
ရန်ကုန်တွင် မိုးသည်းထန်ပြီး မြေညီတိုက်ခန်းအချို့ ရေဝင်
AI Summary
ဇွန်လ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အလုံ၊ ကြည့်မြင်တိုင်နှင့် ကမာရွတ်မြို့နယ်တို့ရှိ မြေညီထပ်တိုက်ခန်းများနှင့် ကွန်ဒိုကားပါကင်များ ရေဝင်ရောက်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေမြောင်းများပိတ်ဆို့ခြင်းတို့ကြောင့် ရေလျှံခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။ ရေဝင်ရောက်မှုကြောင့် အိပ်ပျော်နေသူများနှင့် လူစောင့်မရှိသည့် ဆိုင်ခန်းအချို့မှ ပစ္စည်းအသုံးဆောင်များ အချိန်မီမရွှေ့ပြောင်းနိုင်ဘဲ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ Yangon Book Printing ဆိုင်မှ စက်ပစ္စည်းနှင့် ကုန်ကြမ်းများ ပျက်စီးခဲ့ကြောင်း အသိပေးထားသည်။ ထို့အပြင် ကမာရွတ်မြို့နယ်ရှိ ဘုရင့်နောင်ကွန်ဒိုနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ Yangon River View ကွန်ဒိုတို့၏ ကားပါကင်များတွင် ရေဝင်ရောက်ခဲ့ရာ မီးသတ်ဌာနက ရေစုပ်ထုတ်ပေးခဲ့ရသည်။

ရန်ကုန်မြို့မှာ ဇွန် ၅ ရက် ဒီနေ့ မနက်အစောပိုင်းက ရွာတဲ့မိုးကြောင့် မြို့နယ်တချို့က မြေညီထပ် တိုက်ခန်းတွေထဲ ရေဝင်ရောက်ပြီး ပစ္စည်းအသုံးဆောင်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
ဒီမနက် ၂ နာရီကျော်လောက်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့လို့ အလုံ၊ ကြည့်မြင်တိုင်နဲ့ ကမာရွတ်မြို့နယ်တို့က နေရာတချို့မှာ ရေကြီးခဲ့တာ ဖြစ်ပါတယ်။
မိုးရွာသွန်းမှုနဲ့အတူ ရေမြောင်းတွေပိတ်ဆို့တာကနေ ရေလျှံခဲ့လို့ မြေညီတိုက်ခန်းနဲ့ ကွန်ဒိုတချို့ရဲ့ ကားပါကင်တွေအထဲအထိ ရေဝင်ခဲ့တယ်လို့ အဲဒီမြို့နယ်တွေမှာ နေထိုင်သူတွေက ပြောပါတယ်။
မိုးရွာချိန်မှာ လူစောင့်မရှိတဲ့ဆိုင်ခန်းတဲ့ချို့နဲ့ အိပ်ပျော်နေသူတွေရဲ့ အခန်းတချို့မှာ ပစ္စည်းတွေကို အချိန်မီ မရွှေ့ပြောင်းလိုက်နိုင်လို့ ပျက်စီး ဆုံးရှုံးတာတွေရှိခဲ့ကြတယ်လို့ အလုံမြို့နယ်မှာနေထိုင်သူ တယောက်က ပြောပါတယ်။
"အရင်ဒီလောက်ရေမဝင်ဖူးတော့ သာမန်ပဲထင်ထားကြတာလေ။ အနိမ့်ပိုင်းကဆိုင်တွေ အခန်းတွေ တော်တော် ဆိုးဆိုးဖြစ်သွားတယ်။"
အလုံမြို့နယ်မှာဖွင့်ထားတဲ ရောင်စုံစာအုပ်ရိုက်နှိပ်တဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့ Yangon Book Printing ဆိုင်မှာ မိုးရွာပြီးရေဝင်ရောက်ခဲ့လို့ စက်ပစ္စည်းတွေနဲ့ကုန်ကြမ်းတွေ ပျက်စီးသွားခဲ့တယ်လို့ အဲဒီဆိုင်ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အသိပေးထားပါတယ်။
ဒါ့အပြင် မိုးရွာသွန်းမှုကြောင့် ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်ကွန်ဒိုနဲ့ ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းက Yangon River View ကွန်ဒိုတို့ရဲ့ ကားပါကင် ထဲရေဝင်ခဲ့လို့ ရေစုပ်ထုတ်ပေးခဲ့ရတယ်လို့ မီးသတ်ဌာနကလည်း ထုတ်ပြန်ထားပါတယ်။