
AI Summary
ဇွန်လ ၈ ရက်နေ့တွင် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းအလွန်၌ ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး အနည်းဆုံး ၃၂ ဦးသေဆုံးကာ လူအများဒဏ်ရာရရှိခဲ့သည်။ ငလျင်သည် ဆာရန်ဂါနီပြည်နယ်ကမ်းခြေအလွန် ၂၀ ကီလိုမီတာအကွာကို ဗဟိုပြုခဲ့ပြီး မင်ဒါနာအိုကျွန်းတစ်ခွင်နှင့် အင်ဒိုနီးရှားနိုင်ငံ မာနာဒိုမြို့အထိ တုန်ခါမှုခံစားခဲ့ရသည်။ လူဦးရေ ၇၀၀,၀၀၀ ခန့်နေထိုင်သော ဂျန်နရယ်ဆန်းတို့စ်မြို့သည် ငလျင်ဒဏ်အဆိုးရွားဆုံးခံရပြီး အဆောက်အအုံများပြိုကျမှုဖြစ်ပွားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်များထွက်ပေါ်ခဲ့သော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေသည်။ ဒေသခံများက ယခုငလျင်သည် ယခင်ကကြုံဖူးသမျှနှင့်မတူဘဲ ကြောက်မက်ဖွယ်ကောင်းသည်ဟု ပြောဆိုခဲ့ကြသည်။
နိရဉ္စရာ၊ ဇွန် ၈/၂၀၂၆
ဖိလစ်ပိုင်တွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
မနီလာအစိုးရက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေစဉ်အတွင်း ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းအလွန်တွင် တနင်္လာနေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၃၂ ဦးအထိ မြင့်တက်လာပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုငလျင်သည် ဇွန်လ၈ ရက် နံနက်အစောပိုင်းက ဆာရန်ဂါနီပြည်နယ် ကမ်းခြေအလွန် ၂၀ ကီလိုမီတာ (၁၂.၄ မိုင်) ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံအပြားတွင် ဆူနာမီသတိပေးချက်များ ထွက်ပေါ်စေခဲ့သည့်
ငလျင်တုန်ခါမှုများကို မင်ဒါနာအိုကျွန်းတစ်ခွင်နှင့် ကီလိုမီတာ ၄၂၀ ခန့် ဝေးကွာသော အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းရှိ မာနာဒိုမြို့တို့တွင်လည်း ပြင်းထန်စွာ ခံစားခဲ့ရသည်။
ငလျင်ဒဏ် အဆိုးရွားဆုံးခံရသည့် လူဦးရေ ၇၀၀,၀၀၀ ခန့် နေထိုင်ရာ ဂျန်နရယ် ဆန်းတို့စ် မြို့ဖြစ်သည်။
ငလျင်လှုပ်ခတ်စဉ်က ကြုံတွေ့ခဲ့ရသည့် ကြောက်ရွံ့မှုကိုဒေသခံများက ပြန်ပြောင်းပြောပြခဲ့ကြပြီး၊ ယခင်က ကြုံဖူးသမျှငလျင်နှင့် မတူဘဲ ယခုငလျင်သည်လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည်ဟု ၎င်းတို့က ပြောဆိုခဲ့ကြသည်။
အမြန်ရရှိနိုင်သော အစားအစာ (Fast-food) ဆိုင်၏အဆောက်အအုံ ပြိုကျသွားပုံကို ဒေသခံအစိုးရက ထုတ်ပြန်သည့် ဗီဒီယိုတစ်ခုတွင် ရိုက်ကူးပြသထားပြီး၊ ဖုန်မှုန့်တိမ်တိုက်များ လေထုထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားစဉ် ဘေးမှ ကြည့်ရှုနေသူများ ထိတ်လန့်တကြား ထွက်ပြေးတိမ်းရှောင်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။