နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ
politics||4 MIN READ

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

AI Summary

မေလ ၃၁ ရက်နေ့က မြန်မာ-တရုတ်နယ်စပ်၊ သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုသည် မိုင်းတွင်းလုပ်ငန်းသုံး ယမ်းများဖြစ်ကြောင်း TNLA က ထုတ်ပြန်သော်လည်း လူနေရပ်ကွက်တွင် ယမ်းသိုလှောင်ခြင်းသည် တာဝန်မဲ့လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက ဝေဖန်ခဲ့ကြသည်။ ပေါက်ကွဲမှုကြောင့် TNLA စာရင်းအရ လူ ၄၃ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့ကာ၊ မြေပြင်ကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သေဆုံးသူ ၇၀ ဦး၊ ဒဏ်ရာရသူ ၁၀၀ ကျော်နှင့် အိုးမဲ့အိမ်မဲ့ ၆၀၀ ကျော်ရှိခဲ့သည်။ ထို့အပြင် TNLA က အလှူရှင်များထံမှ ရရှိသော အလှူငွေများကို ဒေသခံကော်မတီများအား စီမံခန့်ခွဲခွင့်မပြုဘဲ သိမ်းယူထားခြင်းနှင့် အကူအညီပေးဝေရာတွင် တအာင်းရွာများကိုသာ ဦးစားပေးခြင်းတို့ကြောင့် ဒေသခံများ၏ ဝေဖန်မှုများ ထွက်ပေါ်နေသည်။ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသည့် ပန်လုံကျေးရွာမှ ရွာသားများ အကူအညီတောင်းသော်လည်း မရရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဒဏ်ရာရရှိသူ ၇၀ ကျော် ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်ပြီး ပျက်စီးအိုးအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသည်။ ဒေသခံများ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ TNLA ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ။

မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ မတော်တဆပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါပေါက်ကွဲမှုကြောင့် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး လူ (၄၃) ဦး သေဆုံးခဲ့ပြီး (၇၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ၏ ဇွန်လ ၁ ရက်နေ့ထုတ် စာရင်းများအရ သိရသည်။

သို့သော်မြေပြင် ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သေဆုံးသူ (၇၀)ဉီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော်နှင့် အိုးမဲ့အိမ်မဲ့ ၆၀၀ကျော်ရှိကြောင်း သိရသည်။

TNLA ဘက်က ယင်းဖြစ်စဉ်သည် မတော်တဆမှုသာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း လူနေရပ်ကွက်အတွင်း ယမ်းများ သိုလှောင်ထားခြင်းမှာ တာဝန်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

ထို့အပြင် အလှူရှင်များထံမှ ရရှိသော အလှူငွေများကို ဒေသခံကော်မတီများက စီမံခန့်ခွဲခွင့်မရဘဲ TNLA က သိမ်းယူထားကြောင်း ဒေသခံများထံမှ သိရသည်။

“ကောင်းတပ် တအာင်းရွာဘက်မှာ ရရှိတဲ့အလှူငွေကို နေ့စဉ်နေ့တိုင်း စာရင်းချုပ်ပြီး TNLA က သိမ်းယူသွားတယ်။ ရွားသားနဲ့ ကော်မတီတွေကိုတော့ စာရင်းပြတယ်။ ဒါပေမယ့် ရွားသားတွေ မကျေနပ်ဘူး” ဟု နမ့်ခမ်းမြို့ခံ တစ်ဦးက ပြောသည်။

ဓာတ်ပုံ – ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီ – Committee of KaungTup

အလားတူ အကူအညီပေးဝေရေးလုပ်ငန်းများတွင် တအာင်း (ပလောင်) ရွာကိုသာ ဦးစားပေးနေပြီး သျှမ်း၊ ကချင်နှင့် တရုတ်လူမျိုးများ နေထိုင်သည့်ရွာမှာ အကူအညီ မရရှိကြောင်း သိရသည်။

အထူးသဖြင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေသော ပန်လုံကျေးရွာမှ ရွာသားများက TNLA တာဝန်ရှိများထံ အကူအညီသွားတောင်းသော်လည်း မရရှိခဲ့ကြောင်း ဆိုသည်။

“ကျနော်တို့ ပန်လုံရွာဘက်မှာတော့ ဘယ်သူမှ လာမကူညီဘူး။ ရွာသားတွေက ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံစိုက်ထုတ်ပြီး ပြန်လည်ထူထောင်ရေး လုပ်နေရတာ။ အခုကျနော်တို့ အလှူခံပြီး ရရှိလာတဲ့ အလှူငွေအားလုံးကိုလည်း သူတို့ဆီမှာ လာစုပေါင်းပြီးမှ ပြန်ပေးအပ်သွားဖို့ TNLA ဘက်က ပြောထားတယ်” ဟု သွားရောက်ကူညီခဲ့သည့် မူဆယ်မြို့ခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ စွပ်စွဲချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်မှုရရှိရန် TNLA ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

မူဆယ်မြို့ခံတစ်ဦး “ပြည်သူတွေကတော့ မကျေနပ်ဘူး။ ကိုယ့်ဒေသအတွက် ကိုယ်တတ်နိုင်သလောက် လုပ်သွားချင်တာ။ တချို့ရွာတွေမှာ ဘယ်သူမှ လာမကူညီဘူး။ များသောအားဖြင့် အလှူငွေတွေကိုလည်း TNLA ဘက်က သိမ်းထားတာ။ ပြီးတော့ အခုအလှူငွေတွေကို ဘယ်သူကိုင်ထားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူး” ဟု ပြောသည်။

ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ ဇွန်လ ၇ ရက်နေ့ တစ်ရက်တည်းတွင် စေတနာရှင် ပြည်သူများ၏ အလှူခံ ရရှိမှု စုစုပေါင်း ၆၈,၅၈၅,၃၀၀ (ကျပ်ငွေ သိန်းခြောက်ရာရှစ်ဆယ်ငါးသိန်းရှင်းသောင်းငါးထောင်သုံးရာ) ရရှိကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၇၀ ကျော်မှာ ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်ပြီး ပျက်စီးသွားသော အိုးအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

The post နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ appeared first on သျှမ်းသံတော်ဆင့်.

ဆက်စပ်သတင်းများ

AI Curated
နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ | YGN Daily