးစုံ ၁,၀၀၀ ကျော်အပြင် မိုင်းများ၊ ၆၀ မမ ပို့ယမ်းများ၊ ကျည်ဘောက်များ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။
အခြားတဖက်တွင် ဇွန်လ ၄ ရက် ညပိုင်းက မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်းရှိ ကွင်းကြီးကျေးရွာအနီး၌ စိုင်ကောင်းရဲစခန်းမှူး လိုက်ပါလာသည့် ယာဉ်တန်းကို နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ခံ တပ်ရင်း (၉၀၂) နှင့် (၉၀၃) တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးအပါအဝင် အရာရှိအချို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်အတွင်း ကျေးရွာများသို့ စစ်အုပ်စုတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး နေပြည်တော်တိုင်းစစ်ဌာန လက်အောက်ခံ ဗျူဟာ (၁၈) နှင့် (၁၉) တပ်ဖွဲ့များ၊ နေပြည်တော် ပကဖ၊ ရေတာရှည် ပကဖ၊ တပ်ရင်း (၃၅၀၄) နှင့် မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ထို့အပြင် စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံးမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရမှုများ ရှိနေကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။ အချို့ကျေးရွာများတွင် ပြည်သူများကို စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများအတွင်း ပိတ်လှောင်ထားခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းများလည်း ရှိနေသည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်အုပ်စုတပ်ဘက်မှ တစုံတရာ ထုတ်ပြန်ခြင်းမျိုး မရှိသေးပါ။
စာတည်း။ ။ နောင်နောင်