
AI Summary
ကျောက်ဖြူမြို့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ထောင်ဝတွင်ပင် အထက်အမိန့်အရ ထပ်မံဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ၅၀(ည)နှင့် ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ ဦးသန့်ဇော်လင်း၊ ဦးလမင်းဖြိုးနှင့် ဦးထွန်းမင်းဖြိုးတို့ဖြစ်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသူ ၃ ဦးကိုလည်း AA အား ထောက်ပံ့သည်ဟု စွပ်စွဲကာ မတရားအသင်းပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးထောင်ချထားသည်။ ဤသို့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်လာသူများကို ပြန်လည်ဖမ်းဆီးခြင်းသည် လုံးဝမလုပ်သင့်သည့် လုပ်ရပ်ဖြစ်ပြီး သမ္မတ၏ လွတ်ငြိမ်းခွင့်မှာ ဟန်ပြသာဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။ ဤဥပဒေမဲ့လုပ်ရပ်များကြောင့် လာမည့် ဇွန်လတွင် လွတ်မြောက်လာမည့် အကျဉ်းသားများလည်း ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်နေကြသည်။
နိရဉ္စရာ၊ ဇွန် ၂/၂၀၂၆
ကျောက်ဖြူမြို့တွင် နိုင်ငံတော်သမ္မတလွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူ နိုင်/ကျဉ်း ၃ ဦးကို အထက်အမိန့်အရဟုဆိုကာ ထောင်ဗူး၀တွင် ထပ်မံဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် တရားစွဲ ဆိုထားသည်ဟု သတင်းရရှိသည်။
၎င်းတို့မှာကျောက်ဖြူမြို့၊ကုလားဘာတောင် ရပ်ကွက်မှ ဦးသန့်ဇော်လင်း ( ၄၅) နှစ် ၊ ဦးလမင်းဖြိုး(၃၈) နှစ် နှင့်ဦးထွန်းမင်းဖြိုး ( ၃၄) နှစ်တို့ဖြစ်ကြသည်။ “ နိုင်ငံတော်သမ္မတက အများပြည်သူရဲ့ စိတ်နှလုံးချမ်းမြေ့စေဖို့ဆိုပြီးလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၂၆ ခုနှစ် ဧပြီလ၁၇ ရက်နေ့မှာတစ်ကြိမ်နဲ့ ဧပြီလ ၃၀ရက်နေ့မှာတစ်ကြိမ် အကျဉ်းသားအားလုံးကို သက်ဆိုင်ရာခံစားခွင့်တွေပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်နိုင်/ကျဉ်းတွေကိုပြန်လွတ်ပေးပေမယ့် ပြန်လည်ဖမ်းဆီးပြီးထောင်ချတာတွေဖြစ်ပေါ်နေပါတယ်”ဟု သူတို့၏ မိသားစုဝင်တစ်ဦးက နိရဉ္စရာကို ပြောသည်။
ဦးသန့်ဇော်လင်း၊ ဦးလမင်းဖြိုးနှစ် နှင့်ဦးထွန်းမင်းဖြိုးတို့ကိုနှစ်ကြိမ်တိုင်တိုင် လွတ်ငြိမ်းခွင့်ဖြင့် လွတ်လာသော်လည်း ကျောက်ဖြူမြို့ မြို့မရဲစခန်းမှူးမှ ကျောက်ဖြူထောင်ဗူးဝတွင် လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အထက်အမိန့်အရဆိုကာ ကျောက်ဖြူ ခရိုင်တရားရုံးတွင် ၅၀(ည)နှင့် ၅၂ (က) တို့ဖြင့်အမှုဖွင့်ပြီး ကျောက်ဖြူထောင်သို့ ပြန်ပို့ခဲ့သည်ဟု ဆိုသည်။
“ဒီလို သမ္မတလွတ်ငြိမ်းခွင့်နဲ့ လွှတ်လာတဲ့သူတွေကို ထပ်မံ ဖမ်းဆီးပြီး ထောင်ချတာဟာ လုံး၀ မလုပ်သင့်တဲ့ လုပ်ရပ်ပါ။ ဒီလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူတွေကို ပြန်ဖမ်းတာကြောင့် သမ္မတရဲ့ လွတ့်ငြိမ်းခွင့်ပြုတာဟာ ဟန်ပြပြုပေါ်လွင် ထင်ရှားလှပါတယ်”ဟု ၎င်းက ထပ်မံ ပြောဆိုသည်။
ဒုတိယအကြိမ် ထောင်ထဲမှလွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ထပ်မံဖမ်းဆီးကာ ဒဏ် ၁၀ နှစ်ချမှတ်ထားသည့် ပုဒ်မများဖြင့် ၎င်းတို့အား တရားစွဲဆိုခဲ့သဖြင့်မိသားစုများအနေဖြင့် အထူ စိတ်ထိခိုက်နေရသည်ဟု ၎င်းက ပြောသည်။
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်လက်ထက်တွင် ကျောက်ဖြူမြို့၌ လွတ်ငြိမ်းခွင့်ဖြင့်လွတ်လာသူ ၃၊ လွတ်ရက်စေ့၍ ပြန်လည် လွတ်မြောက်လာသူ ၃ ဦး စုစုပေါင်း ၆ ဦးကို ဥပဒေနှင့် မညီဘဲ ဖမ်းဆီးထောင်ချထားသည်ဟု သိရသည်။
ကျောက်ဖြူထောင်မှ လွတ်ရက်စေ့၍ လွတ်လာသူ ၃ ဦးမှာ ကျောက်ဖြူမြို့၊အလယ်ပိုင်းရပ်ကွက်မှဦးမောင်မဲ(၆၈)နှစ်၊ ဦးမြဝင်း (၄၈)နှစ်နှင့်စေတီတောင်ရပ်ကွက်မှဦးကျော်လှအောင်တို့ဖြစ်ကြကြပြီး ၎င်းတို့အား ပြန်လည်ဖမ်းဆီးကာထောင်ချထားသည်ဟု သိရသည်။
၎င်းတို့အား အာရက္ခတပ်တော်(AA)အားထောက်ပံ့သည်ဟု စွပ်စွဲပြီး စစ်တပ်ကဖမ်းဆီးပြီးမတရားအသင်းပုဒ်မ၁၇(၁)ဖြင့် တရားစွဲဆိုကာ အမြင့်ဆုံးထောင်ဒဏ် (၃)နှစ်ချမှတ်ခံထားရသူများဖြစ်ကြောင်းသိရှိရသည်။
ယခုကဲ့သို့ဥပဒေမဲ့ လုပ်ရပ်ကြောင့် ဇွန်လတွင် ကျောက်ဖြူမြို့ အကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး လွတ်လာဝကြမည့်နိုင်/ကျဉ်း များမှာထပ်မံဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမည်ကို အထူးစိုးရိမ်နေကြောင်း ၎င်းက ပြောကြားသည
====
၁။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)
အဓိပ္ပာယ်ဖွင့်ဆိုချက်> အကြမ်းဖက်အဖွဲ့အစည်း (သို့မဟုတ် အကြမ်းဖက်သမား) အဖြစ် သတ်မှတ်ထားသော အဖွဲ့အစည်းများထံသို့ ငွေကြေး (သို့) ပစ္စည်းများဖြင့် ကူညီထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ခြင်း။
ပြစ်ဒဏ်:အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော ပုဒ်မ ဖြစ်သည်။
၂။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)
အဓိပ္ပာယ်ဖွင့်ဆိုချက်:အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း (သို့) ယင်းအဖွဲ့အစည်းတစ်ခုခု၏ လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းနှင့် အကြမ်းဖက်ဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူလုပ်ကိုင်ပေးခြင်း။
ပြစ်ဒဏ်:အနိမ့်ဆုံး ထောင်ဒဏ် (၃) နှစ်မှ အများဆုံး ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်သည