
AI Summary
ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်တွင် နိုင်ငံခြားသားများအား ထိုင်းကျောင်းသားကတ်နှင့် ပန်းရောင်ကတ်အတုများ တရားမဝင် ထုတ်ပေးခဲ့သည့် မှတ်ပုံတင်အရာရှိနှင့် ဝန်ထမ်းများအပါအဝင် ၂၂ ဦးကို သက်ဆိုင်ရာက ဖမ်းဝရမ်းထုတ်ထားသည်။ အဆိုပါဝန်ထမ်းများသည် ငွေကြေးရယူကာ တရုတ်၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံသားများအား အချက်အလက်အတုများဖြင့် မှတ်ပုံတင်ကတ်များ ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အဂတိလိုက်စားမှုကြောင့် နိုင်ငံခြားသားများက ထိုင်းနိုင်ငံတွင် တရားမဝင် နေထိုင်ခွင့်နှင့် အခွင့်အရေးများ ရယူနိုင်ခဲ့သည်။ ယခုအခါ ပါဝင်ပတ်သက်သူ ၈ ဦးကို ဖမ်းဆီးရမိထားပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ဖမ်းဆီးရန် စီစဉ်နေသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် မှတ်ပုံတင်စနစ်အပေါ် ထိခိုက်မှုများရှိနေပြီး တရားမဝင် ထုတ်ပေးထားသည့် ကတ်များကိုလည်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ အဓိက တရားခံများအား အဂတိလိုက်စားမှုနှင့် ငွေကြေးခဝါချမှုတို့ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
ထင်ရှားသော ပြောကြားချက်များ
"အဆိုပါ ၈ ယောက်ဟာ ဝိန်းကဲန်မြို့နယ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လက်ရှိ ကျိန်းရုန့်မြို့နယ်ရုံးမှ မှတ်ပုံတင်ဦးစီးမှူး၊ ဒေသလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ မှတ်ပုံတင်အစားထိုးသူ ၅ ယောက်တို့ ပါဝင်တယ်၊ ကျန်သူတွေလည်း ဆက်လက်စုံစမ်းဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။"
"ဖမ်းဆီးခံရသူ ဝိန်းကဲန်မှတ်ပုံတင်ဦးစီးအရာရှိကလည်း ပန်းရောင်ကတ်ထုတ်ပေးဖို့ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ငွေလက်ခံရယူခဲ့ကြောင်း ဝန်ခံထားပါတယ်။"

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်ထဲမှာ နိုင်ငံခြားသားတွေကို ထိုင်းကျောင်းသားကတ်နဲ့ ပန်းရောင်ကတ် အတု ထုတ်ပေးခဲ့တဲ့ မှတ်ပုံတင်အရာရှိ၊ ဝန်ထမ်း နဲ့ အပေါင်းပါ ၂၂ ယောက်ကို သက်ဆိုင်ရာက ဖမ်းဝရမ်းထုတ်ထားပြီး လတ်တလော ၈ ယောက် ဖမ်းဆီးရမိပြီလို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရသူတွေဟာ တရုတ်၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံခြားသားတွေကို ဂဏန်း ၁၃ လုံးပါ G - မှတ်ပုံတင်နံပါတ်နဲ့ ပန်းရောင်ကတ်တွေကို မသမာတဲ့နည်းနဲ့ ထုတ်ပေးခဲ့ကြောင်း စုံစမ်း သိရှိရတာကြောင့် အထွေထွေအုပ်ချုပ်ရေးဌာန၊ နယ်မြေခံရဲတပ်ဖွဲ့၊ ဗဟိုရဲတပ်ဖွဲ့နဲ့ အထူးမှုခင်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ မနေ့က ချင်းရိုင်းခရိုင်ရှိ နေရာ ၆ ခုကို သွားရောက်စစ်ဆေးပြီး ပါဝင်ပတ်သက်သူ ၈ ယောက်အား ဖမ်းဆီးခဲ့တယ်လို့ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းနရိချား ခို့ဆာဆီဝိလိုင်း က ဇွန် ၁၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ ၈ ယောက်ဟာ ဝိန်းကဲန်မြို့နယ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လက်ရှိ ကျိန်းရုန့်မြို့နယ်ရုံးမှ မှတ်ပုံတင်ဦးစီးမှူး၊ ဒေသလုံခြုံရေးတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ မှတ်ပုံတင်အစားထိုးသူ ၅ ယောက်တို့ ပါဝင်တယ်၊ ကျန်သူတွေလည်း ဆက်လက်စုံစမ်းဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ချင်းရိုင်းစစ်ဆေးရေးဂိတ်တခုမှာ ထိုင်းနိုင်ငံသားမဟုတ်သူ ၂ ယောက်ကို ဘတ်ငွေ ၁၄၀,၀၀၀ နဲ့အတူ ဖမ်းဆီးရမိတယ်၊ သူတို့ဟာ အဲဒီငွေတွေကို G - မှတ်ပုံတင် ကျောင်းသားကတ်ဝယ်ဖို့ သယ်လာတာလို့ ပြောပါတယ်။ တာဝန်ရှိသူတွေက သူတို့ထံက အချက်အ လက်တွေနဲ့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေပြုရာက မှတ်ပုံတင်ဌာနဝန်ထမ်းတွေရဲ့ အဂတိ လိုက်စားမှုတွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဂဏန်း ၁၃ လုံးပါ G - မှတ်ပုံတင်ဟာ ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ နိုင်ငံမဲ့ကလေးတွေ၊ ရွှေ့ပြောင်း ကလေးတွေ ပညာရေးသင်ကြားခွင့်ရဖို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပေးထားတဲ့ ယာယီလက်မှတ် တွေဖြစ်ပါတယ်။
အချိန်အတိုင်းအတာတခုရောက်ရင် ပန်းရောင်ကတ်ကို ပြောင်းလဲခွင့်ရှိတယ်၊ ပန်းရောင်ကတ် ရလာရင် ထိုင်းမှာ နှစ်ရှည်လများ နေထိုင်ခွင့်ရပြီး ဘဏ်စာရင်းဖွင့်ခွင့်၊ ခရီးသွားလာခွင့်နဲ့ ကျန်းမာရေး အာမခံကတ်၊ ယာဉ်မောင်းလိုင်စင် စတာတွေ လျှောက်ထားခွင့်ရှိပါတယ်။
အဆိုပါ ပန်းရောင်နိုင်ငံမဲ့ကတ်ဟာ နောက်ထပ် ၅ နှစ်ကြာရင် ထိုင်းနိုင်ငံသားအဖြစ်လည်း ထပ်မံ လျှောက်ထားနိုင်တာကြောင့် ဗီဇာသက်တမ်းမတိုးလိုတဲ့ နိုင်ငံခြားသားတွေဟာ အဆိုပါကတ်ကို ဘတ် သိန်းနဲ့ချီ ဈေးကြီးပေးပြီး လုပ်ဆောင်ကြပါတယ်။
တာဝန်ရှိသူတွေက ဝိန်းကဲန်မြို့နယ်ရုံးကို စစ်ဆေးရာမှာ ၂၀၁၈ မှ ၂၀၂၅ ခုအထိ G - မှတ်ပုံတင် ထုတ်ပေးထားသူ ၈၀၀ ကျော်ရှိတယ်၊ အဲဒီထဲက ၃၀၉ ယောက်ကို ပန်းရောင်ကတ်အဖြစ် ပြောင်းလဲ ပေးခဲ့ပြီးဖြစ်ပါတယ်။
ကနဦးစစ်ဆေးချက်အရ ၁၉ ဦးမှာ အမှန်တကယ် ကျောင်းတက်ခဲ့သူတွေ မဟုတ်ဘူး၊ တပါးသူရဲ့ ကျောင်းသားမှတ်ပုံတင်နံပါတ်တွေကို အမည်လွဲပြောင်း ယူသုံးထားတဲ့အပြင် ၁၃ ဂဏန်း နံပါတ်တူ တခုတည်းကို လူ ၁၁ ယောက်ရဲ့ အမည်နဲ့ တွဲသုံးထားပါတယ်။ လုပ်ထုံးလုပ်နည်း မမှန်ကန်သူ ၁၉ ယောက်ထဲမှာ ၆ ယောက်က မြန်မာ၊ တရုတ်၊ ဗီယက်နမ် စတဲ့ နိုင်ငံသားတွေ ပါဝင်တယ်၊ အဲဒီထဲက တရုတ်နိုင်ငံသားတယောက်ာ ထိုင်းအရှေ့တောင် ချွန်းပူးရီးခရိုင်မှာ ဘတ်သန်းပေါင်း ၁,၀၀၀ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းရှင်တယောက် ဖြစ်နေပါတယ်။
ဖမ်းဆီးခံရသူ ဝိန်းကဲန်မှတ်ပုံတင်ဦးစီးအရာရှိကလည်း ပန်းရောင်ကတ်ထုတ်ပေးဖို့ ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ထိ ငွေလက်ခံရယူခဲ့ကြောင်း ဝန်ခံထားပါတယ်။
တာဝန်ရှိသူတွေက သူနဲ့တကွ ဝန်ထမ်းတွေကို ဝန်ထမ်းကျင့်ဝတ်ချိုးဖောက်မှု၊ အဂတိလိုက်စားမှု၊ မမှန်မကန် အချက်အလက်တွေ ကွန်ပြူတာထဲ ထည့်သွင်းမှုတွေနဲ့ တရားစွဲဆိုမယ့်အပြင် ငွေကြေး ခဝါချမှုနဲ့ ပတ်သက်မှုရှိမရှိ ဆက်လက်စစ်ဆးမယ်၊ ကျန်ရှိ ဖမ်းဝရမ်း ထုတ်ခံထားရသူကိုတွေလည်း ဆက်လက်စုံစမ်းဖမ်းဆီးမှာဖြစ်သလို ထုတ်ပေးထားတဲ့ ပန်းရောင်ကတ်တွေထဲ မသမာမှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးမယ်လို့ တာဝန်ရှိသူက ပြောသွားပါတယ်။
Source: ThaiPBS / CH3 TV News / The Reporters