ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားခရိုင်တွင် ရခိုင်ကျေးရွာ ၂ခု၏ သင်္ချိုင်းမြေကို သိမ်းပြီး ငါးမွေးမြူရေကန်နှင့် ဆားကွင်းလုပ်ထားသဖြင့် အသုဘချရန် မြေနေရာမရှိဖြစ်နေ
society||5 MIN READ

ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားခရိုင်တွင် ရခိုင်ကျေးရွာ ၂ခု၏ သင်္ချိုင်းမြေကို သိမ်းပြီး ငါးမွေးမြူရေကန်နှင့် ဆားကွင်းလုပ်ထားသဖြင့် အသုဘချရန် မြေနေရာမရှိဖြစ်နေ

Narinjara
SourceNarinjara
Back to News

AI Summary

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ ရခိုင်ကျေးရွာနှစ်ရွာ၏ ဘိုးဘွားပိုင်သင်္ချိုင်းမြေများကို ဒေသခံဘင်္ဂလီမိသားစုအချို့က သိမ်းပိုက်ကာ ငါးမွေးမြူရေးကန်နှင့် ဆားကွင်းများအဖြစ် ပြောင်းလဲအသုံးပြုနေပါသည်။ ထို့ကြောင့် ရခိုင်လူမျိုးများသည် အသုဘချရာတွင် မြေနေရာမရှိဘဲ မိုးတွင်း၌ ရေကြီးခြင်း၊ နွေရာသီတွင် ဆားလုပ်သားများနှင့် ပြဿနာဖြစ်ခြင်းစသည့် အခက်အခဲများစွာနှင့် ကြုံတွေ့နေရပါသည်။ ဤသင်္ချိုင်းမြေပြဿနာကို ကော့စ်ဘဇားခရိုင်ကော်မရှင်ထံ တိုင်ကြားခဲ့ရာ ရခိုင်ကျေးရွာများအတွက် မြေ ၄ ဧကကို သင်္ချိုင်းမြေအဖြစ် သတ်မှတ်ပေးခဲ့သော်လည်း ဘင်္ဂလီမိသားစုများက လိုက်နာခြင်းမရှိဘဲ ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်သည်။ အဆိုပါ ဘင်္ဂလီမိသားစုများသည် အစိုးရ၏ မြေစာရင်းတွင် အာဏာအလွဲသုံးစားပြုကာ ထည့်သွင်းသိမ်းပိုက်ထားခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် ခွင့်ပြုထားသည့် မြေ ၄ ဧကအနက် ၂ ဧကကို ပြန်လည်ရရှိရန် ကြိုးပမ်းနေပြီး ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က သင်္ချိုင်းမြေပေါ်ရှိ ဆားများကို ဖယ်ရှားရန် ဘင်္ဂလီမိသားစုအား ပြောကြားထားသည်။ ဤဖြစ်စဉ်သည် ဘင်္ဂလားဒေ့ရှ်ရှိ ရခိုင်လူမျိုးများပိုင် သင်္ချိုင်းမြေများ ကျူးကျော်ခံရမှုများထဲမှ တစ်ခုဖြစ်ပြီး အခြားကျေးရွာများတွင်လည်း အလားတူပြဿနာများ ရှိနေပါသည်။

နိရဉ္စရာ၊ ဇွန် ၁၁/ ၂၀၂၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်မှ ရခိုင်ကျေးရွာ ၂ ခုဖြစ်သည့် သော်ဒီဂျာအထက်ရွာနဲ့အလယ်ရွာ သင်္ချိုင်းမြေကို ဒေသခံအာဏာရှိသူ ဘင်္ဂလီမိသားစုတချို့က သိမ်းပိုက်ပြီး ငါးမွေးမြူရေကန်နှင့် ဆားကွင်းလုပ်ထားသဖြင့် အသုဘချရာတွင် မြေမရှိဖြစ်နေပြီး ရခိုင်လူမျိုးများအနေဖြင့် များစွာ အခက်အခဲများဖြင့် ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦးက “ ဒီသင်္ချိုင်းမြေတွေက ဘိုးဘွားဘီဘင်အဆက်ဆက်ပိုင်တဲ့မြေပါ။ ဒါကို လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က ဒီဒေသရဲ့ ဥက္ကဋ္ဌ မူဆောလီဆိုသူက သူက ငါးမွေးမြူရေးအတွက် ချောင်းကို ပိတ်ပြီး ဆည် (ကမ်းပိုင်) တည်ဆောက်လိုက်ပါတယ်။ တည်ဆောက်လိုက်တော့ ကျွန်တော်တို့ သင်္ချိုင်းမြေက ဆည်ထဲမှာ ပါသွားတာကြေင့် မိုးတွင်းဆိုရင် ရေကြီးပြီး အသုဘချစရာ နေရာမရှိ ဖြစ်သွားပါတယ်။ မိုးတွင်းဆိုရင် အဲဒီဆည်ထဲမှာ လူတစ်ရပ်လောက်အောင် ဖို့ထားတဲ့ မြေကွက် ကလေးမှာဘဲ မီးသင်္ဂြိုလ်နေရပါတယ်။ ခါးတစ်ရပ်လောက်နက်တဲ့ ရေထဲက ခေါင်းကို ထမ်းပြီး အဲဒီဖို့ထားတဲ့ မြေပေါ်မှာသွားပြီး မီးသင်္ဂြိုလ်ရတယ်”ဟု ပြောဆိုသည်။

အသုဘချရာတွင် ဘာသာရေး ထုံးတမ်းစဉ်လာအရ သရဏဂုံတင်ရန်လည်း မြေမရှိဖြစ်နေရသည်ဟု သိရသည်။

၎င်းပြင် နွေရာသီတွင်လည်း ရခိုင်လူမျိုးများပိုင်ဆိုင်သည့် သင်္ချိုင်းမြေကို ဆားကွင်းလုပ်ကာ နေလှမ်းဆားထုတ်လုပ်သဖြင့် အသုဘချရာတွင် မြေနေရာမရှိဖြစ်နေပြီး အသုဘချတိုင်း မီးသင်္ဂြိုလ်ရာတွင်လည်း  ဆားလုပ်သားများနှင့် မကြာခဏ စကားများပြဿနာဖြစ်ရသည်ဟု ပြောဆိုသည်။

အဆို သင်္ချိုင်းမြေပြဿနာကို ကော့စ်ဘဇားခရိုင်ကော်မရှင် (District Commissioner)ထိ ရခိုင်ဒေသခံများ တိုင်ကြားရာမှ မြေ၄ ဧကကို ရခိုင်ကျေးရွာ ၂ ရွာအတွက် သင်္ချိုင်းမြေအဖြစ် ခေတ်အဆက်ဆက်က တာဝန်ရှိသူများက သတ်မှတ်ပေးသော်လည်း ဒေသအတွင်း အာဏာရှိ ဘင်္ဂလီမိသားစုမှ လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆက်လက် သိမ်းပိုက်ထားဟုသိရသည်။

“ အခုမိုးတွင်းမှာ အသုဘချတော့ ပန်းဝါမြို့က ဘရဝါ (မရာမာကြီး) ဆရာတော်ကို သွားပင့်တယ်။ ဒီလို ရခိုင်လူမျိုးတွေ ခက်ခက်ခဲခဲ အသုဘချနေရတာကို မြင်တော့ ဆရာတော်က တော်တော် အံ့ဩ သွားတယ်။  ဒါနဲ့ ကော့စ်ဘဇား ခရိုင်ကော်မရှင်နာ မင်းကြီးကို သွားပြောတယ်။ ဒီလို လူသား တစ်ယောက်ရဲ့ နောက်ဆုံးခရီးမှာ သင်္ဂြိုလ်စရာ မြေနေရာမရှိဘူးဆိုတဲ့ အကြောင်းကို။ ခရိုင်ကော်မရှင်မင်းကြီးကလည်း စာရွက်စာတန်း၊ သက်သေအထောက်အထားတွေကို ကြည့်တော့ ရခိုင်လူမျိုးတွေ ပိုင်တဲ့ မြေနေရာဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် ဒီဘင်္ဂလီမိသားစုတွေ သိမ်းထားတဲ့ မြေတွေအထဲက မြေ ၄ ဧကကို ပေးဖို့ ဆုံးဖြတ်တယ်။ အမိန့်လည်းထုတ်တယ်။ ဒါပေမယ့် ဒီနေ့ထိ လိုက်နာတာ မရှိသေးဘူး”ဟု ၎င်းက ဆက်ပြောသည်။

၎င်းရခိုင်လူမျိုးများပိုင် သင်္ချိုင်းမြေကို အဆိုပါ ဘင်္ဂလီမိသားစုမှ အစိုးရ၏ Water Deployment  မြေစာရင်းထဲတွင် ထည့်ထားပြီး အာဏာကို အလွှဲသုံးစားလုပ်ကာ သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု သိရသည်။

အခုလောလောဆယ်တွင် ခွင့်ပြုထားသည့် မြေ ၄ ဧကထဲမှ ပထမဆုံးအနေဖြင့်  ၂ ဧကကို ရရှိရန် အပြင်းအထန်ကြိုးစားနေရပြီး ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ တစ်ခုရောက်ရှိလာပြီး သင်္ချိုင်းမြေပေါ်တွင် ဆောက်ထားသည့် ဆားလုပ်သည့် တဲများတွင် သိမ်းထားသည့် ဆားများကို ပြောင်းရွှေ့ရန် အဆိုပါ ဘင်္ဂလီမိသားစုအား ပြောဆိုထားသည်ဟု သိရသည်။

“မနေ့က ဒေသအခြေစိုက် ရဲတပ်ဖွဲ့တစ်ခုရောက်လာတယ်။ ဒီ သင်္ချိုင်းမြေထဲမှာ သိုလှောင်ထားတဲ့ ဆားတွေကို ယူဆောင်သွားဖို့ပြောထားတယ်။ အကယ်၍ တစ်ရက်နှစ်ရက်နေလို့မှ မပြောင်းဘူးဆိုရင် သူတို့ အကြောင်းကြားပါဆိုပြီး ပြောသွားတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူဦးရေတိုးပွားလာပြီး နေစရာမြေနေရာရှားပါးလာသည့် ရခိုင်လူမျိုးများပိုင် သင်္ချိုင်းမြေများကို ကျူးကျော်လုယက်လာမှု များပြားလာနေပြီး ကော့စ်ဘဇားခရိုင်အတွင်းရှိ ဟာရဘင်းကျေးရွာ၊ မဒီချောင်းကျေးရွာ၊ ထောင်သောင်းရွာများတွင် သင်္ချိုင်းမြေများကို လုယက်မှုများ ပေါ်ပေါက်နေသည်ဟု သိရှိရသည်။

ဆက်စပ်သတင်းများ

AI Curated
ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားခရိုင်တွင် ရခိုင်ကျေးရွာ ၂ခု၏ သင်္ချိုင်းမြေကို သိမ်းပြီး ငါးမွေးမြူရေကန်နှင့် ဆားကွင်းလုပ်ထားသဖြင့် အသုဘချရန် မြေနေရာမရှိဖြစ်နေ | YGN Daily