
အခမဲ့ပညာရေးဆိုသော်လည်း ကျောင်းလာအပ်သည့် ကျောင်းသားများထံမှ ငွေကောက်ခံနေ
AI Summary
ဧရာဝတီတိုင်းရှိ အခြေခံပညာကျောင်းများတွင် အခမဲ့ပညာရေးစနစ်ဟု ကြေညာထားသော်လည်း ကျောင်းအပ်နှံရာ၌ အလှူငွေများ အတင်းအကျပ်ကောက်ခံခြင်းနှင့် ထောက်ပံ့ပစ္စည်းများ အပြည့်အဝမရရှိခြင်းများ ဖြစ်ပေါ်နေသည်။ အဆိုပါလုပ်ရပ်များကြောင့် ကျောင်းသားမိဘများမှာ ငွေကြေးအခက်အခဲနှင့် ကြုံတွေ့နေရပြီး ကျောင်းအပ်နှံရာတွင်လည်း ဝတ်စုံစည်းကမ်းများကြောင့် အခက်အခဲများရှိနေသည်။ စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဌာနက ဧရာဝတီတိုင်းအတွင်း ကျောင်းပေါင်း ၇၂၀၀ ကျော်ကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ရန် ပြင်ဆင်ထားသည်။ သို့သော် တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသအချို့ရှိ ကျောင်းများမှာမူ ယခုနှစ်တွင်လည်း ဆက်လက်ပိတ်ထားရဦးမည်ဖြစ်သည်။ ကျောင်းအုပ်ကြီးများက စည်းကမ်းထိန်းသိမ်းရန်အတွက်သာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသော်လည်း လက်တွေ့တွင် မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်။

စစ်အာဏာရှင် လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက အခမဲ့ပညာရေးစနစ်ကျင့်သုံးမယ်လို့ ကြေညာထားပေမဲ့ ဧရာဝတီတိုင်းက အခြေခံပညာကျောင်းတွေမှာ ကျောင်းလာအပ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေထံကနေ အလှူငွေကောက်ခံနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ကျောင်းသားတွေအတွက် သင်ရိုးညွှန်းတမ်းစာအုပ်တွေ၊ ဗလာစာအုပ်တွေ၊ ခဲတံတွေ၊ ဘောပင်တွေနဲ့ ကျောင်းဝတ်စုံတွေကို အခမဲ့ဖြန့်ဝေပေးမယ်လို့ ပညာရေးဌာနက ဆိုပေမဲ့ တကယ်မြေပြင်မှာတော့ ငွေပေးရတာ၊ ထောက်ပံ့ရေးပစ္စည်းတွေ အပြည့်အဝမရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ကျောင်းသားမိဘတယောက်က "ငွေကတော့ အလှူခံငွေဆိုပြီး ကောက်တာ။ စေတနာရှိသလောက် ထည့်ပါပေါ့။ ၂,၀၀၀ ကျပ်လောက် ထည့်ရင် ဆရာ၊ ဆရာမ တွေက မျက်နှာမကောင်းဘူး။ ထောက်ပံ့မယ်ဆိုတဲ့ စာရင်းမှာပါတဲ့ စာရေးကိရိယာတွေလည်း အပြည့်အဝမရပါဘူး။ ဘောပင်တွေဆို မရောက်သေးလို့၊ ဗလာစာအုပ်တွေကို သွားမယူ ရသေးလို့ဆိုပြီး ပြောလွှတ်တာ။ ဘာတခုမှ အဆင်ပြေပြေ မရဘူး" လို့ ပြောပါတယ်။
၂၀၂၆-၂၇ အခုနှစ် ပညာသင်နှစ် ဧရာဝတီတိုင်းထဲက ခရိုင် ၈ ခရိုင်၊ မြို့နယ် ၂၆ မြို့နယ်မှာ အခြေခံ ပညာကျောင်းပေါင်း ၇,၂၀၀ ကျော်အထိ ဖွင့်လှစ်ဖို့ စစ်အာဏာရှင်လက်အောက်ခံ ပညာရေးဌာနက ပြင်ဆင်ထားပြီး ကျောင်းအပ်လက်ခံတဲ့ လုပ်ငန်းတွေကို မေ ၂၅ ရက်က စတင် ဆောင်ရွက်နေ ပါတယ်။
အခုနှစ် ပညာသင်နှစ်မှာ ဧရာဝတီတိုင်းထဲကဖျာပုံခရိုင်မှာ စာသင်ကျောင်းပေါင်း ၁,၃၀၀ ခန့်၊ ပုသိမ်ခရိုင်မှာ ၁,၁၀၀ ခန့်၊ မြောင်းမြခရိုင်မှာ ၁,၀၀၀ ခန့်၊ မအူပင်ခရိုင်မှာ ၉၅၀ ခန့်၊ လပွတ္တာခရိုင်မှာ ၈၀၀ ခန့်၊ ဟင်္သာတခရိုင်မှာ ၇၅၀ ခန့်၊ မြန်အောင်ခရိုင်မှာ ၇၀၀ ခန့်နဲ့ ကျုံပျော်ခရိုင်မှာ ၆၀၀ ခန့်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတယ် လို့သိရပါတယ်။
ကျောင်းအပ်လက်ခံတာကို မေ ၂၅ ရက်ကနေ ၃၁ ရက်အထိ ဆောင်ရွက်နေပြီး စာသင်ကျောင်း တွေကိုတော့ ဇွန် ၁ ရက် မနက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းက စာသင်ကျောင်းတချို့မှာတော့ ကျောင်းအပ်လက်ခံတဲ့နေရာမှာ စည်းကမ်း တင်းကျပ် နေတာကြောင့် ကျောင်းသားမိဘတွေ အခက်အခဲတချို့နဲ့ ကြုံတွေ့နေရပါတယ်။
လပွတ္တာခရိုင်က ကျောင်းသားမိဘတယောက်က “ကျောင်းလာအပ်ရင် အဖြူအစိမ်းဝတ်လာမှ အအပ်ခံတယ်။ အဖြူအစိမ်းဝတ်မမလာရင် တခါတည်း ပြန်လွှတ်တယ်။ ကျောင်းတိုင်းတော့ မဟုတ်ပေမဲ့ အများစုကျောင်းတွေကအဲ့ ဒီစနစ်နဲ့အအပ်ခံနေတာ။ ရှိတဲ့သူတွေအတွက် ကိစ္စ မရှိပါဘူး။ မရှိတဲ့မိသားစုတွေ အတွက် ဒုက္ခရောက်တာပေါ့''လို့ ပြောပါတယ်။
တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူတယောက်က “ကျောင်းအပ်လာရင်း အဖြူအစိမ်းလေးတွေ ဝတ်လာ ဖို့ဆိုတာက သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေက ကျောင်းစည်းကမ်းလေးတွေရှိစေဖို့ စေတနာ နဲ့ လုပ်တာပဲ ဖြစ်ပါတယ်။ တချို့အတွက်ကျတော့လည်း အခက်အခဲရှိကောင်းတော့ ရှိလာနိုင်ပါတယ်။ မိဘ၊ ဆရာ၊ တပည့် ပေါင်းဖြေရှင်းရင် အဆင်ပြေမှာပါ''လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ ရေကြည်၊ သာပေါင်း ၊ လေး မျက်နှာ ၊ ပုသိမ် စတဲ့မြို့နယ်တွေထဲက တော် လှန်ရေးတပ်တွေနဲ့ စစ်အာဏာရှင်တပ်တို့ တိုက်ပွဲရှိနေတဲ့ကျေးရွာတွေက အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းကျောင်းတွေဟာ အရင်နှစ်က မဖွင့်နိုင်ဘဲပိတ်ထားရပြီး အခုနှစ်မှာလည်း ဖွင့်ဖို့ လျာထားရာမှာမပါသေးဘူးလို့ သိရပါတယ်။