ခြိမ်းခြောက် ဖိအားပေးမှုမျိုးကို ကျနော်တို့ ဒူးထောက်မှာမဟုတ်ဘူး - AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

ခြိမ်းခြောက် ဖိအားပေးမှုမျိုးကို ကျနော်တို့ ဒူးထောက်မှာမဟုတ်ဘူး - AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

DVB
SourceDVB

AI Summary

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် နိုင်ငံခြားသတင်းထောက်တစ်ဦးနှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ပြီး လက်ရှိစစ်ရေးအခြေအနေ၊ ရခိုင်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်မှုနှင့် ၎င်းတို့အဖွဲ့၏ ရည်မှန်းချက်များကို ရှင်းပြခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော AA သည် ရခိုင်ဒေသတွင်း အင်အားစုများ စည်းလုံးမှုအားနည်းခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ အကူအညီဖြင့် ပေါ်ပေါက်လာခဲ့ပြီး ပြည်သူလူထု၏ ထောက်ခံမှု၊ ပထဝီအနေအထားနှင့် နည်းပညာအသုံးချမှုတို့ကြောင့် စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်အာဏာရှင်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရေးကို ကြိုဆိုသော်လည်း လက်တွေ့ကျပြီး ရိုးသားမှုရှိရန် လိုအပ်ကြောင်း၊ အရပ်သားများ လေကြောင်းတိုက်ခိုက်မှုဒဏ်မှ ကာကွယ်ရန် ဦးစားပေးဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့နှင့် ဆက်ဆံရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲများအပေါ် ၎င်း၏အမြင်များကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်၏ အနာဂတ်အတွက် ပြည်သူများ၏ ဆင်းရဲဒုက္ခများ အဆုံးသတ်ပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ရရှိရန် မျှော်လင့်ကြောင်းနှင့် အဆိုးဆုံးအခြေအနေများအတွက်ပါ ပြင်ဆင်ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

Photo: AA

အာရက္ခတပ်တော် (AA) နဲ့ သူတို့ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဟာ လက်ရှိ စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ အကြီးဆုံး တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ပါဝင်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁၇ နှစ်အကြာမှာတော့ AA ဟာ မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ ရခိုင်ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားနိုင်ပါပြီ။ ဒါဟာ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ အကြီးမားဆုံး လွတ်မြောက်နယ်မြေကို ရယူထားနိုင်တာလို့ ဆိုရပါမယ်။ ရခိုင်ဒေသဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နိုင်ငံတကာ အာရုံစိုက်မှုခံခဲ့ရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

AA နဲ့ ULA ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ အရင်က မီဒီယာတွေကို အွန်လိုင်းကနေတဆင့် အင်တာဗျူး ဖြေခဲ့ဖူးပေမဲ့ နိုင်ငံခြားသတင်းထောက်တယောက်နဲ့ လူချင်းတွေ့ဆုံ အင်တာဗျူးတာမျိုးတော့ တခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုရမှာပါ။ The Diplomat သတင်းဌာနက သတင်းထောက် ရာဂျစ် ဘတ္တာချာရီယာနဲ့ မတ်လ ၂ ရက်က ရခိုင်ဒေသက လျှို့ဝှက်နေရာတခုမှာ တွေ့ဆုံခဲ့တာပါ။ သတင်းထောက်အတွက်တော့ တွေ့ဆုံမဲ့နေရာကို ရောက်ဖို့ ကုန်းလမ်း၊ ရေလမ်း ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ရသလို တောတောင်တွေထဲမှာလည်း လမ်းလျှောက် ခရီးနှင်ခဲ့ရပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာစစ်အာဏာရှင်အစိုးရနဲ့ ဆွေးနွေးရေး၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေး၊ ပြီးတော့ သူတို့အဖွဲ့အပေါ် စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေ အပါအဝင် ကိစ္စရပ်တော်တော်များများနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။

မေး - ဗိုလ်ချုပ်ရဲ့ နောက်ခံအကြောင်းလေးနဲ့ အာရက္ခတပ်တော်ရဲ့ ခေါင်းဆောင် ဘယ်လိုဖြစ်လာခဲ့သလဲဆိုတာ ပြောပြပေးပါလား။

ဖြေ - “ကျနော် စစ်တွေမှာ ဥပဒေကျောင်း တက်ခဲ့ပေမဲ့ ကျောင်းမပြီးခဲ့ပါဘူး။ ကျောင်းသားခေါင်းဆောင်တယောက် အနေနဲ့တော့ တက်တက်ကြွကြွ ရှိခဲ့ပါတယ်။ ကိုးတန်းကျောင်းသားဘဝမှာ စစ်တပ်နဲ့ တခါ ထိပ်တိုက်တွေ့ဖူးပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမားတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ အဲဒါက စစ်တပ်နဲ့ ကျနော် ပထမဆုံး အတွေ့အကြုံပါပဲ။”

“၁၉၉၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းလောက်မှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စတင်ဖြတ်ကျော်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၁၉၉၈ ခုနှစ် ‘လီချ် စစ်ဆင်ရေး’ (Operation Leech) မှာ ရခိုင်တော်လှန်ရေးသမားတချို့ ကျဆုံးပြီးတဲ့နောက်ပိုင်းမှာ သွားခဲ့တာပါ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ရဲ့ လှုပ်ရှားမှုတွေကနေ ကျနော်တို့ အများကြီး သင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဒီအဖွဲ့တွေဟာ ကျနော်တို့ ထင်ထားသလောက် အင်အားမကြီးဘူး ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ စည်းလုံးညီညွတ်မှု လိုအပ်နေပြီ ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အထိတော့ ဒီရခိုင်အဖွဲ့တွေ အားလုံးကို စည်းလုံးသွားအောင် လုပ်ဖို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။”

“အဲဒီနှစ်မှာပဲ အထောက်အထား လက်မှတ်မပါဘဲ အိန္ဒိယနိုင်ငံကို ကျနော် ခရီးထွက်ခဲ့ပါတယ်။ မဏိပူရ်ဘက်ကနေ အိန္ဒိယနယ်စပ်ကို ဖြတ်ပြီး အင်ဖာမှာ နေခဲ့ပါတယ်။ အဲဒီကနေ အာသံပြည်နယ် ဂူဝါဟတီကို ဆက်သွားခဲ့ပါတယ်။ တြိပူရက ခေါင်းဆောင်တယောက် အပါအဝင် ခေါင်းဆောင်အများအပြားနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဂူဝါဟတီကနေ ဒေလီကို ရထားနဲ့ ဆက်သွားခဲ့ပါတယ်။ ဒေလီမှာ ရက် ၂၀ လောက်နေခဲ့ပြီး ဝိကာပူရီမှာလုပ်တဲ့ ရခိုင်အမျိုးသားကောင်စီ (ANC) ရဲ့ ပထမဆုံး အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်တွေက အသေးအဖွဲကိစ္စလေးတွေနဲ့ ငြင်းခုံနေကြတာကို တွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့လိုချင်တဲ့ စည်းလုံးညီညွတ်မှုဆိုတာ သူတို့နဲ့လုပ်လို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်သွားခဲ့တယ်။ သူတို့နဲ့ အချိန်မဖြုန်းသင့်တော့ဘူး ဆိုတာကိုလည်း သဘောပေါက်သွားပါတယ်။”

“အဲဒီနောက်မှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရယ်၊ မြန်မာနိုင်ငံ တခြားဒေသက အဖွဲ့အစည်းတွေရယ်နဲ့ အဆက်အသွယ်လုပ်ဖို့ စတင် စဉ်းစားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းတွေကနေတဆင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အဆက်အသွယ် ရခဲ့ပါတယ်။ ကျနော် စစ်တွေတက္ကသိုလ်မှာ ဥပဒေသင်တန်း တက်နေရင်းနဲ့ပဲ ဧည့်လမ်းညွှန်လုပ်တာတို့၊ ကျောက်မျက်ရတနာ ရောင်းတာတို့ကို လုပ်ခဲ့ပါတယ်။ အဲဒါတွေက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည်တွေကတဆင့် ကျနော့်ရဲ့ အဆက်အသွယ် ကွန်ရက်တွေကို ချဲ့ထွင်ဖို့ အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ကျနော်နဲ့ အဆက်အသွယ်ရှိတဲ့ အမေရိကန် သူငယ်ချင်းတချို့က အမေရိကန်မှာ ကျောင်းလာတက်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ကျနော်ကတော့ မြေပြင်မှာ လက်တွေ့ဆင်းလုပ်ရတာကိုပဲ ပိုစိတ်ဝင်စားခဲ့ပါတယ်။”

“၂၀၀၅ ခုနှစ်မှာ ကျနော် အိမ်ထောင်ကျခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွက် ကျနော့်ရဲ့ အစီအစဉ်တွေကို အမျိုးသမီးကို ပြောပြခဲ့ပါတယ်။ အခု ကျနော်တို့အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ-၃ ဖြစ်နေတဲ့ ကျနော့် အစ်ကိုကြီးက KIA နဲ့ အဆက်အသွယ်ရဖို့ ကူညီပေးခဲ့ပါတယ်။ ကချင်ပြည်နယ်ကို သွားဖို့အတွက် ကျနော့်ရဲ့ အိုမီဂါနာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကချင်ပြည်နယ်ကို ပထမဆုံး ခရီးစဉ်အဖြစ် သွားခဲ့ပြီး KIA နဲ့ အမြင်သဘောထားတွေ ဖလှယ်တာ၊ အဲဒီက စစ်သင်တန်းတွေကို သီတင်းနှစ်ပတ်ကြာ လေ့လာခဲ့ပါတယ်။”

“KIA နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ၃ နှစ် အချိန်ယူခဲ့ရပါတယ်။ အဲဒီအချိန်က KIA ဟာ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့လည်း စစ်အစိုးရရဲ့ ဖိအားပေးတာကို ခံနေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIA အတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ KIA ဆီကနေ စစ်သင်တန်းပေးဖို့ သဘောတူညီချက် ရခဲ့ပြီး နောက်တနှစ်မှာ သင်တန်းစတင်ခဲ့ပါတယ်။ ကျနော်တို့ဘက်က ရဲဘော် ၅၀ ကို သင်တန်းပေးဖို့ စီစဉ်ထားပေမဲ့ KIA က ၂၆ ယောက်ကိုပဲ လက်ခံခဲ့ပါတယ်။ ကချင်ပြည်နယ်ကို အသွားလမ်းမှာပဲ ကျနော်တို့ သူငယ်ချင်းတချို့ကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးသွားခဲ့ပါတယ်။”

“ကချင်ပြည်နယ်မှာ ၂ နှစ်လောက်နေပြီး ရိုင်ဖယ်သေနတ် အလက် ၂၀၀ နဲ့ ရခိုင်ကို ပြန်လာဖို့ ကျနော်တို့ စဉ်းစားခဲ့ပါတယ်။ စစ်ရေးနဲ့ ပတ်သက်တာတွေကို လေ့လာသင်ယူခဲ့ပါတယ်။ စစ်ရေးမဟာဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကိုလည်း အများကြီး ဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်လောက်မှာပဲ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ လူငယ်တွေနဲ့ အဆက်အသွယ်လုပ်ခဲ့ပြီး သင်တန်းပေးဖို့ လူသစ်တွေ စတင်ရှာဖွေခဲ့ပါတယ်။ (စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့အတွက်) ဒီသင်တန်းတွေကို လျှို့ဝှက်ထားရမှာဖြစ်လို့ KIA ဘက်ကတော့ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။ ၂ နှစ်အတွင်းမှာ ရဲဘော် ၃၀၀ လောက်ကို ကျနော်တို့ သင်တန်းပေးနိုင်ခဲ့ပါတယ်။ တချို့အချိန်တွေမှာ ရိက္ခာပြတ်လပ်တာတွေ ကြုံခဲ့ရပြီး နောက်ပိုင်းမှာတော့ နယ်စပ်တလျှောက် ကျောက်စိမ်းလုပ်ငန်းမှာ ဝင်လုပ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကွန်ရက်ချဲ့ထွင်ဖို့အတွက် ရွှေတြိဂံဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို လူ ၁၉ ယောက် စေလွှတ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်က ကိုးကန့်နဲ့ ပလောင် အဖွဲ့တွေနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီဒေသတွေကနေ လက်နက်တချို့ စုဆောင်းနိုင်ခဲ့ပါတယ်။”

“အာရက္ခတပ်တော် (AA) နဲ့ မြန်မာစစ်တပ် ပထမဆုံး စတင်တိုက်ပွဲဖြစ်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ပလက်ဝမှာပါ။ အဲဒီတိုက်ပွဲမှာ မြန်မာစစ်တပ်က ဗိုလ်ကြီးတယောက် ကျဆုံးခဲ့ပါတယ်။”

မေး - ဗိုလ်ချုပ်မှာ စစ်ရေးအတွေ့အကြုံ မရှိခဲ့ပေမဲ့ လက်ရှိ စစ်ရေးအရ AA ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ ဗိုလ်ချုပ်ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ဘာများဖြစ်မလဲ။

ဖြေ - “လူတွေမှာ ပြောသာပြောပေမဲ့ တကယ် လက်တွေ့မလုပ်တဲ့ အရာတွေ ရှိပါတယ်။ အလားတူ တကယ် လက်တွေ့လုပ်ပြီး လူသိရှင်ကြား မပြောတဲ့အရာတွေလည်း ရှိပါတယ်။ ပြောလည်းပြော၊ တကယ်လည်း လက်တွေ့လုပ်တဲ့ အရာတွေလည်း ရှိပါတယ်။ ရခိုင်ပြည်နယ်ဆိုတာ သေးငယ်တဲ့ နယ်မြေလေးတခုပါ။ ဒါပေမဲ့ အရင်က ကျနော်တို့လူမျိုးတွေဟာ မသေးငယ်ခဲ့ပါဘူး။ နယ်မြေလေး တကွက်အတွက် အချင်းချင်း ငြင်းခုံနေမဲ့အစား ကိုယ်လုပ်ဖို့ လိုအပ်တာကိုပဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နယ်မြေချဲ့ထွင်ဖို့ ရည်မှန်းချက်တွေကို ပါးစပ်က ပြောနေမဲ့အစား ကိုယ့်ရဲ့ တာဝန်အပေါ်မှာ သစ္စာရှိရှိ အာရုံစိုက် လုပ်ဆောင်တာက ပိုကောင်းပါတယ်။”

“ကျနော်တို့ အောင်မြင်မှုကို အထောက်အကူပြုတဲ့ အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့က အလွန်ကြီးကျယ်တဲ့ အောင်မြင်မှုအဆင့်ကိုတော့ မရောက်သေးပါဘူး။ စိတ်ရှည်ရမယ်၊ ရည်မှန်းချက်ကို အာရုံစိုက်ထားရပါမယ်။ ပြီးတော့ ကန့်သတ်ချက်ရှိတဲ့ အရင်းအမြစ်တွေနဲ့ လည်ပတ်နိုင်အောင် စီမံခန့်ခွဲရပါမယ်။”

“ကျနော်တို့ရဲ့ အောင်မြင်မှုကို အထောက်အကူပြုတဲ့ အဓိကအချက်ကတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုပါပဲ။ ရခိုင်ပြည်နယ်အတွင်းက လူမျိုးစုအသီးသီးကြားမှာ ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ အရင်ကဆိုရင် အထူးသဖြင့် ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေက ဖြစ်ရပ်တွေ ( မွတ်စလင်အသိုက်အဝန်း အများအပြား မြန်မာနိုင်ငံကနေ နှင်ထုတ်ခံခဲ့ရတဲ့ဖြစ်ရပ်) ပြီး နောက်ပိုင်းမှာ မွတ်စလင် အသိုက်အဝန်းနဲ့ဆိုရင် ယုံကြည်မှု အတော်လေး ကင်းမဲ့နေခဲ့ပါတယ်။ ပုံမှန်အချိန်မျိုးဆိုရင် သူတို့ကို ချဉ်းကပ်ဖို့တောင် မဖြစ်နိုင်ပါဘူး။ သူတို့ကလည်း မိတ်ဆွေတွေကို ရှာဖွေနေတဲ့အချိန်ဖြစ်ပြီး ကျနော်တို့ရဲ့ မူဝါဒတွေကို သူတို့ကို ရှင်းပြနိုင်ခဲ့ပါတယ်။ ဒါဟာ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်ခဲ့ပါတယ်။”

“နောက်ထပ် အရေးပါတဲ့ အချက်တခုကတော့ မြေပြင် ပထဝီ အနေအထားပါပဲ။ မြန်မာစစ်တပ်မှာက အခြေခံအဆောက်အအုံ ပိုကောင်းပါတယ်။ ကျနော်တို့ရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိပေမဲ့ အဲဒါတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ စစ်ပွဲတွေမှာ အလွန်ရဲရင့်ပြီး စွမ်းရည်ပြည့်ဝတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ၊ အရာရှိတွေကို ကျနော် အလွန်ဂုဏ်ယူပါတယ်။ ကျနော်တို့ ဌာနချုပ်ဟာ ဂြိုဟ်တုဆက်သွယ်ရေး အပါအဝင် ရနိုင်သမျှ နည်းပညာအားလုံးကို ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ အဲဒါတွေကို ပေါင်းစပ်ပြီး ထိရောက်တဲ့ ဆက်သွယ်ရေးစနစ်တခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။”

“ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာတော့ ကျနော့်အဖွဲ့တခုလုံးမှာ အသေအချာ ပြင်ဆင်ပြီး အလုပ်ကို အပြည့်အဝ မြှုပ်နှံထားတဲ့သူတွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။ သူတို့နဲ့အတူ သဟဇာတဖြစ်ဖြစ် ကျနော် အလုပ်လုပ်နိုင်ခဲ့ပါတယ်။”

မေး - ၂၀၂၅ ခုနှစ်တုန်းကတော့ စစ်ရေးအရ အကြိတ်အနယ်ရှိခဲ့တဲ့နှစ်ပါ။ AA အနေနဲ့ ကျောက်ဖြူနဲ့ စစ်တွေကို တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပေမဲ့ တခြား တော်လှန်ရေးအဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ပြီး မြန်မာပြည်မဘက်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဒါဟာ မဟာဗျူဟာ အပြောင်းအလဲကို ပြသနေတာလား။

ဖြေ - “မဟာဗျူဟာနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောဖို့က စောလွန်းပါသေးတယ်။ အခုပြောရင် လိုရာမရောက် ဖြစ်သွားနိုင်ပါတယ်။”

မေး - ညှိနှိုင်းအဖြေရှာဖို့ စစ်တပ်ရဲ့ ကမ်းလှမ်းချက်ကို AA က ကြိုဆိုနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဖြေ - “နိုင်ငံရေးအရ ဆွေးနွေးတာနဲ့ တည်ငြိမ်မှုရတာက အားလုံးရဲ့ အကျိုးစီးပွားပါပဲ။ ကျနော်တို့ နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုပါတယ်။ ဒါကို ဒီလောက်ပဲ ပြောထားပါရစေ။”

မေး - ကျနော် ရခိုင်ဒေသကို ရောက်လာတဲ့ တလလောက်အတွင်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က လူ ၁၇ ယောက် သေဆုံးခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ်က နေရာတခုကို ကျနော် သွားရောက်ခဲ့ပါတယ်။ အခု ရွေးကောက်ပွဲတွေ ပြီးသွားပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ထားပါသလဲ။

ဖြေ - “အရပ်သားတွေရဲ့ လုံခြုံရေးက ကျနော်တို့ရဲ့ ပထမဦးစားပေးပါ။ အရပ်သား ပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ဖို့ ရနိုင်သမျှ နည်းလမ်းအားလုံးကို ကျနော်တို့ ရှာဖွေနေပါတယ်။ ဒါက ခက်ခဲပါတယ်။ ဒီလို လေကြောင်းကနေ ဗုံးကြဲတာတွေကို မှတ်တမ်းတင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ သိပ်တော့ ထိရောက်မှု မရှိလှပါဘူး။ ဒါဟာ အလွန်ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စရပ်တခုပါ။ ဒါကြောင့်မို့ စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသရွေ့တော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ရှာဖွေဖို့ဆိုတာ ကျနော်တို့အတွက် အလွန်ခက်ခဲပါလိမ့်မယ်။ စစ်အာဏာရှင်အစိုးရက အင်အားသုံးပြီး ခြိမ်းခြောက် ဆွေးနွေးချင်နေတာပါ။ ဒါပေမဲ့ အဲဒီလို ဖိအားပေးမှုမျိုးကို ကျနော်တို့ ဒူးထောက်မှာ မဟုတ်ပါဘူး။”

မေး - လွန်ခဲ့တဲ့ ၂ နှစ်က တရုတ်နိုင်ငံမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ AA တို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတုန်းက ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေ တပ်စွဲမထားဖို့ AA က တောင်းဆိုခဲ့ပြီး ဆွေးနွေးပွဲ ပျက်သွားခဲ့ပါတယ်။ အခုရော စစ်အာဏာရှင်အစိုးရနဲ့ အဲဒီလို ဆွေးနွေးပွဲမျိုး လုပ်ဖို့ ဆန္ဒရှိပါသေးလား။

ဖြေ - “ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါက ကျနော်တို့လိုချင်တဲ့ အရာပါပဲ။ စစ်အာဏာရှင်အစိုးရက ကျနော်တို့ကို ၂၀၂၃ မတိုင်ခင် အခြေအနေကို ပြန်သွားစေချင်နေတာပါ။ အဲဒီလိုဆိုရင် ကျနော်တို့ကလည်း (ရခိုင်နိုင်ငံတော် ကျဆုံးခဲ့တဲ့) ၁၇၈၄ ခုနှစ် အခြေအနေကိုပဲ ပြန်သွားချင်ပါတယ်။ လက်တွေ့မဆန်တဲ့ အရာတွေကို တောင်းဆိုနေမဲ့အစား စစ်အာဏာရှင်အစိုးရအနေနဲ့ လက်တွေ့ကျကျ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့၊ အားလုံးပါဝင်ပြီး ရိုးသားတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မြေပြင်အမှန်တရားနဲ့ ကင်းကွာနေလို့ မရပါဘူး။”

မေး - ၂၀၂၃ ခုနှစ်က စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို ကျနော် ရောက်ခဲ့တုန်းက တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် တော်တော်များများနဲ့ တွေ့ခဲ့ပါတယ်။ သူတို့အများစုက စစ်အာဏာရှင်အစိုးရဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ကျဆုံးသွားမယ်လို့ ယုံကြည်နေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ စစ်တပ်က တချို့ဒေသတွေမှာ အသာစီး ပြန်ရလာပါတယ်။ ဒါကို ဘယ်လို ရှင်းပြချင်ပါသလဲ။

ဖြေ - “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အရေးပါတဲ့ နိုင်ငံရေးဇာတ်ဆောင်တခုပါ။ သူတို့ကို ကျနော်တို့ လေးစားပါတယ်။ အခြား အင်အားစုတွေလည်း ရှိပါသေးတယ်။ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တခုအတွက် အားလုံး စည်းစည်းလုံးလုံးရှိကြဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ လက်ရှိ အခြေအနေကတော့ ကြိုတင်ခန့်မှန်းရ ခက်နေဆဲပါ။ မြန်မာစစ်တပ် သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် နောက်ထပ် သွေးထွက်သံယိုမှုတွေ အများကြီး ဆက်ဖြစ်နေဦးမှာပါ။”

မေး - အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအကြောင်း မေးချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) အစိုးရသစ်ကို ဗိုလ်ချုပ် ဂုဏ်ပြုစကား ပြောထားတာ တွေ့ရပါတယ်။ ယေဘုယျအမြင်ကတော့ BNP အစိုးရဟာ အစွန်းရောက်တဲ့ ရပ်တည်ချက်တွေကို ရှောင်ရှားပြီး ရခိုင်အရေးနဲ့ ပတ်သက်ရင် မူဝါဒနှစ်မျိုး ကျင့်သုံးလိမ့်မယ်လို့ ယူဆရပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ AA ကို ဖိအားပေးတာမျိုး ရှိနိုင်သလို RSO နဲ့ ARSA လို ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာမျိုးလည်း ရှိနိုင်ပါတယ်။ အစိုးရသစ်ဆီကနေ ဘာတွေ မျှော်လင့်ထားပါသလဲ။

ဖြေ - “ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ကောင်းမွန်သင့်တော်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့် ရဖို့ပါပဲ။ ပထမအချက်အနေနဲ့ ဒေသတွင်းမှာ ရှိနေပြီးသား အဖွဲ့အစည်းတွေကို မဟုတ်မမှန် စွပ်စွဲချက်တွေ လုပ်နေမဲ့အစား သူတို့ကို ပိုပြီး အားကောင်းလာအောင် လုပ်ပေးရပါမယ်။ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ (Arakan People’s Revolutionary Government) ကို အသိအမှတ်ပြု အားပေးမှုမရှိဘဲ ကောင်းမွန်တဲ့ အခြေအနေတရပ် ဖန်တီးဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ အဆင်ပြေတဲ့ အခြေအနေမျိုးကို ကျနော်တို့ ဖန်တီးချင်ပါတယ်။ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့က ကျနော်တို့ရဲ့ ပထမဆုံး ဦးစားပေးပါ။ ဒါပေမဲ့ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကတော့ ပြဿနာတွေကို ပိုကြီးလာစေပါလိမ့်မယ်။ ကျနော်တို့ကတော့ ဘယ်လို အခြေအနေမျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။”

မေး - မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးနေပါတယ်။ အခုဆိုရင် စစ်တပ်က ပိုပြီး ရန်လိုလာနိုင်ပါတယ်။ RSO နဲ့ ARSA အဖွဲ့တွေဟာ မောင်တောမြို့နဲ့ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ စခန်းတွေ ရှိနေပါတယ်။ AA အနေနဲ့ စစ်မျက်နှာ နှစ်ခုဖွင့်ပြီး တိုက်ရမဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တယ် ဆိုတာကိုလည်း မျက်ကွယ်ပြုထားလို့ မရပါဘူး။

ဖြေ - “ဒီလိုအခြေအနေမျိုး မဖြစ်လာအောင် ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ဘာလို့လဲဆိုတော့ ဒါဟာ ကျနော်တို့အတွက်ရော ဘင်္ဂလားဒေ့ရှ်ရဲ့ အကျိုးစီးပွားအတွက်ပါ ထိခိုက်စေလို့ပါပဲ‌။”

မေး - ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးကိုရော ချက်ချင်း ပြန်စချင်ပါသလား။

ဖြေ - “ဟုတ်ပါတယ်။ ကုန်သွယ်ရေးပြန်စဖို့ စောင့်ဆိုင်းနေကြတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ နယ်စပ်နှစ်ဖက်စလုံးမှာ အများကြီးရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်က လူဦးရေများတဲ့ နိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ တံငါသည်တွေ အပါအဝင် ပြည်သူတွေ၊ လူ့အသိုက်အဝန်းတွေ နယ်စပ်တလျှောက်မှာ အများကြီးရှိပါတယ်။ မြေပြင်က လက်တွေ့အခြေအနေတွေကို လက်ခံလိုက်ပြီဆိုရင် ဒီကိစ္စတွေကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းနိုင်ပါတယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ကျနော်တို့ဘက်ကလည်း ကောင်းကောင်း တုံ့ပြန်သွားမှာပါ။ တံငါသည်တွေကိုလည်း ကျနော်တို့ ခွင့်ပြုပေးပြီး သူတို့ရဲ့ လုပ်ငန်းတွေကို စည်းကမ်းတကျ လုပ်ကိုင်ခွင့် ပေးသွားမှာပါ။”

မေး - ဘင်္ဂလားဒေ့ရှ်က လူသားချင်းစာနာမှု စင်္ကြံ (Humanitarian corridor) အကြောင်းလည်း မေးချင်ပါတယ်။ အဲဒီမှာ အမေရိကန်က တကယ်ပဲ ပါဝင်ပတ်သက်ဖို့ စိတ်ဝင်စားခဲ့တာလား။

ဖြေ - “အမေရိကန်က တကယ်စိတ်ဝင်စားတယ်လို့ ကျနော် မထင်ပါဘူး။ NGO တွေရယ်၊ လူတဦးတယောက်ချင်းစီ စိတ်ဝင်စားတာမျိုးပဲ ရှိခဲ့ကြတာပါ။ ဒီစီမံကိန်းကို စိတ်ဝင်စားတဲ့ တခြား နိုင်ငံတကာ ကစားကွက်ရွှေ့သူတွေလည်း ရှိချင်ရှိပါလိမ့်မယ်။ မီဒီယာတွေကတော့ ဒီအစီအစဉ်ကို တော်တော်လေး ချဲ့ကားရေးသားခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့တော့ မကျပါဘူး။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေလို့ပါ။ စစ်ပွဲဖြစ်နေတဲ့ ဇုန်ထဲကို ဒုက္ခသည်တွေကို တွန်းပို့တာက လူသားမဆန်ပါဘူး။ စစ်ပြီးသွားရင်တောင်မှ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ အဆင်ပြေတဲ့ ပတ်ဝန်းကျင်တခုရှိဖို့ လိုပါတယ်။”

မေး - ပါကစ္စတန်နဲ့ တူရကီနိုင်ငံတွေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဘာကြောင့် ထိတွေ့ဆက်ဆံနေကြတာလဲ။

ဖြေ - “ဒါဟာ တော်တော်လေး စိုးရိမ်စရာကောင်းပြီး (ရိုဟင်ဂျာတွေကြားမှာ အစွန်းရောက် လက်နက်ကိုင်လှုပ်ရှားမှုတွေ ကြီးထွားလာဖို့) တွန်းအားပေးနေတဲ့ အချက်တခုပါပဲ။ ဒါဟာ ဘင်္ဂလားဒေ့ရှ် အတွက်ရော ကျနော်တို့အတွက်ပါ မကောင်းပါဘူး။ BNP အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေနဲ့ လုပ်ငန်းစဉ်တွေကို စတင်ဖော်ဆောင်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တခါတလေကျရင် မူဝါဒတွေက မှန်ကန်ပေမဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ လွဲချော်သွားတတ်ပါတယ်။”

မေး - ပါကစ္စတန်အနေနဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေကို အသုံးချပြီး အိန္ဒိယကို ပစ်မှတ်ထားလာနိုင်တယ်လို့ ထင်ပါသလား။

ဖြေ - “ဒုက္ခသည်တွေဟာ အမြတ်ထုတ် အသုံးချခံရနိုင်ခြေ ရှိတဲ့အတွက် သူတို့ကို ကျနော်တို့ စောင့်ကြည့်နေဖို့ လိုပါတယ်။ အိန္ဒိယနဲ့ ကျနော်တို့ကြားမှာ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ဒီဒေသက အစွန်းရောက် လက်နက်ကိုင်လှုပ်ရှားမှုတွေဟာ ပျံ့နှံ့လာနိုင်ပြီး ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ အသင့်ရှိပါတယ်။”

မေး - အိန္ဒိယအစိုးရဆီကရော ဘာတွေ မျှော်လင့်ထားပါသလဲ။

ဖြေ - “အိန္ဒိယဟာ ဒီဒေသမှာ အလွန်အရေးပါတဲ့ နိုင်ငံတခုပါ။ အိန္ဒိယနိုင်ငံ ပိုမို ဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်တာကို ကျနော်တို့ မြင်ချင်ပါတယ်။ အိန္ဒိယနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ ကုလားတန် စီမံကိန်းအတွက်လည်း ကူညီပေးဖို့ ကျနော်တို့ အသင့်ရှိပါတယ်။”

မေး - AA အနေနဲ့ စစ်ပွဲရပ်တန့်ဖို့ တရုတ်နိုင်ငံဆီက ပြင်းထန်တဲ့ ဖိအားတွေ ခံနေရတယ်လို့ သိရပါတယ်။ ဒါကို ဘယ်လို တုံ့ပြန်ထားပါသလဲ။

ဖြေ - “ဒါက ဖိအားပေးတာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်တာကို မြင်ချင်တာပါ။ တချို့လူတွေက ဒါကို ဖိအားလို့ ပြောကောင်းပြောကြပါလိမ့်မယ်။ နိုင်ငံတိုင်းက ကိုယ့်အကျိုးစီးပွားကို ကာကွယ်သလိုပဲ တရုတ်ကလည်း သူ့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အကောင်းဆုံး လုပ်ဆောင်ရမှာပါပဲ။”

မေး - AA ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ၊ ခူမီးနဲ့ ချင်း အဖွဲ့အစည်းတွေဆီကနေ အတင်းအကျပ် စစ်သားစုဆောင်းတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ ဒီအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ - “တချို့လူတွေက လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်သဖွယ် အသုံးချနေကြတာပါ။ ဒီစွပ်စွဲချက်တွေရဲ့ မြစ်ဖျားခံရာကို ကြည့်မယ်ဆိုရင် အထူးသဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေလို သီးခြားအုပ်စုတချို့က ဒီလိုဇာတ်လမ်းတွေ ဖန်တီးပြောဆိုခြင်းအားဖြင့် သူတို့ အကျိုးအမြတ်ရနေလို့ လုပ်နေကြတာကို တွေ့ရပါလိမ့်မယ်။ ချင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ချင်းလူမျိုး အားလုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ ချင်းပြည်နယ်က ချင်းလူမျိုးအများစုနဲ့ ကျနော်တို့ အဆင်ပြေပြေ ရှိပါတယ်။ အချင်းချင်း ကူညီရိုင်းပင်းကြသလို ဒီက ရှေ့လျှောက် မွတ်စလင် (ရိုဟင်ဂျာ) အသိုက်အဝန်းနဲ့လည်း ပိုပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာပါ။ ယုံကြည်မှု တည်ဆောက်နေဆဲ ဖြစ်တာကြောင့် အချိန်တခုတော့ ယူရပါလိမ့်မယ်။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် စွပ်စွဲချက်တွေ ရှိခဲ့တာပါ။ အတင်းအကျပ် စစ်သားစုဆောင်းတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ရခိုင်ပြည်နယ်ဟာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး အရေးပေါ် လုပ်ဆောင်မှုတွေ လိုအပ်နေပါတယ်။ တပ်သားစုဆောင်းတဲ့နေရာမှာ ကျနော်တို့ အလွန်သတိထားပါတယ်။ တပ်ထဲဝင်လာမဲ့ သူတိုင်းကို တာဝန်နဲ့ ဝတ္တရားတွေကို သေချာ ရှင်းပြပါတယ်။”

မေး - AA ဟာ မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းမှာ မပါဝင်ဘူးလို့ ဗိုလ်ချုပ်က ရှင်းလင်းထားပြီးပါပြီ။ ဒါပေမဲ့ ကျနော် ရခိုင်မှာနေခဲ့တဲ့ အချိန်အတွင်း လေ့လာသိရှိရသလောက်ကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်မကြီးဘက်ကနေ မူးယစ်ဆေးဝါးတွေ ဝင်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်ကတင် ရခိုင်ပြည်နယ် မောင်တောက လူတယောက်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဓာတုမူးယစ်ဆေးဝါး အမြောက်အမြားနဲ့ ဖမ်းမိခဲ့ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အတွက် ပေါ်ပေါက်လာမဲ့ စိန်ခေါ်မှု အသစ်တခုလို့ မြင်မိပါသလား။

ဖြေ - “ဒါက ရှုပ်ထွေးတဲ့ အခြေအနေတခုပါ။ ရခိုင်ပြည်နယ်က မူးယစ်ဆေးပြဿနာဟာ စစ်အုပ်ချုပ်ရေး ကာလတုန်းကနဲ့ စာရင် အခု အများကြီး လျော့နည်းသွားပါပြီ။ ပြည်မဘက်ကလာတဲ့ လမ်းကြောင်း တော်တော်များများကိုလည်း ပိတ်ဆို့ထားပါတယ်။ စစ်ဆေးရေးဂိတ်တွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုက စက်မှုလုပ်ငန်း အဆင့်လောက်ကို ရှိနေတာပါ။ ပြီးခဲ့တဲ့လက အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဟာ ရှမ်းပြည်နယ်မှာ ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီကတော့ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေ လုပ်ခဲ့တာပေါ့။ စက်ရုံဝင်းတခုလုံးကို သိမ်းဆည်းနိုင်ခဲ့တယ်။ အဲဒီစက်ရုံ ရှိနေတယ်ဆိုတာကို သူတို့ သိနေခဲ့တာ ကြာပါပြီ။”

“ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးပြဿနာ လုံးဝ ပပျောက်သွားပြီလို့တော့ ကျနော်တို့ မပြောနိုင်သေးပါဘူး။ သုံးစွဲသူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေ ရှိနေတုန်းပါပဲ။ တံငါလှေတွေ အထက်အောက် သွားလာနေပြီး သူတို့ ဘာတွေသယ်လာလဲဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်က ကော့ဇ်ဘဇားနဲ့ စစ်တကောင်းကို သွားနေတဲ့ သင်္ဘောတွေလည်း ရှိပါတယ်။ ဒီပြဿနာ အမြစ်ပြတ်ဖို့ကတော့ အချိန်ယူရဦးမှာပါ။”

မေး - လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်က ရွာတချို့ကို သွားရောက်ပြီး ဒေသခံတချို့နဲ့ စကားပြောခဲ့ပါတယ်။ ရိုဟင်ဂျာမဟုတ်တဲ့ ရွာတွေရော၊ ရိုဟင်ဂျာရွာ တချို့ပါ ARSA အဖွဲ့ကို အမြဲတမ်း ကြောက်လန့်နေကြရပါတယ်။ ဗိုလ်ချုပ်တို့ အစိုးရအနေနဲ့ ဒီနေရာတွေမှာ အပြည့်အဝ မထိန်းချုပ်နိုင်သေးပါဘူး။ ဒီဒေသတွေအတွက် ဘာအစီအစဉ်တွေ ရှိပါသလဲ။

ဖြေ - “ဒါက ရိုးရှင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဒေသတွင်းက ဝေးလံခေါင်ဖျားတဲ့ ရွာတွေကို အကူအညီတွေ ပေးနေပါတယ်။ အထူးသဖြင့် မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ ရွာတွေကိုပါ။ သူတို့ထဲက တချို့က မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေကြပါတယ်။ သူတို့ထဲက တချို့ကတော့ ARSA နဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိထားပါတယ်။ အချင်းချင်း တိုက်ခိုက်မှုတွေကြားမှာ လူအများအပြား သေဆုံးခဲ့ရပြီး ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ မောင်တောကို မလွတ်မြောက်ခင်က စစ်တပ်နဲ့ ဒီးလ်မိုဟာမက်လို မူးယစ်ရာဇာတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုမှာ အလွန်တက်ကြွခဲ့ကြတာပါ။ အခုတော့ ဒေသခံတွေ ပိုပြီး လုံခြုံမှုရှိလာအောင် အဲဒီဒေသကို ကျနော်တို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်။‌”

မေး - ဆရာဝန်နဲ့ ဆေးဝါး အခက်အခဲလည်း အကြီးအကျယ် ရှိနေပါတယ်။ စစ်ဘေးရှောင် (IDP) တွေရဲ့ အခြေအနေကလည်း စိတ်မကောင်းစရာပါပဲ။

ဖြေ - “ကျနော်တို့ ဒီပြဿနာတွေကို ဖြေရှင်းနေပြီး ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ အခြားဝန်ဆောင်မှုတွေ ပိုကောင်းလာအောင် ကြိုးစားနေပါတယ်။ စက်ပစ္စည်းတွေ ပိုရအောင်၊ ဆေးဝါးတွေ အဆက်မပြတ် ရရှိအောင် လုပ်ဆောင်နေသလို ဆရာဝန်နဲ့ ကျန်းမာရေးလုပ်သား ပိုမိုရရှိဖို့လည်း ခေါ်ယူနေပါတယ်။ ရခိုင်ပြည်နယ်မှာ ဆေးကောလိပ်နဲ့ သူနာပြုသင်တန်းကျောင်းဖွင့်ဖို့ ဆုံးဖြတ်ထားပြီး ဒီလုပ်ငန်းတွေအတွက် ကျနော်တို့ တက်တက်ကြွကြွ ရှိနေပါတယ်။ ဒီနှစ်ထဲမှာ သူနာပြု ၁၂၀ ကို သင်တန်းပေးဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ ဆရာဝန် ၅၀၊ ၆၀ လောက်ရှိပြီး ထပ်ပြီး ရောက်လာဖို့လည်း မျှော်လင့်ထားပါတယ်။ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ နောက်ခံနဲ့ လူမျိုးရေးကို ကျနော်တို့ ကန့်သတ်မထားပါဘူး။ အိန္ဒိယက ဆရာဝန်တွေ အပါအဝင် ကျနော်တို့နဲ့ ပူးပေါင်းချင်သူ ဘယ်သူ့ကိုမဆို ကြိုဆိုပါတယ်။”

မေး - ရှေ့လာမဲ့ လတွေမှာ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာတွေ မျှော်လင့်ထားပါသလဲ။

ဖြေ - “နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးဖို့ AA ရဲ့ မျှော်လင့်ချက် တခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ မြန်မာပြည်မကြီးက ပြည်သူတွေရဲ့ အခြေအနေ၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ဒေသတွင်း အပြောင်းအလဲတွေ အပါအဝင် တခြားအချက်တွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။ သူတို့ရဲ့ အခြေအနေတွေကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ သူတို့နဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပြီး သဘောထားတူတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ကူညီပေးခဲ့ပါတယ်။”

မေး - လာမဲ့ ၂ နှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမယ်လို့ မြင်ပါသလဲ။

ဖြေ - “ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး အဆုံးသတ်သွားတာကို မြင်ချင်ပါတယ်။ ပြီးတော့ လက်တွေ့ကျပြီး ရေရှည်တည်တံ့မဲ့ အဖြေတခုကိုလည်း ရှာဖွေချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အဆိုးဆုံး အခြေအနေတွေအတွက်ပါ ကျနော်တို့ ပြင်ဆင်ထားရပါမယ်။”

ရာဂျစ် ဘတ္တာချာရီယာ

Ref: The Diplomat

(The Diplomat မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို အိန္ဒိယအခြေစိုက် ဝါရင့်သတင်းစာဆရာ ရာဂျစ်ဘတ္တာချာရီယာက တွေ့ဆုံ မေးမြန်းထားသည့် အင်တာဗျူးကို  ဘာသာပြန်ဆိုဖော်ပြသည်။)

ဆက်စပ်သတင်းများ

AI Curated