ဒီပဲယင်းမှာ လူ ၂၀၀ ကျော်

ဒီပဲယင်းမှာ လူ ၂၀၀ ကျော်

DVB
SourceDVB

AI Summary

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ယာဉ်တန်းကို စစ်တပ်က ကြိုးကိုင်ထားသော လူအုပ်စုက အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ အဆိုပါဖြစ်စဉ်သည် စစ်အာဏာရှင်များ၏ စီမံချက်ဖြင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး NLD အဖွဲ့ဝင်များနှင့် ထောက်ခံသူ ၂၈၂ ဦးအထိ သေဆုံးခဲ့ရသည်။ ထိုစဉ်က စစ်အစိုးရသည် သေဆုံးသူအရေအတွက်ကို လိမ်ညာထုတ်ပြန်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ထောက်လှမ်းရေးအရာရှိများနှင့် ခေါင်းဆောင်ဟောင်းများ၏ ဝန်ခံချက်များအရ အမှန်တရားများ ပေါ်ပေါက်လာခဲ့သည်။ ဤလူသတ်ပွဲကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူများစွာ ထိခိုက်နစ်နာခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အသက်ဘေးမှ သီသီကလေး လွတ်မြောက်ခဲ့သည်။ ယနေ့အချိန်ထိ အဆိုပါ ကျူးလွန်သူများကို အရေးယူနိုင်ခြင်း မရှိသေးဘဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း အလားတူ ရက်စက်ကြမ်းကြုတ်မှုများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ဒီပဲယင်းမြို့၊ သွေးညှီစို့ဆဲ

လူသတ်ပွဲဖြစ်၊ သမိုင်းညစ်ကား

နှစ်ဆယ့်သုံးနှစ်ရောက်လာပြီ။ ။

ဒီပဲယင်းမှာ၊ လူ ၂၀၀ ကျော်

သေဆုံးသော်လည်း၊ ၄ ယောက်ထဲသာ

သေဆုံးတာဟု၊ လိမ်ညာစာရင်းထုတ်ခဲ့သည်။ ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သေကံမရောက် အသက်မပျောက်ခဲ့ရပေမဲ့ ဒဏ်ရာတွေရပြီး အသက်ဘေးကနေ သီသီကလေး လွတ်ခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းက စစ်အာဏာရှင်ကြိုးကိုင်စီမံခဲ့တဲ့ လူသတ်ပွဲကြီးဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဒီပဲယင်းလူသတ်ပွဲကြီး ၂၃ နှစ် ပြည့်ပါပြီ။ ဒီပွဲမှာ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အဖွဲ့ဝင်တွေ၊ NLD ကို ဝန်းရံထောက်ခံသူတွေ၊  NLD ကို ထောက်ခံတဲ့ ဒေသခံ ရွာသူ ရွာသားတွေ စုစုပေါင်း ၂၈၂ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးဘက်ကို ကူးပြောင်းလာတဲ့ စစ်ထောက်လှမ်းရေး အရာရှိတဦးက ပြောပြပါတယ်။

ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်။

ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်။

ဒီမြို့မှာ လူငယ်လေးတယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်။

ဒီမြို့မှာ အမျိုးသမီးတယောက် သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်။

ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။

(ကြည်မောင်သန်း)

လူပေါင်း ၂၈၂ ဦးကို ဒီပဲယင်းမှာ သတ်ဖြတ်

၂၀၀၃ မေ ၃၀ ညဦးပိုင်းက ဖြစ်ခဲ့တဲ့ ဒီပဲယင်းလူသတ်ပွဲကြီးဟာ NLD စည်းရုံးရေးယာဉ်တန်းကို ဒီပဲယင်းမြို့ဝင် ကြည်ရွာမှာ စစ်တပ်ကြိုးကိုင် လူအုပ်ကြီးက ရိုက်နှက် သတ်ဖြတ်ခဲ့ကြတာပါ။ ဒါပေမဲ့ စစ်တပ်က နောက်တနေ့မှာပဲ သတင်းစာရှင်းပွဲလုပ်ပြီး လူ ၄ ဦးသာ သေဆုံးခဲ့ကြောင်း သတင်းလိမ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ လူ ၅၀ ကျော်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်ထောက်လှမ်းရေးမှူး တဦးဖြစ်သူ ဗိုလ်ချုပ်သန်းထွန်းကိုယ်တိုင် ဦးဆောင် သတင်းစာ ရှင်းခဲ့တာပါ။ ဒါပေမဲ့ သေဆုံးသူတွေ ဒဏ်ရာရသူတွေရဲ့ အမည်တွေကိုတော့ ဖော်ပြမပေးခဲ့ပါဘူး။ NLD အဖွဲ့ဝင်တွေ၊ တခြား ရွာသူရွာသား မျက်မြင်သက်သေတွေကတော့ လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပြောပြခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်အနည်းငယ်အကြာမှာ ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာတဲ့ စစ်ထောက်လှမ်းရေး အရာရှိတဦးကတော့ စစ်တပ်ရဲ့စာရင်းအရ မေ ၃၀ ဒီပဲယင်း လူသတ်ပွဲမှာ ၂၈၂ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ စစ်ထောက်လှမ်းရေး အရာရှိက ဖော်ကောင်လုပ်ခဲ့တာပါ။ နောက်ထပ်ဖော်ကောင်လုပ်သူကတော့ အဲ့သည်အချိန် နအဖ စစ်အစိုးရရဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ခင်ညွန့်ပါ။ ဒီပဲယင်းသတ်ပွဲကြီးကို ဦးဆောင်သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပါတယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ပြောခဲ့ပါတယ်။ ဖော်ကောင်လုပ်တာကို ရိုးရိုးမဖော်ဘဲ သူရေးသားခဲ့တဲ့ ဘဝမှတ်တမ်းစာအုပ်မှာ ရေးသားပြီး ပုံနှိပ်ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်စာအုပ် အခန်း ၂၆ ဒီပဲယင်းအကြောင်း

ဒီပဲယင်းအဖြစ်အပျက်နှင့် ကျနော်

ဒီအဖြစ်အပျက်နဲ့ပတ်သက်၍ ကျနော် မသိပါဟု ပြောလျှင် ကျနော် လိမ်ရာရောက်ပါမည်။ ကျနော်က အတွင်းရေးမှူး (၁) ဆိုတော့ ဒီကိစ္စကလည်း နိုင်ငံရေးဖြစ်စဉ် ဖြစ်တာကြောင့် ကျနော် မသိ၍မဖြစ် သိပါသည်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယာဉ်တန်းရှည်ကြီးဖြင့် ရှေ့ပြေး မော်တော်ဆိုင်ကယ် အုပ်စုကြီးဖြင့် လှည့်လည်ကာ စည်းရုံးရေးတရားတွေ ဟောနေသည့်အချိန် ဖြစ်ပါသည်။ ဒီလို အုတ်အော်သောင်းတင်း ဖြစ်ပေါ်နေသည့်အချိန်ဆိုတော့ အစိုးရအဖွဲ့အတွက် စိုးရိမ်စိတ် ဖြစ်ပေါ်နေတာကတော့ အမှန်ဖြစ်ပါသည်။

ဒီလိုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းရှည်ကြီးဟာ မန္တလေးမှထွက်ခွာပြီး လမ်းတလျှောက် စည်းရုံးရေးတရားတွေ ဟောရင်းနဲ့ မုံရွာမြို့လည်းရောက်ရော နအဖ ဥက္ကဋ္ဌ (ဦးသန်းရွှေ) က ကျနော်တို့ လူကြီးပိုင်း ၅ ယောက်၊ ၆ ယောက်ကို သူ့အခန်းသို့ ခေါ်လိုက်ပါသည်။ ကျနော်တို့ လူလည်းစုံရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ပြောပါတယ်။ ထိုအချိန်တွင် ကျနော်ကပဲ အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း ပြောသောအခါ ကျနော်တင်ပြမှုကို လူကြီးက သဘောမတူပါ။ အဲ့ဒါကလည်း ကျနော်အတွက် ကောင်းသည်ဟု မြင်ပါသည်။ ဒီမှာတင်ပဲ ဒီကိစ္စနဲ့ပတ်သက်၍ ကျနော်ကို လုံးဝ တာဝန်မပေးတော့ဘဲ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကို ဦးဆောင်စေကာ အဖွဲ့ဝင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကို ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ကို လိုက်ပါစေပါသည်။

ကျနော့်မှာလည်း တာဝန်ရှိပါသည်

ထိုအချိန်က တိုင်းမှူးကတော့ ဗိုလ်မှူးချုပ်စိုးနိုင် ဖြစ်ပါသည်။ အသေးစိတ် စီစဉ်ညွှန်ကြားမှုတွေတော့ မသိတော့ပါ။ သို့သော် ထောက်လှမ်းရေးတပ်ဖွဲ့တွေက တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ တိုင်းမှူး၏ ကွပ်ကဲမှုအောက်မှာ ရှိတာကြောင့် တချို့ဖြစ်စဉ်တွေကို ကျနော်သိနေရတာ အမှန်ပဲဖြစ်ပါတယ်။ ထို့ကြောင့် ဒီဖြစ်စဉ်ကြီး တခုလုံးမှာ ကျနော် ဦးဆောင်ပါဝင်ရခြင်း မဟုတ်သော်ငြားလည်း ကျနော်သည် အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်တယောက် ဖြစ်တာကြောင့် ကျနော်မှာလည်း တာဝန်ရှိသည်ဟု ခံယူပါသည်။ အစိုးရအဖွဲ့ဆိုတာ အဖွဲ့ဝင်အားလုံး တိုင်ပင်ခြင်း၊ အသိပေးခြင်းဖြင့် လုပ်ငန်းတခုကို အကောင်အထည်ဖော်ရတာ ဖြစ်သောကြောင့် ဘယ်လိုကိစ္စရပ်မျိုးပဲဖြစ်ဖြစ် ဖြစ်ပေါ်လာသည့် အကြောင်းတရားနဲ့ အကျိုးဆက်များအပေါ်မှာ အစိုးရအဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိကြတာပါပဲ။ အားလုံးက တာဝန်ခံကြရမှာ ဖြစ်ပါတယ်ဟူ၍ ပြောလိုပါတယ်။

အထက်စာသားတွေကတော့ ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ရေးတဲ့ “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ" စာအုပ်ပါ ဒီပဲယင်းအကြောင်း ကူးယူဖော်ပြချက် ဖြစ်ပါတယ်။ တွင်း (၁) နအဖကြီး ခင်ညွန့်ကိုယ်တိုင် ဖော်ကောင်ပါပဲ။ ဒီစာအရ ဒီပဲယင်းကို ဦးဆောင်သူက နအဖဥက္ကဋ္ဌ သန်းရွှေဖြစ်ပါတယ်။ အကောင်အထည် ဖော်သူတွေက ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း (ကွယ်လွန်) ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ တိုင်းမှူး ဗိုလ်ချုပ် စိုးနိုင်တို့ ဖြစ်ကြပါတယ်။

ဗြောင်ငြင်းခဲ့ကြသူများ

နအဖ အတွင်းရေးမှူး ၁ ခင်ညွန့်က ပြောခဲ့တဲ့ တရားခံ စာရင်းပါသူ နအဖ အတွင်းရေးမှူး (၂) ဖြစ်သူ ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်းကလည်း ၂၀၁၄ ခုနှစ် ဇွန်လထုတ်  “မမျှော်လင့်သော ခရီးရှည်” စာအုပ်မှာ “ဒီပဲယင်းပြဿနာသည် NLD နှင့် ပြည်ခိုင်ဖြိုးအကြား နိုင်ငံရေးအရ အားပြိုင်မှုဖြစ်စဉ်များထဲမှ မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့ရသော သာမန်ထက်ပိုသည့် ရုန်းရင်းဆန်ခတ်မှုတခုဖြစ်သည်။ သာမန်ထက်ပိုသောဟု ဆိုရခြင်းမှာ ထိုဖြစ်စဉ်တွင် NLD ခေါင်းဆောင် ဦးတင်ဦးနှင့် ဒေါ်စုကြည်တို့ ပါဝင်ပတ်သက်နေသောကြောင့် ဖြစ်သည်" လို့ ရေးသားထားခဲ့ပါတယ်။

ဗိုလ်ချုပ်စိုးဝင်းရဲ့ ပြောဆိုချက်ကတော့ ကြံ့/ဖွံ့နဲ့ NLD ကြားမှာ နအဖ စစ်တပ်က ကြားကနေ ညပ်ပါရတယ်လို့ ဆိုတဲ့သဘောလို့ ပြောချင်ပုံရပါတယ်။ သူ့ရဲ့ "မမျှော်လင့်သောခရီးရှည်" စာအုပ်ထဲမှာတော့ ဒီပဲယင်း လူသတ်ပွဲမှာ သူပါဝင်ခဲ့ရတာကို  "ပဲလှော်ကြား ဆားညပ်တယ်" လို့ ဖြောင့်ကွယ် ကွယ်ထားတာကို တွေ့ရပါတယ်။  “ကျနော့်အပေါ်တွင် အတော်လေး ဂယက်ရိုက်မှုရှိခဲ့သည်။ ဖြစ်စဉ်တခုလုံးသည် ကြိုတင်စီစဉ်ထားသည်ဟုပင် စွပ်စွဲကြသည်။ အထူးသဖြင့် ဒေါ်စုကြည် (မူရင်းအရေးအသား) ကို အသေသတ်ရန်အထိ ကြိုတင်ကြံစည်မှုဟု ဆိုသူက ဆိုကြသည်။ ထိုသို့မဟုတ်ပါဟု ပြောလျှင်လည်း ယုံရခက်သော အနေအထားဖြစ်နေသည်။ ကျနော့် သူငယ်ချင်းတယောက်ကတော့ ပဲလှော်ကြား ဆားညပ်တာဟု ပုံခိုင်းပြီး ပြောသည်” ဟု သူ့ရဲ့  “မမျှော်လင့်သောခရီးရှည်" စာအုပ်မှာ ရေးသားဖော်ပြထားတာပါ။ ဒီပဲယင်းလူသတ်မှုနဲ့ ပတ်သက်ပြီး နအဖ ဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ ခင်ညွန့်နဲ့ စိုးဝင်းတို့ဟာ ၁၉၆၂ 7 July လူသတ်ပွဲကို နေဝင်းနဲ့ အောင်ကြီးတို့ တဦးကို တဦးက ခေါင်းရှောင် လွှဲချခဲ့ကြသလို ထမင်းရည်ပူ လျှာလွှဲ လုပ်ထားခဲ့ကြတာပါပဲ။

လွန်ခဲ့သော ၂၃ နှစ်က ဒီပဲယင်းလူသတ်ပွဲ မြင်ကွင်း

အာဏာငင်ရာ၊ သူလိုက်ပါရ

ကြည်ရွာကသတင်း၊ သွေးချင်းချင်းနီ

အလောင်းချင်းစည်သတဲ့၊ ညသည်ရှည်လျှား

ရထား ရထား၊ ဟယ်လို ဘာရယ်

လွတ်သွားတယ်၊ အေး သတ်မယ်

သတ်မယ် သတ်တဲ့၊ ဖျတ်ခနဲအငေး

ကားကလေးတစီး၊ နီးသထက်နီးလာ

လာပြီ လာပြီ၊ လာပြီပိတ်တိုက်

တိုက်-တိုက် တိုက်စမ်း။ ။

ကျော်ကျည်ခိုင် (ဒီပဲယင်း)

၂၀၀၃ မေ ၃၀ ည၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာနဘေး လူအုပ်ကြီးက ပင်နီဝတ်ထားသူ မှန်သမျှကို ရိုက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားမောင်းသမား ကိုကျော်စိုးလင်းတို့က ဒါကို မြင်နေရတယ်။ သတင်းထောက်လေး တယောက်ဟာ ကင်မရာချိန်နေတုန်း နောက်ကနေ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတယ်။ ခေါင်းကြေမွသွားတယ်။ အဲ့ဒါလည်း ထပ်ဆင့်ရိုက်နေတုန်း။ သတင်းထောက်ကလေး ပွဲချင်းပြီး သေတယ်။ ပင်နီဝတ် NLD အဖွဲ့ဝင်တယောက်ကို ကြံ့ဖွံ့တယောက်က နောက်ကနေ ဓားနဲ့ထိုးတယ်။ ကျောကနေ ရင်ဘတ်ကို ထုတ်ချင်းပေါက်ပဲ။ သူလည်း ပွဲချင်းပြီး သေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကားမောင်းမထွက်ရဘူး။ မပြေးဘူး။ အခု ကိုယ့်လူတွေကို စစ်တပ်က ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက သတ်နေချိန်မှာ အတူ အသေခံမယ်လို့ ပြောနေတယ်။ ကားသမား ကျော်စိုးလင်းကတော့ ခေါင်းဆောင်စကားကို နားထောင်ပြီး အသေခံမလား။ ကားနဲ့ လူအုပ်ကို တိုက်ပြီး ဖောက်ထွက်မလား။ တခုခုကို ရွေးဖို့ ဆုံးဖြတ်နေတယ်။ (ဒေါ်စုရဲ့ ကားသမား ကိုကျော်စိုးလင်း DVB အင်တာဗျူးမှာ ပြန်ပြောပြချက်)

ကိုကျော်စိုးလင်းဟာ ဒေါ်အောင်ဆန်းစုကြည် တားနေတဲ့ကြားက ကားမောင်းထွက်တယ်။ ဒါပေမဲ့ ရှေ့ကိုထွက်လို့မရပါ။ ရိုက်တာ နှက်တာတွေ ပိုဆိုးလာတယ်။ ကားမှန်ကွဲစတွေတောင် ဒေါ်အောင်ဆန်းစုကြည်မျက်နှာကို လာစင်တော့မှ ကားကို ဘက်ဂီယာဆုတ်လိုက်တယ်။ ဒီအခါ ရိုက်နေသူတွေ ဘေးကို ရှဲသွားလို့ ကားကို မောင်းထွက်လာခဲ့တယ်။ လွတ်ပြီ။ ဒါပေမဲ့ နောက်ခပ်ဝေးဝေးကို မောင်းပြီးတော့မှ အဖမ်းခံရတယ်။ ဖမ်းတာက ရဲတွေ။ ရိုက်တဲ့သူတွေ မဟုတ်။

ဒီပဲယင်းလူသတ်ပွဲ ၂၃ နှစ်မြောက်

၂၃ နှစ်ကြာခဲ့ပြီ။ ရိုက်သူ သတ်သူတွေက ရာထူးတွေတက် ချမ်းသာနေကြပြီ။ အရိုက်ခံခဲ့ရသူတွေက ထောင်တွေကျ နှိပ်စက်ခံကြရ အိမ်တွေချိပ်ပိတ်ခံကြရ၊ စီးပွားရေး လုပ်ငန်းတွေ ပိတ်ပင်ခံကကြရ၊ သေဆုံးသူကလည်း ၂၀၀ ကျော်ခဲ့တယ်။ ဒီလို သတ်ဖြတ် နှိပ်စက်တာတွေကို ရပ်တန့်ဖို့ စစ်တရားခံတွေကို အရေးယူဖို့ တောင်းဆိုရင်းက လူသတ်သမားတွေဟာ အာဏာ ပါဝါတွေ တဖြည်းဖြည်း ကြီးမားလာနေပါတယ်။ ဒီပဲယင်းမှာ အဲ့သည်လောက်သာ ကျူးလွန်ခဲ့ပေမဲ့ အခု ၂၀၂၁ စစ်အာဏာသိမ်းရာမှာတော့ စစ်တပ်ဟာ "လူသွေး တခါသောက်ဖူးတဲ့ကျားလို" ဇက်ရဲလက်ရဲ ရက်ရက်စက်စက် ကျူးလွန်ရဲလာနေကြပါပြီ။ လက်နက်ရှိသူဟာ "မလုပ်ရဲတာ ဘာမှမရှိဘူး" လို့ ပြောပြီး သတ် ဖမ်း လု မီးရှို့ ဖျက်ဆီး ဗုံးကြဲတာတွေကို လေယာဉ်တွေနဲ့တောင် ဆက်တိုက် မရပ်မနား လုပ်နေကြပြီ။ အိမ်ပေါင်း ၁ သိန်းကျော်လည်း မီးရှို့ပြီးပြီ။ လူ ၈,၀၀၀ ကျော်ကို သတ်လိုက်ကြပြီ။ လူ ၂၀,၀၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါပြီ။ အခုဆို "ဒီပဲယင်းလူသတ်ပွဲကြီး" မျိုးတွေကို စစ်တပ်က တနိုင်ငံလုံးအနှံ့ ကျူးလွန်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီပဲယင်းလူသတ်ပွဲ တရားခံတွေ ၂၀၂၁ စစ်အာဏာသိမ်းတရားခံတွေကို အရေးယူနိုင်ဖို့ ဒီပဲယင်းလို လူသတ်ပွဲကြီးတွေ ထပ် မပေါ်ပေါက်လာစေဖို့ကတော့ စစ်အာဏာရှင်တွေကို အမြစ်ပြတ်အောင် တိုက်ခိုက် ရှင်းလင်းကြရမှာသာ ဖြစ်ပါတယ်။ ။

မောင်တူး

ဆက်စပ်သတင်းများ

AI Curated
ဒီပဲယင်းမှာ လူ ၂၀၀ ကျော် | YGN Daily