စစ်တပ်က တမူး-ခါမ်းပါတ်လမ်းပိုင်း ဝိတုတ်ရွာကို ထိုးစစ်ဆင်ရန် ကြိုးစားနေ
politics||6 MIN READ

စစ်တပ်က တမူး-ခါမ်းပါတ်လမ်းပိုင်း ဝိတုတ်ရွာကို ထိုးစစ်ဆင်ရန် ကြိုးစားနေ

DVB
SourceDVB
Back to News

AI Summary

စစ်အာဏာရှင်တပ်ဖွဲ့သည် ကလေး-တမူးလမ်းပိုင်းရှိ ခါမ်းပါတ်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရန် တမူးနှင့် ကလေးမြို့ဘက်မှ နှစ်ဖက်ညှပ်၍ ထိုးစစ်ဆင်လျက်ရှိသည်။ အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ အသုံးပြုကာ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ဤတိုက်ပွဲများကြောင့် ဒေသခံအရပ်သားပြည်သူများမှာ အထိခိုက်ဆုံးဖြစ်ပြီး စစ်ဘေးရှောင်များမှာလည်း လမ်းပိတ်ဆို့မှုများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ တော်လှန်ရေးအင်အားစုများကလည်း ပြောက်ကျားစစ်နည်းဗျူဟာဖြင့် ခုခံတိုက်ခိုက်လျက်ရှိရာ နှစ်ဖက်စလုံးအတွက် မဟာဗျူဟာမြောက် အရေးပါသည့် နယ်မြေဖြစ်နေသည်။ လက်ရှိတွင် စစ်တပ်သည် ဝိတုတ်ရွာနှင့် ရာဇဂြိုဟ်ရွာများတွင် အထိုင်ချ၍ ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"အဓိက ထိခိုက်မှုအရှိဆုံးက အရပ်သား ပြည်သူတွေက ထိခိုက်မှုအရှိဆုံးလို့ပဲ မြင်တယ်ဗျ။"

"ကျနော်တို့မှာ အားသာချက်က လူထုထောက်ခံမှု ရှိတာပေါ့။ ကျနော်တို့ရဲ့ အားသာချက်ကို အားနည်းချက် ဖြစ်မသွားရအောင်တော့ တော်လှန်ရေးအင်အားစုတွေက သတိထားပြီးတော့ လူထုထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ပေါ့၊ ဒါကတော့ အရေးတကြီး လိုအပ်မယ် ထင်ပါတယ်။"

Photo: MOI

စစ်အာဏာရှင်တပ်က တမူး-ခါမ်းပါတ်လမ်းပိုင်းမှာ ဝိတုတ်ရွာကို ဆက်ထိုးစစ်ဆင်ဖို့ ကြိုးစားနေပြီး ကလေး-ခါမ်းပါတ်လမ်းပိုင်းမှာတော့ ရာဇဂြိုဟ်ရွာမှာ ဆက်လက်အထိုင်ချနေပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့ဘက်ကနေ ခါမ်းပါတ်မြို့ကို ဦးတည်နေတဲ့ စစ်အာဏာရှင်တပ်တွေဟာ ခါမ်းပါတ်မြို့နဲ့ ၁၈ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ဝိတုတ်ကျေးရွာကို ဆက်လက်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာပါ။

ရန်လင်းဖိုင်ရွာကို သိမ်းယူပြီးနောက် စစ်တပ်က ဝိတုတ်ရွာဘက်ကို ဆက်လက်ဦးတည်နေတာ ဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက ဝိတုတ်ရွာ၊ ဘုတ်ကန်ရွာတွေဘက်ကနေ အဆင့်ဆင့်ခုခံဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးမြို့ဘက်ကနေ ခါမ်းပါတ်ဘက်ကို ဦးတည်နေတဲ့ စစ်အာဏာရှင်တပ်တွေကတော့ ခါမ်းပါတ် မြို့နဲ့ ၁၅ မိုင်ဝန်းကျင်အကွာက ရာဇဂြိုဟ်ရွာမှာ ဆက်လက်အထိုင်ချနေတာပါ။

ခါမ်းပါတ်မြို့ကို ပြန်သိမ်းဖို့ စစ်တပ်က တမူးမြို့နဲ့ ကလေးမြို့ နှစ်ဖက်စလုံးကနေ တဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသလို ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

ကလေးဒေသခံတယောက်က “ထိုးစစ်ကတော့ စစ်ကြောင်းကတော့ ဆက်ပြီး ရွေ့လျားနေတာပေါ့။ ဒီဘက်ကလည်း ထိတွေ့မှုတော့ရှိတယ်။ စကစဘက်က အဓိက အင်အားကြီးနေတာက လေကြောင်းနဲ့ ဒရုန်းပေါ့၊ လက်နက်ကြီးပစ်ခတ်မှုပေါ့။ ဒီဟာကတော့ သူတို့က သာလွန်တာပေါ့။ နှစ်ဖက်စလုံးကတော့ ထိခိုက်မှုကတော့ ရှိတယ်။ အဓိက ထိခိုက်မှုအရှိဆုံးက အရပ်သား ပြည်သူတွေက ထိခိုက်မှုအရှိဆုံးလို့ပဲ မြင်တယ်ဗျ။ အခက်ခဲဆုံးအချိန်ကာလမှာ မိုးဦးကျမှာ ဒုက္ခပေါင်းစုံ အချိန်ကိုက် ဖြစ်လာတဲ့သဘောပါပဲ။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ဖို့ရာ သူတို့ အဓိက ရည်ရွယ်တယ်လို့ ယူဆပါတယ်။ နယ်မြေအနေအထားကလည်း ကျနော်တို့ ဒီဘက်က စိုးမိုးနယ်မြေတွေက ဒီကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာပဲ ရှိနေတော့ နယ်မြေစိုးမိုးရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်း ပွင့်ဖို့ရာအတွက်က နှစ်ဖက်စလုံးအတွက်က အရေးကြီးတာဆိုတော့ နှစ်ဖက်စလုံး ကြိုးစားကြမဲ့ အနေအထားတော့ ရှိတယ်ပေါ့။ နှစ်ဖက်စလုံးအတွက် တကယ့် မဟာဗျူဟာမြောက်တဲ့ဒေသ ဖြစ်နေတယ်။ အခုစစ်ကြောင်းက ရာဇဂြိုဟ် ရောက်နေပြီလို့ သိထားတယ်။ ရာဇဂြိုဟ်ရဲ့ ဟိုဘက်က ဒီဘက်ကိုပြန်လာတဲ့ စစ်ဘေးရှောင်ကတော့ အခု မတွေ့တော့ဘူးပေါ့နော်၊ လမ်းပိတ်သွားတဲ့သဘော ဖြစ်တာပေါ့” လို့ ပြောပါတယ်။

ဇွန် ၁ ရက်နေ့မှာ စစ်အာဏာရှင်သမ္မတဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံခွင့်ရပြီးနောက် ကလေး-တမူး ကုန်သွယ်ရေးလမ်းကို ပြန်စိုးမိုးနိုင်ဖို့ နည်းလမ်းစုံသုံးပြီး ထိုးစစ်ဆင်နေတာပါ။

ဇွန် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ တမူးမြို့နယ်ထဲက ရန်မျိုးအောင်၊ ထီးတိန်ယံ၊ ထုံကတင် ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ် ခဲ့ပါတယ်။

ကလေးမြို့နယ်ထဲက နေရာတော်တော်များများမှာလည်း စစ်တပ်က တပ်သားသစ်စုဆောင်းဖို့ လူငယ်တွေကို လိုက်လံဖမ်းဆီး ခေါ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “ကလေးဘက်ကလည်း ထိုးတယ်၊ တမူးဘက်ကလည်း ထိုးတယ်ပေါ့။ တမူးဘက်က ထိုးလာတဲ့ဟာက ရန်လင်းဖိုင်၊ ရန်လင်းဖိုင် ကျော်လာပြီးရင်တော့ ဒီဘက်မှာ ဘုတ်ကန်ရွာကြီး ရှိတာပေါ့၊ အဲဒီဘက်ကို ရောက်လာမဲ့သဘော။ တဖြည်းဖြည်းနဲ့တော့ ခါမ်းပါတ်ဝန်းကျင်ကို ဟိုဘက် ဒီဘက် ညှပ်လာတဲ့ အနေအထားမျိုးတော့ တွေ့ရတယ်ပေါ့။ ဒီကြားထဲမှာ တော်လှန်ရေးအင်အားစုတွေက တန်ပြန်ထိုးစစ်တွေ တန်ပြန် ပြောက်ကျားစစ်တွေ ရှိနေမှာဖြစ်တဲ့အခါကြတော့ လက်နက်ကိုင်တော်လှန်ရေးကတော့ ဆက်ရှိနေမယ်၊ ဆက်ချနေကြမယ်။ သို့သော်ငြားလည်း စစ်ပွဲရဲ့ပုံသဏ္ဌာန်တွေက ပြောက်ကျားစစ်ဘက်ကို ပိုပြီးတော့ တွေ့ရမဲ့ပုံစံမျိုးတော့ ရှိတာပေါ့ဗျာ။ ကျနော်တို့မှာ အားသာချက်က လူထုထောက်ခံမှု ရှိတာပေါ့။ ကျနော်တို့ရဲ့ အားသာချက်ကို အားနည်းချက် ဖြစ်မသွားရအောင်တော့ တော်လှန်ရေးအင်အားစုတွေက သတိထားပြီးတော့ လူထုထောက်ခံမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ပေါ့၊ ဒါကတော့ အရေးတကြီး လိုအပ်မယ် ထင်ပါတယ်” လို့ ပြောပါတယ်။

ကလေး-တမူးလမ်းပိုင်းဟာ သတ်မှတ်ချက်အားဖြင့် စစ်ကိုင်းတိုင်းအပိုင်ထဲမှာ ရှိနေပေမဲ့ ချင်းတိုင်းရင်းသား အများအပြား နေထိုင်တဲ့ဒေသ ဖြစ်ပါတယ်။

စစ်ကိုင်း-မကွေး-ချင်းနယ်စပ်ကို အင်အားသုံးနေတဲ့ စစ်တပ်ထိုးစစ်ကို အရှိန်လျှော့နိုင်ဖို့ မကွေးနဲ့ စစ်ကိုင်း မြေပြန့် တော်လှန်ရေးအစုအဖွဲ့တွေက စစ်တပ်လမ်းကြောင်းတွေကို ကြားဖြတ် တိုက်ခိုက် တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံ နိုင်ငံရေးသမားတွေက မှတ်ချက်ပေးပါတယ်။

ယင်းမာပင်-ဆားလင်းကြီးသပိတ် ဦးဆောင်ကော်မတီမှ ကိုလွမ်းသူက “ရန်သူ့ဘက်က အစစ အရာရာ စစ်ရေးအရ လက်နက်ခဲယမ်း၊ လူသူ၊ နည်းပညာ အားသာတဲ့အခါမှာ ကိုယ့်ဘက်ကလည်း အခု လောလောဆယ်တော့ ပြောက်ကျားနည်းနဲ့ ပြန်တိုက်ပွဲဝင်နေတာတွေတော့ အများကြီး ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စစ်ရေးလုံခြုံမှုအရ မထုတ်ပြန်တာတွေ ရှိပါတယ်။ ပြောက်ကျားစစ်ပုံစံကတော့ နေ့စဉ်နဲ့အမျှ ပုံစံမျိုးစုံနဲ့ ရှိနေတယ်လို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

ခါမ်းပါတ်မြို့ကို သိမ်းယူနိုင်ဖို့ စစ်အာဏာရှင်တပ်က မြေပြင်အင်အား ၅၀၀ ထက်မနည်း အသုံးပြု နေသလို လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ သုံးပြီး အသာစီးယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ကလေး-တမူး လမ်းမပေါ်က ခါမ်းပါတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ နိုဝင်ဘာ ၇ ရက်မှာ သိမ်းယူထားတာပါ။

ကလေး-တမူးလမ်းပိုင်းဟာ စုစုပေါင်း ၈၃ မိုင်ဝန်းကျင် ကွာဝေးပြီး ပုံမှန်ကားမောင်းချိန် ၄ နာရီ ဝန်းကျင်သာရှိတဲ့ လမ်းပိုင်းဖြစ်ပေမဲ့ အိန္ဒိယနယ်စပ်ကနေ စစ်ကိုင်း-ချင်း-မကွေးတိုင်းအထိ ကုန်စည် ပို့ဆောင်ရေးမှာ အရေးပါတဲ့လမ်းပိုင်းဖြစ်တာကြောင့် စစ်တပ်က အင်အားသုံးပြီး ပြန်စိုးမိုး ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

သုတချမ်းသာ

ဆက်စပ်သတင်းများ

AI Curated