
ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် တကျော့ပြန် လူထုအုံကြွမှု ဖြစ်လာမည်လား
AI Summary
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးသည် ငွေကြေးဖောင်းပွမှု အဆမတန် မြင့်တက်ကာ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခဲ့သည်။ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း၊ ဘဏ်အကျပ်အတည်းများ၊ စစ်ပွဲများကြောင့် လောင်စာဆီဈေးမြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များပြားခြင်းနှင့် ဗဟိုဘဏ်မှ ငွေစက္ကူရိုက်ထုတ်ခြင်းတို့သည် အဓိကအကြောင်းရင်းများဖြစ်သည်။ ယင်းအခြေအနေများကြောင့် ပြည်သူလူထု၊ အထူးသဖြင့် အခြေခံလူတန်းစားများနှင့် တောင်သူလယ်သမားများသည် အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေလျော့ကျခြင်း၊ စားနပ်ရိက္ခာမဖူလုံမှုနှင့် ကျပ်ငွေတန်ဖိုး ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းခြင်းစသည့် ဆိုးကျိုးများကို ခံစားနေရသည်။ မကြာသေးမီက အီရန်စစ်ပွဲဂယက်ကြောင့် လောင်စာဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာရာ ငွေကြေးဖောင်းပွမှုနှုန်းသည် ကမ္ဘာ့ဘဏ်ခန့်မှန်းချက် ၁၉ ရာခိုင်နှုန်းကို ကျော်လွန်ရန် သေချာသလောက်ဖြစ်နေပြီး၊ လက်ရှိတွင် တစ်ဒေါ်လာ ၄၂၀၀-၄၃၀၀ ကျပ်အထိ ရှိနေသည်။ ဤအခြေအနေသည် စီးပွားရေးကျဆင်းမှု (stagflation) ကိုဖြစ်ပေါ်စေပြီး လူ ၁၂ သန်းကျော် စားနပ်ရိက္ခာမလုံခြုံမှုနှင့် ရင်ဆိုင်နေရကာ ဘဏ်များ၏ တည်ငြိမ်မှုကိုပါ ထိခိုက်နိုင်ခြေရှိနေသည်။ စစ်အစိုးရအနေဖြင့်လည်း ဤပြဿနာများကို ဖြေရှင်းရန် မူဝါဒအရင်းအမြစ်များ နည်းပါးနေကြောင်း ဖော်ပြထားသည်။
မြန်မာ့စီးပွားရေးသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ဦးမော့တော့မည်ဟု ပြည်တွင်းပြည်ပက ဝိုင်းဝန်း အကောင်းမြင်စ ပြုလာနေချိန်လေးတွင်ပင် ရုတ်တရက် ပြန်လည်နစ်မြုပ်ခဲ့ရသည်။ ၂၀၂၁ ခုနှစ် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းလိုက်သည့် နောက်ပိုင်း တခြားသော ပြဿနာပေါင်းစုံနှင့်အတူ မြန်မာပြည်သူလူထုကို အသက်ရှူ အကျပ်ဆုံးဖြစ်အောင် လုပ်ခဲ့သည့်အရာမှာ ထိတ်လန့်စရာငွေကြေးဖောင်းပွလာခြင်း၊ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာခဲ့ခြင်းဖြစ်သည်။ အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ သားငါး၊ ကြက်ဥစသည့် ကုန်စည်ဈေးများသည် ငါးဆမှ ၁၀ ဆ ဝန်းကျင်အထိ တရိပ်ရိပ်တက်သွားခဲ့သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ ပြည်တွင်း လုပ်ငန်းအများအပြား ရပ်ဆိုင်းခြင်းများကြောင့် အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ဝင်ငွေလျော့ကျခြင်းတို့နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ကျပ်ငွေတန်ဖိုး ထိုးကျမှုတို့နှင့် ပေါင်းလိုက်သောအခါ တွေးပင်မတွေးရဲစရာ လူမှုစီးပွားပြဿနာကြီး ပေါက်ကွဲထွက်လာခဲ့သည်။
၂၀၁၁ ခုနှစ် မှ၂၀၂၀ ဆယ်စုနှစ်ကာလ အရပ်သားတစ်ပိုင်း အစိုးရနှစ်ဆက်တွင် ငွေကြေးဖောင်းပွမှုသည် ပျမ်းမျှ ၆ ရာခိုင်နှုန်းရှိခဲ့သည်။ သို့သော် ထိုအချိန်က အခြေခံအလုပ်သမားလစာများကို ဥပဒေဖြင့် အာမခံပေးနိုင်ခဲ့သလို နိုင်ငံစီးပွားရေး တိုးတက်လာနေချိန်ဖြစ်၍ အခြေခံလူတန်းစားများ ခုသာခံသာရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ကိုဗစ်ကာလ ပြည်သူမှပြည်သူသို့ မျှဝေခြင်းအစီအစဥ်များကြောင့် ဝင်ငွေနည်းမိသားစုများ သက်သာရာရခဲ့သည်။ နိုင်ငံတကာအထောက်အပံ့များလည်း ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ဆိုသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဥ်လျှင် ငွေကြေးဖောင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းက များသည်ဟု ဆိုနိုင်သော်လည်း ထိုအကူအညီ အထောက်အပံ့များကြောင့် အကျမနာခဲ့ဟုဆိုရမည်။
သို့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်ကုန်ချိန်အထိ ငါးနှစ်တာကာလတွင် ငွေကြေးဖောင်းပွမှုသည် ပျမ်းမျှ ၂၃ ရာခိုင်နှုန်းရှိလာခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ၁၉ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသော်လည်း မကြာမီက စတင်ဖြစ်ပွားခဲ့သည့် အီရန်စစ်ပွဲဂယက်ကြောင့် ပြည်တွင်းလောင်စာဆီဈေးနှုန်းများ နှစ်ဆခုန်တက်ခဲ့ရာ ငွေဖောင်းပွမှုနှုန်းသည် ၁၉ ရာခိုင်နှုန်းကို ကျော်သွားဖို့ရန် သေချာသလောက်ဟု ဆိုရတော့မည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ လယ်ယာလုပ်ငန်းခွင်။ (ဓာတ်ပုံ – မိုးဦး/Myanmar Now)
အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှု မြင့်တက်ရသည့်အကြောင်းရင်းများ
မြန်မာ့ပြည်တွင်း ငွေကြေးဖောင်းပွမှုသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ အစီရင်ခံစာများက ဖော်ပြသည့် နှုန်းများထက် မြင့်မားသည်ဟု ပြည်တွင်းစားသုံးသူများက ထောက်ပြလေ့ရှိသည်။ အခြေခံလူတန်းစား အိမ်ထောင်စုများသည် ၎င်းတို့ ဝင်ငွေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်ကို စားရေးအတွက် သုံးစွဲနေရသည်ဟု ဆိုသည်။
စစ်အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့သည့် ငါးနှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းသည် စီးပွားရေးပညာရှင်များက စိုးရိမ်ဖွယ်ရာဟုသတ်မှတ်သည့် ၂၀ ရာခိုင်နှုန်းအထက်ရောက်အောင် မြင့်တက်စေခဲ့သည့် တရားခံများတွင် စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် ပေါ်ပေါက်ခဲ့ရသည့် ဘဏ်အကျပ်အတည်းများအပါအဝင် ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲမှု၏ နောက်ဆက်တွဲ ရေနံစည်ဈေးနှုန်းများမြင့်တက်ခြင်းတို့ ပါဝင်သည်။
နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်သည့်အစီရင်ခံစာများအရ ဘဏ်အကျပ်အတည်း၏ နောက်ဆက်တွဲ ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကြီးမြင့်မှုက ငွေကြေးဖောင်းပွမှု၏ အဓိကတရားခံ ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးစရိတ်များကြီးမြင့်မှုဆိုရာ၌ စစ်တပ်နှင့်တော်လှန်ရေးတပ်တို့ နှစ်ဖက်စလုံး ထိန်းချုပ်သည့် နယ်မြေများတွင် ဖြတ်သန်းခကောက်ခံသည့် ဂိတ်စခန်းများ အလွန်အမင်း များပြားခြင်းကြောင့်လည်းဖြစ်သည်။ လောင်စာဆီဈေးနှုန်းကလည်း ယူကရိန်းကျူးကျော်စစ် စတင်ချိန်ကတည်းက နှစ်ဆကျော်မြင့်တက်ခဲ့ပြီးဖြစ်သည်။
တတိယအကြောင်းရင်းမှာ မလိုအပ်သည့် ဈေးကွက်ထိန်းချုပ်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများ အစိုးရဌာနများအတွင်း များပြားလာခြင်းကြောင့်ဖြစ်သည်။
နောက်ထပ်အကြောင်းရင်းတစ်ခုမှာ စီးပွားရေးကျဆင်းမှုကြောင့် ဘတ်ဂျက်လိုငွေပြမှု မြင့်တက်ခဲ့ခြင်းနှင့် လိုငွေကို ဗဟိုဘဏ်မှ ငွေစက္ကူရိုက်ထုတ်ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၂ ရာခိုင်နှုန်း လိုငွေပြမှုရှိရာမှ ယခုအခါ ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိလာပြီး အစိုးရကြွေးမြီကလည်း ပြည်တွင်းစုစုပေါင်း ထုတ်လုပ်မှု (ဂျီဒီပီ) ၏ ၆၀ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးသည် ၆၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။ အာဏာမသိမ်းခင်က အမေရိကန် တစ်ဒေါ်လာ ၁၃၅၀ ကျပ်ခန့်သာရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်ကုန်၌ ကျပ် ၄၀၀၀ ဝန်းကျင် ဖြစ်လာသည်။ ငွေစက္ကူရိုက်ထုတ်ခြင်းက ငွေတန်ဖိုးကျဆင်းစေသည့် အဓိက အကြောင်းရင်းဟု ပညာရှင်များ ထောက်ပြသည်။ ဘတ်ဂျက်လိုငွေပြခြင်းမှာလည်း စစ်အသုံးစရိတ် များပြားလာခြင်းကြောင့်ဖြစ်၍ ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်များ ကျဆင်းခဲ့သည်ကို တွေ့ရသည်။
ရန်ကုန်မြို့ ကမ်းနားတစ်နေရာတွင် တွေ့မြင်ရသည့် ခရီးသွားပြည်သူများ။ (ဓာတ်ပုံ-ကံကောင်း/Myanmar Now)
ငွေကြေးဖောင်းပွမှုကို မင်းအောင်လှိုင် ဘယ်လိုထိန်းချုပ်မလဲ
မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက အာဏာသိမ်းပြီး ငါးနှစ်အတွင်း ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ရန် ဆောင်ရွက်သည့်နည်းလမ်းများမှာ စည်းမျဉ်းတင်းကျပ်ခြင်း၊ ပြစ်ဒဏ်ပေးခြင်း၊ ကုန်ဈေးနှုန်းကို အမိန့်အာဏာသုံး သတ်မှတ်ခြင်းတို့သာဖြစ်သည်။ စစ်အာဏာရှင်အနေဖြင့် ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ငွေဖောင်းပွမှုနှင့် ဘဏ်များမတည်မငြိမ်ဖြစ်ရသည်ဟု သုံးသပ်ဟန်ရှိသည်။
ထိုကြောင့် ပို့ကုန်သွင်းကုန်ဆိုင်ရာ တင်းကျပ်သည့် စည်းမျဥ်းစည်းကမ်းများနှင့် နိုင်ငံခြားငွေလဲလှယ်ခြင်းဆိုင်ရာ ဥပဒေများကို ပြင်ဆင်သတ်မှတ်ခဲ့သည်။ အကျိုးဆက်အားဖြင့် သွင်းကုန်များ ပိုမိုကန့်သတ်ခံလာရပြီး ပို့ကုန်ရငွေ၏ အချိုးအစားတစ်ခု (၅၀-၃၅-၂၅-၁၅ ရာခိုင်နှုန်း) ကို တရားဝင်သတ်မှတ်ဈေး (တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်း) ဖြင့် လဲလှယ်ရခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း အမျိုးမျိုးရှိလာခြင်းတို့ဖြစ်သည်။ ပြင်ပဈေးကွက်ပေါက် ဈေးများ (အထူးသဖြင့် လောင်စာဆီ၊ စားအုန်းဆီ) ကိုမထိန်းနိုင်သဖြင့် ယင်းသွင်းကုန်တင်သွင်းသူများအား ဗဟိုဘဏ်က ဒေါ်လာကို ၎င်းတို့သတ်မှတ်နှုန်းဖြင့် ပမာဏအချို့ရောင်းချပေးပြီး တင်သွင်းသူများက စစ်ကောင်စီ သတ်မှတ်ဈေးဖြင့် ပြည်တွင်း၌ ပြန်ဖြန့်ဖြူးပေးရသည်။
ဒုတိယနည်းလမ်းမှာ ပြည်ပလုပ်သားများအား လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို စစ်ကောင်စီက သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပြည်တွင်းသို့ မဖြစ်မနေ ပြန်လွှဲခိုင်းခြင်း ဖြစ်သည်။ စစ်ကောင်စီ သတ်မှတ်ဈေးထက်များပြီး ပြင်ပပေါက်ဈေးထက် အနည်းငယ်သာ လျော့သည့်နှုန်းဖြင့် လုပ်ခလစာကို ပြည်တွင်း ဘဏ်များသို့ ပြန်လည် လွှဲပေးရသည်။ ပြည်ပရောက် လုပ်သားဦးရေ သန်းနှင့်ချီရှိသော မြန်မာနိုင်ငံတွင် ဤနည်းဖြင့် စစ်ကောင်စီ၏ ဗဟိုဘဏ်သည် နိုင်ငံခြားငွေရလမ်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
တစ်ဖက်တွင် သွင်းကုန်ကိုအလွန်အမင်းထိန်းချုပ်ခြင်းကြောင့် ဆေးဝါးအပါအဝင် ကုန်ပစ္စည်း ပြတ်လပ်မှုက အတော်ဆိုးဝါးကြောင်း သတင်းမီဒီယာများတွင် မကြာခဏ တွေ့ရသည်။ သို့သော်လည်း ၂၀၂၅ ခုနှစ်တွင် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ၏ လုပ်ခလစာပြန်ပို့မှုမှ ဒေါ်လာ ငါးဘီလီယံကျော်ရရှိခြင်း၊ သွင်းကုန် အထူးကန့်သတ်ခြင်းတို့ကြောင့် ဒေါ်လာငွေလဲလှယ်နှုန်းသည် ကျပ် ၄၀၀၀ ပတ်ဝန်းကျင်၌ တည်ငြိမ်နေခဲ့သည်။ ငွေဖောင်းပွမှုနှုန်းသည်လည်း ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာမည်ဟု ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများက သုံးသပ်တင်ပြခဲ့ကြသည်။
ထိုအချိန်၌ မင်းအောင်လှိုင် စစ်ယူနီဖောင်းချွတ်ပြီး ကိုယ့်ကိုယ်ကိုယ် သမ္မတမခန့်မီလေးတွင်ပင် အမေရိကန်- အီရန် စစ်ပွဲစတင်ဖြစ်ပွား၍ ရေနံဈေးနှုန်းများသည် ၆၀ မှ ၈၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့သည်။ ဒီဇယ် အပါအဝင် လောင်စာဆီဈေးနှုန်းများသည် ၁၀၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်။ အလားတူ ဓာတ်မြေသြဇာနှင့် အခြေခံလူတန်းစားများ လက်လှမ်းမီသည့် စားအုန်းဆီဈေးနှုန်းများလည်း အတော်မြင့်တက်လာခဲ့သည်။ မဖြစ်မနေတင်သွင်းရသည့် ထိုအထူးကုန်စည်များ တင်သွင်းနိုင်ရန်အတွက် ဗဟိုဘဏ်အနေဖြင့် အရန်နိုင်ငံခြားငွေ ထုတ်ရောင်းပေးနေရသည်။ ကုန်သွယ်မှု လိုငွေလည်း ပြလာခဲ့ရာ ငွေတန်ဖိုး ပိုမိုကျဆင်းစေခဲ့သည်။ လက်ရှိ (၂၀၂၆ ခုနှစ် ဇွန်လ) ပြင်ပပေါက်ဈေးသည်ပင် တစ်ဒေါ်လာ ၄၂၀၀- ၄၃၀၀ ကျပ်အထိ ရှိနေပြီဖြစ်သည်။
အင်းလေးကန် တစ်နေရာ၌ ဒေသခံအချို့ကို ၂၀၂၅ ဇွန်လတွင် တွေ့ရစဉ်။ (ဓာတ်ပုံ- ကံကောင်း/Myanmar Now)
ဤနေရာတွင် ငွေတန်ဖိုးမကျဆင်းရေး၊ ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးသည် ငွေကြေး ဖောင်းပွမှုနှုန်း မမြင့်တက်ရေးအတွက် အထူးအရေးကြီးကြောင်း တင်ပြလိုရင်း ဖြစ်သည်။ မြန်မာ့စီးပွားရေးသည် သွင်းကုန်အပေါ်လည်း များစွာမှီတည်နေပါသည်။ ပြည်တွင်း စက်မှုထုတ်ကုန်များသည် အရည်အသွေးလည်းမကောင်းကြပါ။ ထို့အပြင် လယ်ယာသားငါးကဏ္ဍအတွက်လည်း ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လယ်ယာသုံးစက်ကိရိယာ၊ မွေးမြူရေးအစာတို့ကို ပြည်ပမှ မဖြစ်မနေတင်သွင်းနေရပါသည်။ စက်မှုကုန်ကြမ်းများ တင်သွင်းခွင့်ပိတ်ပင်လျှင် စက်ရုံများပိတ်သိမ်းရမည်ဖြစ်သည်။ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များအတွင်းရှိ စက်ရုံအချို့ ကုန်ကြမ်းပြတ်လပ်မှုများကြောင့် ပိတ်သိမ်းခဲ့ရခြင်းများရှိခဲ့သည်။ မည်သို့ပင် သွင်းကုန်အစားထိုးရေး ကြွေးကြော်နေစေကာမူ အရှိတရားမှာမူ ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းသည် အနည်းငယ်သာရှိသည်။ တင်သွင်းခွင့်မပေးလျှင်လည်း လုပ်ငန်းများပိတ်သိမ်းရုံသာရှိနေသည်။
တစ်ဖက်တွင်လည်း ကုန်သွယ်မှုလိုငွေ အပြများလာချိန် ယခင်ကလို နိုင်ငံတကာအကူအညီများလည်းမရှိသဖြင့် ဗဟိုဘဏ်ရှိ နိုင်ငံခြားအရန်ငွေ ပြတ်လပ်မှု သီရိလင်္ကာကဲ့သို့ ကြုံနိုင်သလို မြန်မာငွေတန်ဖိုးသည်လည်း နောက်ထပ်ရာခိုင်နှုန်းများစွာ ကျဆင်းနိုင်သည့် အန္တရာယ်ရှိနေပြန်သည်။
လက်ရှိတွင် စုံ/မ နံပါတ်အရ ယာဥ်သွားလာခွင့်ကို ရန်ကုန် မန္တလေးမြို့ကြီးတို့၌ ကန့်သတ်ထားသဖြင့် ဆီတင်သွင်းမှုပမာဏပင် ၃၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားသည်ဟု စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ထိုစနစ်သည် ကိုယ်ပိုင်မော်တော်ယာဥ်ပိုင်ရှင်များအတွက်များစွာ အခက်အခဲဖြစ်စေပြီး ယခု ကျောင်းဖွင့်ရာသီတွင် ပိုမိုဒုက္ခတွေ့ကြသည်။ အငှားယာဥ်ဖြင့် ကျောင်း၊ အလုပ်သွားရသည့်အတွက် မိသားစုများ မလိုအပ်ဘဲ အပိုကုန်ကျကြရသည်။ အငှားယာဉ်များကလည်း ယာဉ်စီးခများကို ယခင်ကထက် တိုးမြှင့်လာကြသည်။
အခြားတစ်ဖက်တွင် တောင်သူလယ်သမားများမှာ ဒီဇယ်ဆီဝယ်မရခြင်းနှင့် မဝယ်နိုင်ခြင်း၊ ဓာတ်မြေသြဇာ ဈေးများလည်း များစွာမြင့်တက်လာခြင်းတို့ကြောင့် မိုးစပါးမစိုက်နိုင် ဖြစ်နေကြသည်ဟု သိရှိရသည်။ စိုက်ဧကကျဆင်းခြင်းနှင့် ဓာတ်မြေဩဇာမသုံးနိုင်ခြင်းတို့ကြောင့် မိုးစပါးအထွက်နှုန်းကျဆင်းမည်ဟု ခန့်မှန်းမှုများ ရှိနေသည်။ ယခင်နှစ်ကပင် ဓာတ်မြေသြဇာဈေးနှုန်းကြီးမြင့်ခြင်းကြောင့် သွင်းအားစု သုံးစွဲနှုန်း ၃၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်ဟုသိရသည်။ သို့ဖြစ်ရာ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုကျဆင်းခြင်း၊ စိုက်ဧကကျဆင်းခြင်းတို့ကြောင့် လက်ရှိဖြစ်ပေါ်နေသည့် စားနပ်ရိက္ခာမဖူလုံမှု ပိုမိုဆိုးရွားသွားနိုင်သည်။ ထို့အပြင် လက်ရှိကျင့်သုံးနေသည့် ပို့ကုန်ရငွေအပေါ် ၁၅ ရာခိုင်နှုန်း အခွန်ကောက်ခြင်းကလည်း စိုက်ပျိုးသူတောင်သူများကိုသာ အထိနာစေသကဲ့သို့ဖြစ်နေသည်။ ငွေတန်ဖိုး ကျဆင်းခြင်းကြောင့် တောင်သူများဈေးကောင်းရနိုင်သော်လည်း အမျိုးမျိုးသော အချိုးအစားများ (ယခင်က ၃၅-၂၅ ရာခိုင်နှုန်း) အတိုင်း ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ ဖြင့်လဲလှယ်ခဲ့ရသဖြင့် ဈေးကောင်းမရခဲ့ပေ။ သို့သော် သွင်းအားစုကို ပြည်ပမှတင်သွင်းရပြီး ဈေးကွက်ပေါက်ဈေးဖြင့်သာ တွက်ချက်ရောင်းချကြခြင်းကြောင့် တောင်သူများ တွက်ခြေမကိုက်၊ အမြတ် မရှိသလောက် ဖြစ်လာခဲ့သဖြင့် ယခုအခါ လယ်မစိုက်ဘဲ လယ်ရောင်းချ၍ ပြည်ပထွက်ခွာသူ၊ သားသမီးများ ပြည်ပတွင် အလုပ်အကိုင်ရရှိရေး ရင်းနှီးလာသည့်တောင်သူများပြားလာနေသည်ဟု ကြားသိရသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ လယ်ယာလုပ်ငန်းခွင်တစ်ခု။ (ဓာတ်ပုံ – မိုးဦး/Myanmar Now)
စစ်အစိုးရအတွက် နောက်ထပ်အကျပ်အတည်းတစ်ခုသည် ဘဏ်များတည်ငြိမ်မှုကိုပါ ငွေတန်ဖိုးကျဆင်းမှုက ထိခိုက်နိုင်ခြေရှိနေခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ်ကစ၍ ငွေလဲလှယ်နှုန်း ၄၀၀၀ ကျပ်ဝန်းကျင်တွင် တည်ငြိမ်နေခြင်းကြောင့် အချို့ငွေကြေးချမ်းသာသူများ၊ လူလတ်တန်းစားများက ပုံမှန်ဝင်ငွေရရန် အတိုးနှုန်း ၁၂ မှ ၁၅ ရာခိုင်နှုန်းအထိ ရရှိသည့် ဘဏ်စာရင်းများတွင် ၎င်းတို့ငွေကို စုဆောင်းအပ်နှံထားရှိ၍ အတိုးဖြင့် ထိုင်စားနေခဲ့ကြသည်။ ငွေတန်ဖိုး အဆမတန် ကျဆင်းလာမည်ဆိုလျှင် ၎င်းတို့အပ်နှံထားသည့် ဘဏ်ရှိငွေများ နေ့ချင်းညချင်း ရုတ်တရက် အငွေ့ပြန်သွားမည်ကို မြင်လာပြီးနောက် ဘဏ်ရှိငွေများကို ထိတ်လန့်တကြား စုပြုံထုတ်ယူလျှင်လည်း ဘဏ်များအကျပ်အတည်းဖြစ်လာနိုင်သည်။
ထိုသို့ဘေးကျပ်နံကျပ် အခြေအနေဖြစ်သဖြင့် စစ်အုပ်စုအနေဖြင့် အီရန်စစ်ပွဲအမြန်ပြီးပါစေဟု ဆုတောင်းနေရုံသာရှိတော့သည်။ အီရန်စစ်ပွဲ၏ ရိုက်ခတ်မှုသက်သာစေရန် ဆောင်ရွက်နိုင်သည့် မူဝါဒအရင်းအမြစ်များ ၎င်းတို့၌မရှိသလောက်ဖြစ်နေပြီဟုဆိုရမည်။
အကျိုးဆက်များ
အတိုင်းအတာတစ်ခုထိ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်မှုသည် စီးပွားရေးနှင့်လူမှုဘဝများကို မထိခိုက်ဟု ဆိုနိုင်သော်လည်း ၂၀ ရာခိုင်နှုန်းအထက် မြင့်တက်မှုသည် နိုင်ငံအသီးသီးတွင် ကြီးမားသည့် ပြဿနာပင်ဖြစ်သည်။ ဝင်ငွေကျဆင်းမှု၊ ဘဏ်အပ်နှံငွေ တန်ဖိုးကျဆင်းမှု၊ ဝင်ငွေနှင့်ထွက်ငွေမလုံလောက်သဖြင့် ချေးယူသုံးစွဲရခြင်း၊ အိုးအိမ်ခြံမြေ ပေါင်နှံရောင်းချရခြင်းမှသည် စီးပွားရေးလုပ်ငန်းများ ဈေးတက်မရောင်းနိုင်သလို ဝယ်လိုအားကျဆင်းလာမှုကြောင့် ပြိုလဲရခြင်းများ၊ အလုပ်လက်မဲ့နှုန်း မြင့်မားလာခြင်းတို့ဖြစ်ပေါ်စေသည်ကို ပညာရှင်များက သုတေသနစာတမ်းများ ရေးသားထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အီရန်စစ်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၌ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ အီရန်စစ်ပွဲမတိုင်ခင် ကတည်းက ရင်ဆိုင်နေခဲ့ရသည့် စားနပ်ရိက္ခာမဖူလုံမှုပြဿနာ ပိုမိုဆိုးဝါးလာနေသည်ဟု လတ်တလောတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက သတိပေးထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ၌ လူပေါင်း ၁၂ သန်းကျော် (လူလေးဦးလျှင် တစ်ဦး)သည် ဆိုးဆိုးရွားရွား စားနပ်ရိက္ခာမလုံခြုံမှု (acute food insecurity) ကို ရင်ဆိုင်နေရသည်ဟု မကြာခင်ကထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံကဲ့သို့ စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံ၊ ဆန်စပါး၊ ပဲ၊ နှမ်းတို့ အဓိက တင်ပို့နေသည့်နိုင်ငံတွင် လူဦးရေ၏ လေးပုံတစ်ပုံ ထမင်းမဝ ဖြစ်နေခြင်းသည် မဖြစ်သင့်ပေ။
မြန်မာ့စီးပွားရေးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စီးပွားရေးပညာရှင်များခေါ်ဆိုသည့် stagflation ကို ခံစားနေရခြင်းဖြစ်သည်။ Stagnation စီးပွားရေးကျဆင်းခြင်း နှင့် Inflation ငွေကြေးဖောင်းပွမှုကိုတပြိုင်တည်းခံစားနေရခြင်းဖြစ်ပြီး ထိုသို့ဖြစ်ခြင်းသည် ဖြေရှင်းရန်ခက်ခဲသည်ဟုလည်း ပညာရှင်များကသုံးသပ်ကြသည်။
မြန်မာနိုင်ငံ၌ အတိတ်တွင်ဖြစ်ပေါ်ခဲ့သော လူထုအုံကြွမှုများသည်လည်း ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။ အထူးသဖြင့် ဆန်အပါအ၀င် စားသောက်ကုန်စျေးနှုန်းများမြင့်တက်ခဲ့ခြင်းသည် ၁၉၇၄ ခုနှစ် အလုပ်သမားအရေးအခင်း၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ ၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုများ၏ အဓိကအကြောင်းရင်းဖြစ်ခဲ့ခြင်းကြောင့် လက်ရှိ အရပ်သားအရေခြုံထားသည့် စစ်အာဏာရှင်အနေဖြင့်လည်း အထူးသတိထားနေမည်ဖြစ်သည်။ အောက်ခြေလူထု အထူးသဖြင့် လက်ရှိစားနပ်ရိက္ခာမဖူလုံဖြစ်နေသည့် လူဦးရေ ၁၂ သန်းသည်လည်း ငွေကြေးဖောင်းပွမှု ယခုထက် ထပ်မံမြင့်တက်ပါက ပြေးစရာမြေလည်းမရှိ၊ စားစရာလည်းမရှိဆိုသလိုဖြစ်နေခြင်းကို မည်မျှအထိ သည်းခံနိုင်မည်နည်း။ ယခင်လို လူထုအုံကြွကြွေးကြော်တောင်းဆိုသည့် နည်းလမ်းကိုသာရွေးချယ်မည်လား ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရမည်သာဖြစ်သည်။