
AI Summary
ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုအချိန်က ရွာဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်တင်ရန် ရွာလုံးကျွတ်အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံ ဦးဝင်းကျော် (အသက် ၃၀ ကျော်) သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ရာ၊ ဒဏ်ရာရသူတစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။ မုံရွာအခြေစိုက် ဂျိုင်ရိုကော်ပတာ ၄ စီးဖြင့် ဗုံး ၅ လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့သက်သက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ လက်ရှိတွင် လူမှုကယ်ဆယ်ရေးသမားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည်။ ရှမ်းထူးရွာသည် ယခင်ကလည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ခံခဲ့ရဖူးသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာ ဘုန်းကြီးကျောင်းကို ဇွန် ၅ ရက် မွန်းလွဲပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁ ယောက်သေပြီး ၂ ယောက် ဒဏ်ရာ ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ရွာဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ကိုယ်တော်တင်ဖို့ တရွာလုံး အစည်းအဝေးလုပ်နေတာကို အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဗျ။ နေရာတင် သေဆုံးတာက ဦးဝင်းကျော်၊ အသက် ၃၀ ကျော် အရွယ်ဗျ။ အခြားဒဏ်ရာရတဲ့သူနှစ်ဦးလည်း ရှိတယ်ဗျ။ အဲဒီ ၂ ဦးထဲက တဦးက အသက်အန္တရယ်အတွက် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
မုံရွာအခြေစိုက် နမခတက် ဂျိုင်ရိုကော်ပတာ ၄ စင်းနဲ့ ဗုံးကြဲခဲ့တာလို့ သိရပါတယ်။
ချောင်းဦးအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တယောက်က “၁ နာရီ ၂၈ ကနေစပြီး ဗုံးကြဲချတာ။ ဂျိုင်ရိုကော်ပတာ ၄ စီး အသုံးပြုပြီး ဗုံးသီး ၅ လုံး ကြဲချသွားတာ။ ဘုန်းကြီးကျောင်းပေါ်ကို တည့်တည့် ကျတာလို့ သိထားရတယ်။ အခုလောလောဆယ်တော့ လူမှုကယ်ဆယ်ရေးသမားတွေ ကူညီပေးနေကြတယ်။ တိုက်ပွဲက မဖြစ်ပါဘူး။ သူတို့ အကြောင်းမဲ့သက်သက်ကို ကြဲချ သွားတာ ပါ” လို့ ပြောပါတယ်။
ရှမ်းထူးရွာဟာ ချောင်းဦးမြို့အနောက်ဘက်မှာတည်ရှိပြီး စစ်တပ်က ၂၀၂၆ မတ် ၂၀ ရက်က ရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၅၀ လောက် မီးလောင်ဆုံးရှုံးခဲ့သလို ဖေဖော်ဝါရီ ၂ ရက်၊ ည ၁၀ နာရီခွဲကလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံ ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။