
AI Summary
မေလ ၂၉ ရက်နေ့တွင် အမ်း-ပဒန်းလမ်းပေါ်ရှိ ပဇီနှင့်ဂုတ်ကြီးကို စစ်ကောင်စီတပ်များက ထိုးစစ်ဆင်ခဲ့သည်။ လေကြောင်းပစ်ကူမရရှိသောကြောင့် အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး မိနစ် ၃၀ အကြာတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ စစ်ကောင်စီတပ်များသည် ပိတ်မိနေသော နတ်ရေကန်ဗျူဟာသို့ ရောက်ရှိရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး လေကြောင်းပစ်ကူမပါဘဲ မြေပြင်တပ်များက AA ကို မတိုက်ဝံ့တော့ကြောင်း စစ်ရေးရင်းမြစ်များက ဆိုသည်။ စစ်ကောင်စီတပ်သားသစ်များမှာလည်း ရှေ့တန်းတွင် အလောင်းများ မြင်တွေ့ရခြင်းကြောင့် စိတ်ဓာတ်ကျဆင်းနေသည်။ လေကြောင်းပစ်ကူများဖြင့် အင်အားသုံး၍ ထိုးစစ်ဆင်သော်လည်း စစ်ကောင်စီတပ်များသည် အကျအဆုံးများကာ အောင်မြင်မှုမရရှိသေးပေ။ ထို့ကြောင့် ဒေသခံများက ပဇီနှင့်ဂုတ်ကြီးကို စစ်ကောင်စီအတွက် ကျိန်စာသင့်ကျေးရွာများအဖြစ် ပြောဆိုနေကြသည်။
နိရဉ္စရာ၊မေ ၃၁/၂၀၂၆
ယခုလ ၂၉ ရက်နေ့က အမ်း-ပဒန်းလမ်းပေါ်ရှိ ပဇီနှင့်ဂုတ်ကြီးကို စစ်ကြောင်းထိုးလာသောအာဏာသိမ်း စစ်တပ်သည် လေယာဉ် ပစ်ကူမရောက်လာရာမှ တိုက်ပွဲဖြစ်ပြီး မိနစ် ၃၀ အကြာတွင် ပြန်လည်နောက်ဆုတ်ထွက်ပြေးသွားခဲ့သည်ဟု စစ်ရေးရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။
“ မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ အာရက္ခတပ်တော်နဲ့မဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်သိမ်းပိုက်ထားတဲ့ ပဇီနဲ့ဂုတ်ကြီးကို အင်အားရာချီပြီး ထိုးစစ်ဆင်တက်လာတယ်။လေယာဉ်ပစ်ကူမရတော့ တိုက်ပွဲဖြစ်ပြီး နာရီဝက်တောင်မခုခံနိုင်ဘဲ နောက်ဆုတ်ထွက်ပြေးသွားကြတယ်” ဟု ၎င်းဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
အာဏာသိမ်းစစ်တပ်မှ ထိုးစစ်ဆင်နေသည်ဟုပြောဆိုသော်လည်းမြေပြင်ခြေလျင်တပ်များမှာ လေကြောင်းပစ်ကူမပါလျှင်အာရက္ခတပ်တော်ကို မတိုက်ရဲတော့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်
“ တချို့ ပြည်သူ့စစ်မှုထမ်း စစ်သားတွေက ဘယ်ညာကိုတော့ကောင်းကောင်းမလှည့်တတ်သေးဘူး။အဲဒါတွေကို ရှေ့တန်းတင်ပြီးတိုက်တာ။ ပဇီနဲ့ ဂုတ်ကြီးနားမှာ သူတို့ရဲ့သေဆုံးနေတဲ့ အလောင်းတွေအများကြီးဘဲ။ဒါတွေကို ဖြတ်သွားဖြတ်လာလုပ်တော့စစ်မှုထမ်း တပ်သားသစ်တွေက မြင်တယ်လေ။ အဲဒီကတည်းကသူတို့ စိတ်ဓာတ်ကျပြီး အေအေကိုမတိုက်ဝံ့တော့ဘူး။ လေယာဉ်ပါတာတောင် သူတို့ ရင်ဆိုင်မတိုက်ရဲဘူး။ လေယာဉ်မလာတော့ အကုန်ခွေးပြေး၊ဝက်ပြေး ပြေးပြီပေါ့”ဟုပြောသည်။
အာဏာသိမ်း စစ်တပ်သည် ပိတ်မိနေသောနတ်ရေကန်ဗျုဟာကို ရောက်နိုင်ရေးအတွက် လေကြောင်းပစ်ကူများကိုယူကာ သာလွန်အင်အားကိုသုံးပြီးစစ်ကြောင်းထိုးသော်လည်း အောင်မြင်မှုမရဘဲ အကျအဆုံးများနေသည်ဟု သိရသည်။
"လေကြောင်းက ဂျက်ဖိုက်တာ ၅ စီး၊Y- 12 နှစ်စီး။ တစ်ခါ တစ်ခါ အဲသလိုမျိုးပစ်ကူတွေနဲ့ စစ်ကြောင်းထိုးတာ။ ဒါပေမယ့် အောင်မြင်မှုမရဘူး။လေယာဉ်မပါရင်တော့ AA အနားတောင် မကပ်ရဲတော့ဘူး။ အဲဒီပဇီနဲ့ဂုတ်ကြီးဟာ အကြမ်းဖက်စစ်တပ်ရဲ့ နောက်ဆုံးနိဂုံးချုပ်နေရတဲ့ ကျိန်စာသင့်ကျေးရွာ နှစ်ရွာဖြစ်နေပြီလို့ ဒေသခံတွေကြားမှာလည်းပြောဆိုနေကြပါတယ်”ဟု ပြောဆိုသည်။