
AI Summary
ဩစတြေးလျ-မြန်မာကပြား အလှမယ် မေဂရေ့စ်ပယ်ရီသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပဉ္စမအကြိမ်မြောက် ကျင်းပသည့် မယ်စကြဝဠာမြန်မာ ၂၀၂၆ ပြိုင်ပွဲတွင် သရဖူဆွတ်ခူးရရှိခဲ့သည်။ ဇွန်လ ၁၇ ရက်နေ့ညက ရန်ကုန်မြို့တွင် ကျင်းပခဲ့သော နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် တောင်ငူကိုယ်စားပြု ဟန်သိမ့်သိမ့်အောင်က 1st Runner Up နှင့် ရန်ကုန်အနောက်ပိုင်းခရိုင်ကိုယ်စားပြု ကျော်ကျော်အိန္ဒြာက 2nd Runner Up ဆုများ ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံတွင် မယ်စကြဝဠာပြိုင်ပွဲများကို ၂၀၁၃ ခုနှစ်မှ စတင်ကျင်းပခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှုကြောင့် ရွေးချယ်နိုင်ခြင်း မရှိခဲ့ပေ။ ယခင် ၂၀၂၀ ပြိုင်ပွဲဝင် သူဇာဝင့်လွင်သည် နိုင်ငံတကာစင်မြင့်ပေါ်မှ မြန်မာပြည်သူများအတွက် အာရုံစိုက်မှုကို ရယူခဲ့ဖူးသည်။ မေဂရေ့စ်ပယ်ရီသည် မြန်မာနိုင်ငံကိုယ်စားပြု ၁၃ ယောက်မြောက် မယ်စကြဝဠာအလှမယ်ဖြစ်လာပြီး လာမည့် နိုင်ငံတကာပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၅ ကြိမ်မြောက် ကျင်းပတဲ့ မယ်စကြဝဠာမြန်မာ အလှမယ်ပြိုင်ပွဲမှာ ဩစတြေးလျ-မြန်မာကပြား အလှမယ် မေဂရေ့စ်ပယ်ရီက နိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်သရဖူကို ဆွတ်ခူးရရှိသွားပါတယ်။
ဒီပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကိုတော့ ဇွန် ၁၇ ရက်ညပိုင်းက ရန်ကုန်မြို့မှာ ကျင်းပခဲ့တာဖြစ်ကာ 1st Runner Up ဆုကို တောင်ငူကိုယ်စားပြု အလှမယ် ဟန်သိမ့်သိမ့်အောင်နဲ့ 2nd Runner Up ဆုကို ရန်ကုန်အနောက်ပိုင်းခရိုင် ကိုယ်စားပြု အလှမယ် ကျော်ကျော်အိန္ဒြာတို့က ရရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ မယ်စကြဝဠာအလှမယ်ပြိုင်ပွဲတွေကို ၂၀၁၃ ခုနှစ်က စတင်ကျင်းပခဲ့ပြီး နောက်ဆုံး ၂၀၂၀ ပြည့်နှစ်အထိသာ ကျင်းပနိုင်ခဲ့ကာ စစ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာတော့ ရွေးချယ်နိုင်ခြင်း မရှိခဲ့ပါဘူး။
၆၉ ကြိမ်မြောက်အဖြစ် အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ မယ်စကြဝဠာပြိုင်ပွဲတုန်းကတော့ ၂၀၂၀ ပြည့်နှစ် မြန်မာအလှမယ် သူဇာဝင့်လွင်က သွားရောက်ယှဉ်ပြိုင်ထားခဲ့ပြီး ချင်းတိုင်းရင်းသူဝတ်စုံနဲ့ နိုင်ငံကိုယ်စားပြု National Costume အမျိုးသားဝတ်စုံဆု ရရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာအလှမယ်ဟာ အဆိုပါ ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး စစ်အာဏာသိမ်းကာလ ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး “Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။
စစ်အာဏာသိမ်းကာလမှာ ကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တွေမှာတော့ မြန်မာနိုင်ငံကိုယ်စားပြု မယ်စကြဝဠာ အလှမယ်တွေအဖြစ် အလှမယ် ဇာလီမိုး၊ အမရာဘို၊ သက်စံအန်ဒါဆန်၊ မြတ်ရတနာစိုးတို့က အလှမယ်သရဖူတွေ ဆွတ်ခူးရရှိခဲ့ကြပြီး နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ Unplaced အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ မယ်စကြဝဠာ အလှမယ်ပြိုင်ပွဲမှာ အလှမယ်သရဖူကို မိုးစက်ဝိုင်က ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ သျှားထွဋ်အိန္ဒြာ၊ ၂၀၁၅ ခုနှစ်မှာ မေဘရဏီသော်၊ ၂၀၁၆ ခုနှစ်မှာ ထက်ထက်ထွန်း၊ ၂၀၁၇ ခုနှစ်မှာ ဇွန်သံစဉ်၊ ၂၀၁၈ ခုနှစ်မှာ နှင်းသွေးယုအောင်၊ ၂၀၁၉ ခုနှစ်မှာ ဆွေဇင်ထက်၊ ၂၀၂၀ ပြည့်နှစ်မှာ သူဇာဝင့်လွင်၊ ၂၀၂၂ ခုနှစ်မှာ ဇာလီမိုး၊ ၂၀၂၃ ခုနှစ်မှာ အမရာဘို၊ ၂၀၂၄ ခုနှစ်မှာ သက်စံအန်ဒါဆန်၊ ၂၀၂၅ ခုနှစ်မှာ မြတ်ရတနာစိုးတို့က ရရှိခဲ့ကြတာမို့ အခုနှစ်ရဲ့ အလှမယ် မေဂရေ့စ်ပယ်ရီကတော့ ၁၃ ယောက် မြောက် မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာအလှမယ် ဖြစ်လာခဲ့တာပါ။
၂၀၁၆ ခုနှစ်က မယ်စကြဝဠာအလှမယ်ပြိုင်ပွဲ အမျိုးသားဝတ်စုံပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု အလှမယ်အဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်းက ရုပ်သေးမင်းသမီးနဲ့ ဆိုင်းဝိုင်းအပြင်အဆင် တင်ဆက်မှုနဲ့ ပထမဆုံးအကြိမ် ဆုရရှိခဲ့ဖူးပါတယ်။