
တပ်သားပြုန်းတီးမှု၊ တပ်သားသစ်ရရှိရေး မလွယ်ကူမှုကို ရင်ဆိုင်နေရသည့် တော်လှန်ရေးတပ်များ
AI Summary
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းတွင် စစ်တပ်သည် အထိအခိုက်အကျအဆုံးများပြားခဲ့ပြီး စစ်မှုမထမ်းမနေရဥပဒေဖြင့် လူအင်အားပြန်လည်ဖြည့်တင်းကာ ထိုးစစ်ဆင်နိုင်ခဲ့သည်။ တစ်ဖက်တွင် တော်လှန်ရေးအင်အားစုများ၊ အထူးသဖြင့် မြန်မာပြည်မအခြေပြုအဖွဲ့များသည် တိုက်ပွဲကျဆုံးမှု၊ တပ်ပြေးများပြားလာမှုနှင့် မြို့ပြလူငယ်များ တောခိုဝင်ရောက်မှု လျော့နည်းလာခြင်းတို့ကြောင့် လူအင်အားလျော့နည်းလာသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ လက်နက်ခဲယမ်းမလုံလောက်မှု၊ စစ်အာဏာရှင်၏ လူငယ်များအား တော်လှန်ရေးနှင့်ဝေးအောင် ဆွဲဆောင်မှုများနှင့် တော်လှန်ရေးအဖွဲ့အချို့၏ လုပ်ဆောင်ချက်အမှားများကလည်း လူအင်အားလျော့နည်းရခြင်း၏ အကြောင်းရင်းများဖြစ်သည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကဲ့သို့ အဖွဲ့အစည်းများသည် လူအင်အားနည်းပါးသည့် တပ်ရင်းများကို ပြန်လည်စုစည်းပေါင်းစပ်ခြင်းဖြင့် အင်အားဖြည့်တင်းရန် ကြိုးပမ်းနေရသည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် လူထုအခြေပြုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ပြီး မှားယွင်းသည့် လုပ်ဟန်များကို ပြင်ဆင်မှသာ ရေရှည်တည်တံ့သော တော်လှန်ရေးကို ဆက်လက်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။
၂၀၂၁ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းကာလတွင် အာဏာသိမ်း စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးနှင့် တပ်သားဦးရေ လျော့နည်းကျဆင်းမှုကို သတင်းမီဒီယာများက မီးမောင်းထိုးဖော်ပြခဲ့ကြသည်။ အမှန်တကယ်လည်း စစ်မျက်နှာများစွာ ဖွင့်ခဲ့ရသည့် စစ်တပ်သည် အာဏာသိမ်းပြီး နှစ်နှစ်အကြာတွင် လူအင်အားဆုံးရှုံးမှုပြဿနာ အမှန်တကယ် ကြီးခဲ့သည်မှာ မှန်ကန်ကြောင်း စစ်မှုမထမ်းမနေရဥပဒေကို အတင်းအကျပ် ပြဋ္ဌာန်းလိုက်ရခြင်းဖြင့် ဝန်ခံခဲ့သည်။
ထို စစ်မှုထမ်းဥပဒေသည် စစ်တပ်အတွက် အတော်လေး အသက်ရှူပေါက် ချောင်သွားစေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ စစ်မျက်နှာအတော်များများတွင် ခံစစ်မှ ထိုးစစ်သို့ ပြန်လည်ပြောင်းလဲ လာနိုင်ခဲ့သလို စစ်မှုထမ်းစစ်သားသစ်များကို လူတံတိုင်းသဖွယ် အသုံးပြုပြီး စစ်ဆင်ရေးဆင်နွှဲကာ လက်လွှတ်ခဲ့ရသည့် စစ်စခန်းနှင့် မြို့များကို ပြန်သိမ်းယူလာခဲ့နိုင်သည်။
သို့သော် တော်လှန်ရေးအင်အားစုများဘက်တွင်မူ ဆန့်ကျင်ဘက် အနေအထားမျိုး ပေါ်ပေါက်လာခဲ့သည်။ အာဏာသိမ်းခါစ ကာလအတွင်း တော်လှန်ရေးတပ်များ အများအပြား ထူထောင်ကြချိန်တွင် မြန်မာလူငယ်လူရွယ်များ အကြား လက်နက်ကိုင်တော်လှန်ရေးနှင့် ပတ်သက်၍စိတ်အားထက်သန်မှု အမြင့်ဆုံးသို့ရောက်ခဲ့ပြီး အသစ်ထူထောင်ခဲ့သည့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များသာမက နဂိုရှိရင်းစွဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (ERO) များထံသို့ပါ ယခင်နှင့်မတူ တပ်သားသစ်ဦးရေ အများအပြား စီးဝင်လာခဲ့ကြသည်။
သို့သော် လက်နက်ကိုင်တော်လှန်ရေး ငါးနှစ်ကြာလာသည့်နောက်တွင်မူ အခြေအနေတစ်မျိုး ဖြစ်သွားပြီဖြစ်သည်။ တစ်ဖက်တွင် အာဏာသိမ်းစစ်တပ်သည် ၎င်းတို့စိုးမိုးထိန်းချုပ်ရာ မြို့ရွာများရှိ လူငယ်များကို သေနတ်ဖြင့် ထောက်၍ တပ်သားသစ် အတင်းအကျပ်စုဆောင်းခြင်းဖြင့် ၎င်းတို့အဖွဲ့ကြီး ပြိုလဲတော့မည့်အခြေအနေမှ လက်မတင်လေး ပြန်ရုန်းထွက်လာနိုင်ခဲ့သည်။ တော်လှန်ရေးတပ်များတွင်မူ အခြေအနေအကြောင်းကြောင်းကြောင့် လူအင်အားလျော့နည်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
လူမျိုးစုလက်နက်ကိုင်တပ် ERO များအနေဖြင့် ၎င်းတို့စိုးမိုးရာ နယ်မြေဒေသများတွင် စစ်မှုမထမ်းမနေရ စနစ်ကို ကျင့်သုံးခြင်းဖြင့် ပြုန်းတီးအင်အားကို ပြန်ဖြည့်တင်းနိုင်သော်လည်း မြန်မာပြည်မ အခြေပြု တော်လှန်ရေးအဖွဲ့အသီးသီးမှာမူ မိမိသဘောဆန္ဒအလျောက် လက်နက်ကိုင်ဆန့်ကျင်တော်လှန်ရန် စိတ်အားထက်သန်သည့် လူငယ်လူရွယ်များကိုသာ မှီခိုနေရရာ ပြုန်းတီးအင်အားကို အလျင်မီအောင် ပြန်ဖြည့်တင်းရာ၌ အခက်အခဲရှိနေသည်။
၎င်းအဖွဲ့များတွင် အဖွဲ့ဝင်အင်အား အဓိက လျော့နည်းလာရသည့်အကြောင်းရင်းများမှာ တိုက်ပွဲများအတွင်း ကျဆုံးဒဏ်ရာရဦးရေ မြင့်တက်လာခြင်း၊ တပ်ပြေးများ ရှိခြင်း၊ မြို့ပြလူထုထဲမှ လက်နက်ကိုင်ရန် တောခိုလာသူ လျော့နည်းလာခြင်း၊ လက်နက်ခဲယမ်းမဖြည့်ဆည်းပေးနိုင်ခြင်း၊ မြို့ပြနေလူငယ်များ တော်လှန်ရေးဘက် အာရုံမကျအောင် စစ်အာဏာရှင်က ဗျူဟာအမျိုးမျိုး ကျင့်သုံးခြင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ လုပ်မှားကိုင်းမှား အခြေအနေများနှင့် ပတ်သက်၍ နောက်ပိုင်းတွင် လက်ညှိုးထိုးစရာ ရှိလာနေခြင်း စသည်တို့ဖြစ်သည်ဟု နီးစပ်သူများက Myanmar Now ကို ပြောသည်။
ရာနှင့်ချီသည့် တော်လှန်ရေးတပ်ဖွဲ့များ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း စစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်သည့် တော်လှန်ရေးတပ်ဖွဲ့ပေါင်း ရာနှင့်ချီပေါ်ပေါက်လာသည်။ ယင်းအနက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့မှာ အင်အားအများဆုံး တိုက်ခိုက်ရေးအင်အားစုဟုဆိုနိုင်သည်။
၂၀၂၃ ခုနှစ်၊ မေလ ၅ ရက်တွင် ထုတ်ပြန်သည့် “ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း နှစ် နှစ်ပြည့်” အခမ်းအနား အစီရင်ခံစာအရ PDF တပ်ရင်းပေါင်း ၃၀၀ ကျော်နှင့် မြို့နယ်ပေါင်း၂၅၀ ကျော် အတွက် ပကဖများ ဖွဲ့ထားနိုင်ကြောင်း သိရသည်။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်စုစုပေါင်း မည်မျှရှိခဲ့သည်ကိုမူ မသိရပေ။
အာဏာမသိမ်းခင်ကတည်းက တည်ထောင်ခဲ့သည့် လူမျိုးစုလက်နက်ကိုင်တပ်များရှိသလို ၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်လာသည့် လက်နက်ကိုင်များအနက် NUG ကွပ်ကဲမှုအောက်တွင် မရှိသည့် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)ကဲ့သို့ အဖွဲ့များရှိသလို နယ်မြေဒေသအခြေပြု ချင်းကာကွယ်ရေးတပ် (CDF)၊ ချင်းညီနောင်အဖွဲ့ (CB)နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကဲ့သို့ အဖွဲ့များလည်း ရှိသည်။
လူမျိုးစုလက်နက်ကိုင်တပ်များတွင် ဆန္ဒအရစစ်ထဲဝင်လာသူများအပြင် မျိုးနွယ်စုကို အခြေခံသည့် စနစ်ဖြင့် လူသစ်စုဆောင်းခြင်းကို ဆယ်စုနှစ်ပေါင်းများကတည်းက ကျင့်သုံးခဲ့သလို၊ အာရက္ခတပ်တော် AA ကဲ့သို့ အသက်ကန့်သတ်ချက် ပြည့်မီသူတိုင်း စစ်ထဲမဝင်မနေရစနစ်ကျင့်သုံးသည်များလည်းရှိသည်။
၂၀၂၁ ခုနှစ် နောက်ပိုင်းပေါ်လာသည့် PDF အပါအဝင် လက်နက်ကိုင်တော်လှန်ရေးတပ်အများစုကတော့ မိမိစိတ်ဆန္ဒအရ ဝင်ရောက်လာသူများကိုသာ အားကိုးနေကြရသည်။
တော်လှန်ရေးတွင် လူအတိုးအဆုတ်ရှိ
PDF ဒုစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်ကမူ တော်လှန်ရေးကာလ အချိန်တစ်ခုကြာလာသည်နှင့် ပြုန်းတီးအင်အားရှိလာသည်မှာ သဘာဝဖြစ်ကြောင်း မေလတွင် Myanmar Now ကို မှတ်ချက်ပြုပြောဆိုသည်။
“စစ်ပွဲမှာ အင်အားပြုန်းတီးမှု (ကျဆုံး၊ ဒဏ်ရာရ၊ တပ်ပြေး) ရှိတာ သဘာဝပါ။ ရန်သူဘက်က လက်နက်ချသူ အများကြီးရှိတယ်လို့ ဝါဒဖြန့်နေတာဟာ စိတ်ဓာတ်စစ်ဆင်ရေးသာဖြစ်ပြီး ပကတိတရားနဲ့ ဆန့်ကျင်နေပါ တယ်။ လူသစ်စုဆောင်းမှုက အရင်ထက် နည်းသွားနိုင်ပေမယ့် တော်လှန်ရေးကို တကယ်ယုံကြည်တဲ့ အတွင်းအနှစ်သာရ ပါဝင်တဲ့ လူအင်အားတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်”ဟု သူက Myanmar Now ကို ပြောသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဝေယံဖြိုးမိုးကလည်း တပ်အင်အားလျော့နည်းသည့် ပမာဏကို အတိအကျပြောရန်ခက်သော်လည်း ကြာလာသည့်နောက် အကြောင်းအမျိုးမျိုးကြောင့် တပ်ကို စွန့်ခွာသူအပါအဝင် တပ်ပြေးရဲဘော်များရှိနေသည်မှာ တော်လှန်ရေးတပ်အများစုရင်ဆိုင်နေရသည့် အခြေအနေဖြစ်ကြောင်း Myanmar Now ကို ပြောသည်။
“တပ်သားသစ်အဝင်နည်းလာတာလည်းမှန်တယ်။ မြို့ပြတွေကနေ တောခိုပြီး လက်နက်ကိုင် တော်လှန်ရေးလုပ်ကြတယ်ဆိုတဲ့ လူငယ်အရေအတွက်က တော်တော်လေးကို နည်းပါးသွားပြီ။ တော်တော်လေးကို မရှိသလောက်ဖြစ်လာတယ်။ ကျေးလက်ကနေ တော်လှန်ရေးတပ်ကို ဝင်လာတာကရှိတော့ ရှိတုန်းပဲ။ အရင်လိုအားကောင်းမောင်းသန်တော့ မရှိတော့ဘူး” ဟု ၎င်းက ပြောသည်။
ဝင်လာသည့် တပ်သားသစ်များသည်လည်း တော်လှန်ရေးတပ်တွင် ကြာရှည်မနေဘဲ ကာလတစ်ခုကြာသည့်အခါ ထွက်ခွာသည်များရှိကြောင်း ရဲဘော်ဝေယံဖြိုးမိုးက ပြောသည်။
စစ်အစိုးရ၏ အုပ်ချုပ်ရေးရုံးစိုက်ရာ နေပြည်တော်၏ အရှေ့တောင်ဘက်မိုင် ၅၀ ကျော်အကွာရှိ ကယား (ကရင်နီ) ပြည်နယ်၌လည်း တော်လှန်ရေးကာလအစောပိုင်းနှစ်များတွင် အင်အားတောင့်တင်းခဲ့သော ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် လူအင်အားလျော့နည်းမှုများကြုံလာသည့်နောက် အင်အားနည်းသည့်တပ်များကို ပြန်လည်ပြင်ဆင်စုဖွဲ့မှုများ လုပ်နေရသည်။
KNDF သည် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ လူအင်အားလျော့သွားသည့် တပ်ရင်းအနည်းဆုံး နှစ်ရင်းကို ပေါင်း၍ တပ်ရင်း တစ်ရင်းအဖြစ်ပြန်စုနေကြောင်း ပြန်လည်စုဖွဲ့ပြီးသည့် KNDF တပ်ရင်းအချို့၏ ထုတ်ပြန်ချက်အရသိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်တွင် KNDF တပ်ရင်း ၆၊ ၇နှင့် ၂၈ တို့ကိုပေါင်း၍ KNDF တပ်ရင်း ၅ အဖြစ်ဖွဲ့လိုက်သည်ဟု ဖော်ပြထားသည်။
မကြာသေးသည့် ဇွန်လ ၆ ရက်တွင်မူ KNDF တပ်ရင်း ၅ နှင့် ၈ ကိုပေါင်း၍ KNDF တပ်ရင်း ၇ ၊ အမှတ် (၂) စစ်ဒေသအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း KNDF ဘက်က သတင်းထုတ်ပြန်သည်။ အင်အားနည်းသည့် တပ်ရင်းများကို အင်အား ၃၀၀ အပြည့်ရှိသည့် တပ်ရင်းအဖြစ်စုဖွဲ့နေပြီး ၂၀၂၆ ခုနှစ်အကုန်တွင် အပြီးသတ်ဖွဲ့နိုင်ရေး ကြိုးပမ်းနေကြောင်း KNDF အခြေအနေသိသည့် ကရင်နီအခြေစိုက်သတင်းရင်းမြစ်အမျိုးသားက ပြောသည်။
ကရင်နီအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဥက္ကဋ္ဌ ဦးထွန်းကျော်ကလည်း KNDF တပ်ဖွဲ့တွင် လူနည်းပါးနေပြီး လက်နက်များ ပိုနေကြောင်း ဇွန်လ ၆ ရက် TM မီဒီယာ၏ ရုပ်သံအင်တာဗျူးတွင် ပြောသည်။
KNDF တပ်ဖွဲ့ဝင်များ ပါဝင်သည့် ဖားဆောင်းမြို့ရှိ စစ်တပ်စခန်းများကို တစ်နှစ်ကျော်ကြာ ဝန်းရံတိုက်ခိုက်သည့် တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်များဘက်က လူအင်အား ၈၀၀ ခန့်ထိခိုက်သေကျေခဲ့ကြောင်း ဦးထွန်းကျော်ကဆိုသည်။
KNDF သည် တပ်ဖွဲ့ဝင်များကို နှစ်နှစ်စစ်မှုထမ်းပြီးလျှင် ထွက်ခွင့်ပြုနေသောကြောင့် တပ်က ထွက်သွားသူများရှိသလို တိုက်ပွဲတွင်း ထိခိုက်ကျဆုံးမှုကြောင့်လည်း လူအင်အားလျော့လာခြင်းဖြစ်ကြောင်း ကရင်နီအခြေစိုက် သတင်းရင်းမြစ်အချို့ကဆိုသည်။
KNDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦးကမူ တပ်ဖွဲ့အတွင်း လူအင်အားမည်မျှလျော့သွားသည်ကိုမပြောဘဲ လူအင်အားလျော့နည်းမှုများသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြစ်နေသည့် ကိစ္စဖြစ်ကြောင်း ပြောသည်။
“အခုကလက်နက်ခဲယမ်းအခက်အခဲကြောင့် အဓိကပါ။ အဲဒါတွေမရှိ စစ် (တိုက်ပွဲ) မဖော်နိုင်တော့ ရဲဘော်တွေနားသွားတာရှိပါတယ်။ ဒီအတိုင်းခေါ်ထားလည်း လူငယ်များတော့ (လူဦးရေက များပြီး လက်နက်ကနည်းတော့) အဆင်မပြေပါ။ ခဲယမ်းပြည့်စုံပြီး တိုက်ပွဲဖော်မယ်ဆိုရင်ပြန်လာကြမှာပါ” ဟု KNDFနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။
သံကိုသံဖျက် သံချေးတက် မဖြစ်စေရန်
လူငယ်တပ်သားသစ် အဝင်နည်းလာရခြင်းမှာ ယခုအာဏာသိမ်းပြီး ငါးနှစ်အကြာ အရွယ်ရောက်လာကြသည့် လူငယ်အများစုမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ်က ကလေးဘဝသာ ရှိကြသေးပြီး ထိုစဉ်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည့် နောင်တော်၊ အစ်မတော်များကဲ့သို့ စစ်တပ်၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကို မျက်ဝါးထင်ထင် မမြင်ခဲ့ရခြင်း၊ စစ်တပ်ကလည်း နိုင်ငံရေးနိုးကြားသည့် မြို့ပေါ်နေ လူငယ်များကို ဖိနှိပ်မှုများလုပ်၍ တော်လှန်ရေးနှင့်ဝေးရန် အပျော်အပါးပွဲလမ်းသဘင် ပိုမိုအားပေးလာခြင်းနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများပေးလာခြင်းကြောင့်လည်းဖြစ်ကြောင်း PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ဝေယံဖြိုးမိုးကဆိုသည်။
ထို့အပြင် အချို့သော တော်လှန်ရေးထောက်ခံသူအချို့၏ စည်းရုံးရေးမဆန်သည့် အပြောအဆိုများကြောင့်လည်း မြို့ပေါ်နေ လူငယ်များသည် တော်လှန်ရေးနှင့်မပတ်သက်ဘဲ ခပ်ဝေးဝေးနေလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ပြဿနာတွေပြေလည်ဖို့ဆိုရင် တော်လှန်ရေးအတွင်းမှာလွဲမှားတဲ့လုပ်ဟန်တွေ လူထုကိုအခြေမပြုတဲ့စဉ်းစားချက်တွေ လက်နက်ကိုင်ထားရုံသက်သက်ပဲဆိုတဲ့ အတွေးအမြင်တွေကို ပပျောက်အောင်လုပ်နိုင်ဖို့တော့လိုတယ်။ လက်နက်ကိုင်ထားတဲ့တပ်တွေက လူထုလုပ်ငန်းတွေကို တိုးမြှင့်လုပ်ရမယ်ပေါ့။ ဆိုလိုတာက လူထုအသင်းအဖွဲ့ အားကောင်းအောင် စုဖွဲ့တာလုပ်ရမယ်။ လူထုကိုယ်တိုင်ရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ်တွေ လည်ပတ်နိုင်ဖို့ကြိုးစားရမယ်။ အဲဒီလိုမရှိရင်တော့ ပြဿနာက ဆက်တက်နေဦးမှာပဲ” ဟု ရဲဘော်ဝေယံဖြိုးမိုးက မှတ်ချက်ပေးသည်။