
AI Summary
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးအဖွဲ့တချို့က ကျေးရွာများမှ မြို့ပေါ်ရှိ စစ်အာဏာရှင်ပညာရေးဌာနလက်အောက်ခံ ကျောင်းများသို့ သွားရောက်သည့် ကျောင်းကားများကို ဟန့်တားကာ ကျောင်းအကြိုအပို့ မလုပ်ရန် တားမြစ်ခဲ့သည်။ ၎င်းလုပ်ရပ်ကြောင့် ကလေးငယ်များ၏ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဖိနှိပ်ရာရောက်သည်ဟု ဒေသခံမိဘများက ဝေဖန်လျက်ရှိသည်။ လောင်းလုံးမြို့နယ်သည် စစ်နယ်မြေဖြစ်ပြီး တိုက်ပွဲများဖြစ်ပွားနိုင်သောကြောင့် ကျောင်းသားများ ဘေးကင်းစေရန်အတွက် မြို့ပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြရန် စစ်တပ်က မေတ္တာရပ်ခံထားသည်။ သို့သော် မြေပြင်တွင်မူ ကျောင်းသားမိဘများနှင့် ကားသမားများကို ခံဝန်လက်မှတ်ထိုးခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ကမူ ကလေးများ၏ ပညာရေးမဆုံးရှုံးစေရန်နှင့် လုံခြုံရေးအတွက် တော်လှန်ရေးအင်အားစုများတွင် တာဝန်ရှိကြောင်း ထောက်ပြခဲ့သည်။ ၎င်းတို့အနေဖြင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို နားလည်သည့် တပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ ပညာရေးအခွင့်အလမ်းများအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု သိရသည်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေကနေ မြို့ပေါ်ကို ကျောင်းသွားတက်တဲ့ ကျောင်းကားတွေကို တော်လှန်ရေးအဖွဲ့တချို့က ဟန့်တားပြီး ကျောင်းအကြိုအပို့ ဆက်မလုပ်ကြဖို့ တားဆီးခံခဲ့ရတာတွေနဲ့ ပတ်သက်ပြီး ဒါဟာ ကလေးငယ်တွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ဖိနှိပ်တာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်ထောက်ပြနေကြပါတယ်။
လောင်းလုံးမြို့နယ်က ကျေးရွာတွေကနေ မြို့ပေါ်ရှိ စစ်အာဏာရှင်ပညာရေးဌာန လက်အောက်က စာသင်ကျောင်းတွေမှာ သွားတက်တဲ့ ကျောင်းကားတွေကို လက်နက်ကိုင်လူတစုက ဟန့်တားပြီး ကျောင်းအကြိုအပို့ ဆက်မလုပ်ကြဖို့ တားဆီးခံခဲ့ရတာတွေ ရှိတယ်လို့ ကျောင်းသားမိဘတွေက ဆိုပါတယ်။
လောင်းလုံးမြို့နယ်က ကျေးရွာတခုကနေ မြို့ပေါ်ကို အသွားအပြန် ကျောင်းတက်ရတဲ့ ကလေးငယ်ရဲ့ မိဘတယောက်ကတော့ ကလေးတွေရဲ့ ပညာရေးကို အခုလို ဖိအားပေး နှောင့်ယှက်တာကို လုံးဝလက်မခံနိုင်ကြောင်း ရင်ဖွင့်ထားပါတယ်။
“စစ်အာဏာရှင်ကို တိုက်တာ မဟုတ်ဘဲနဲ့ ကလေးတွေကို ဖိအားပေးပြီးတော့ ကလေးတွေရဲ့ ပညာရေးကို နှောင့်ယှက်တာက ကျနော်ကတော့ လုံးဝ အဆင်မပြေဘူး၊ လုံးဝလည်း လက်မခံဘူး။ လက်မခံဘူး ဆိုပေမဲ့ လက်နက်ကိုင်ဆိုတော့ ကိုယ်က ဘာမှ ပြောပိုင်ခွင့်မရှိဘူးလေ။ ကလေးတွေ စာရဖို့က အဓိကလေ၊ ဘာမှမထားဘဲ လက်လှမ်းမမီဘူး၊ အလှမ်းဝေးတယ်ဆိုပြီး မထားဘူးဆိုရင် ဘာမှ စာတလုံးမှ မတတ်ဘဲ ဘာမှ လုပ်လို့မရ၊ အသုံးကျမှာ မဟုတ်ဘူးလေ။”
လောင်းလုံးမြို့နယ်မှာ နယ်မြေမတည်ငြိမ်တာကြောင့် စာသင်ကျောင်းအများစု ပိတ်ထားရပြီး ထားဝယ်မြို့ပေါ်က စာသင်ကျောင်းတွေကို နေ့ချင်းပြန် အသွားအလာပြုလုပ်ကာ ပညာသင်ကြားနေရတဲ့ ကျောင်းသူ၊ ကျောင်းသား ၃၀၀ ကျော်ကနေ ၄၀၀ နီးပါးလောက်အထိ ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇွန် ၆ ရက်နေ့ကတော့ တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ ၃၃၊ ထားဝယ်ခရိုင်၊ အမှတ် ၈၀၀၃ တပ်ရင်းက လောင်းလုံးမြို့နယ်ကနေ မြို့ပေါ် ကျောင်းအပ်နှံထားတဲ့ မိဘပြည်သူတွေကို ဘေးကင်းလုံခြုံဖို့အတွက် မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် အမှတ် ၈၀၀၃ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “လောင်းလုံးမြို့နယ်က ကျေးရွာအသီးသီးက ထားဝယ်မြို့ပေါ် ကျောင်းသွားတက်တဲ့အချိန်မှာ စာသင်ကြားပြီး လောင်းလုံးမြို့နယ် ကျေးရွာကို ပြန်လာတဲ့အချိန်မှာ ကားနောက်ကနေ စစ်ကောင်စီတပ်က လိုက်ပါလာတဲ့အချိန်၊ ဒေသခံ ပကဖတွေက မိုင်းဆွဲတဲ့အချိန် ထိခိုက်မှုတွေရှိတယ်။ ကလေးငယ်တွေတော့ မဟုတ်ဘူး၊ လမ်းမှာ သွားလာနေတဲ့ ပြည်သူတချို့ ထိခိုက်မှုတွေ ရှိတယ်။ အဲဒါကြောင့်မို့ တားဆီးမှုတွေကို ပြင်းပြင်းထန်ထန် မလုပ်ဘူး။ ကျနော်တို့ ဖြစ်စေချင်တာက ကလေးငယ်တွေကို ထားဝယ်မြို့ပေါ်ပဲ ထားပေးပါပေါ့နော်။ ပြောင်းရွှေ့ဖို့လည်း စာထဲမှာ ထုတ်ပြန်ထားတာ ပါတယ်ပေါ့နော်” လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ်ဟာ စစ်နယ်မြေဖြစ်ပြီး စစ်အာဏာရှင်တပ်သားတွေ စစ်ကြောင်းထိုးလာပါက စစ်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမှာဖြစ်တာကြောင့် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်လို့ ကျောင်းသားတွေကို ဘေးကင်းစေချင်တဲ့အတွက် မေတ္တာရပ်ခံရတာဖြစ်ကြောင်း ဆိုပါတယ်။
တဖက်မှာလည်း ကျောင်းဖွင့်ကာလမှာ ကလေးငယ်တွေ ထိခိုက်မှာ စိုးရိမ်ခဲ့ရင် မြို့ပေါ်ကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းတာထက် တခြားသင့်လျော်တဲ့ နည်းလမ်းတွေကို စဉ်းစားသင့်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) တာဝန်ခံ ကိုမင်းလွင်ဦးက ထောက်ပြထားပါတယ်။
“သူတို့ ပြောသလိုပဲ ကျောင်းကားတွေကို အသုံးပြုပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်ပါလာတယ် ဆိုတဲ့ဟာမျိုး ရှိတယ်ဆိုရင် ကားသမားတွေကို သတိပေးလို့ရတယ်၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပါလာတယ်ဆိုရင် ကားသမားတွေကို အရေးယူမယ် ဆိုတာမျိုးတွေ ပြောလို့ရတယ်။ ကြေညာချက်တစုံလုံးကို ကြည့်မယ်ဆိုရင် စာဖတ်တတ်တဲ့သူတိုင်း သိတယ်ဗျာ၊ ဘာကို ဆိုလိုသလဲဆိုတာ ရှင်းရှင်းလေးရယ်။ ဒါက မင်းတို့ မြို့ပေါ်မှာ ကျောင်းတက်မယ်ဆိုရင် မင်းတို့ မြို့ပေါ်မှာပဲနေ ဆိုတာမျိုး ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့က ကလေးတွေရဲ့ ပညာရေးလည်း မဆုံးရှုံးရအောင်၊ ကျနော်တို့ဘက်က တော်လှန်ရေး အင်အားစုတွေ၊ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေဘက်ကလည်းပဲ ကလေးတွေ လုံလုံခြုံခြုံနဲ့ ဖြစ်အောင်တော့ အတတ်နိုင်ဆုံး လုပ်ဖို့ကိုင်ဖို့တော့ တာဝန်ရှိတယ်လို့ မြင်တယ်။”
အဲဒီထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံတယ်လို့ ပြောဆိုထားပေမဲ့ တကယ့်မြေပြင်မှာတော့ ကျောင်းသားမိဘတွေနဲ့ ကျောင်းကြိုပို့ကားသမားတွေကို ခံဝန်လက်မှတ်ထိုးခိုင်းတာ၊ တချို့ရွာတွေမှာ ကားကြိုပို့လုပ်ရင် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခံရတာတွေအထိ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကိုမင်းလွင်ဦးကတော့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လာနေတာကို စိတ်မကောင်းဖြစ်ရကြောင်း သုံးသပ်ထားပါတယ်။
“ကျနော်တို့ နားလည်တာက ကျနော်တို့တိုင်းပြည်မှာ Right to education ကို နေ့စဉ်နဲ့အမျှ ကန့်သတ် ချုပ်နှောင်နေတဲ့ဟာက စစ်အုပ်စုလို့ပဲ ကျနော်တို့ မြင်တယ်။ အခုချိန်မှာ အဲဒီစစ်အုပ်စုကို တော်လှန်နေတဲ့ အင်အားစုတွေကပါ Right to education ကို ပြောင်ပြောင်တင်းတင်းကြီး ချိုးဖောက်နေတယ် ဆိုတာမျိုး တွေ့လာရတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်မိတာပေါ့ဗျာ။ ပြောရမယ်ဆိုရင်တော့ ချိုးဖောက်ခံရတဲ့အထဲမှာ ဖိနှိပ်ခံရတဲ့အထဲမှာ ကျောင်းသားအခွင့်အရေး ချိုးဖောက်ခံရတာ၊ ဖိနှိပ်ခံရတာလောက် စိတ်ပျက် နာကျင်စရာ ကောင်းတာ မရှိတော့ဘူးပေါ့ဗျာ။”
ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) အနေနဲ့ လောင်းလုံးမြို့နယ်မှာ ကလေးသူငယ်တွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို လက်ခံနားလည်တဲ့ တပ်ရင်းတပ်ဖွဲ့တွေလည်း ရှိတာကြောင့် အဲဒီတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ပညာရေး အခွင့်အလမ်းတွေအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။