
ပေါင်းတလည်မြို့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ
AI Summary
ပဲခူးတိုင်း၊ ပေါင်းတလည်မြို့ရှိ စစ်တပ်ဖွဲ့စည်းပေးထားသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (ပလကဖ) အဖွဲ့ဝင် စိုင်းသီဟ (ခေါ်) ချိုကြီးသည် ဇွန် ၃ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် မြို့ပေါ်မှ ချင်ရုပ်ကုန်းရွာရှိ ၎င်း၏နေအိမ်သို့ ပြန်လာစဉ် ရွာထိပ်နားတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ဖမ်းဆီးသည်ကိုမူ မသိရသေးပေ။ ချိုကြီးသည် PDF များကို စိန်ခေါ်ခြင်း၊ စစ်တပ်၏ လောင်းကစားဝိုင်းများတွင် လုံခြုံရေးယူပေးခြင်းနှင့် ပေါ်တာဆွဲခြင်းတို့တွင် ပါဝင်ခဲ့သူဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ၎င်း၏ဖခင်ဖြစ်သူ ဦးလှမြင့်မှာလည်း ပလကဖ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလက တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ဖူးသည်။ ပေါင်းတလည် ပလကဖ အဖွဲ့သည် ပြည်သူများကို မတရားပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့် ဒေသခံများ ကြောက်လန့်နေရသည့် အဖွဲ့ဖြစ်သည်။ ၎င်း၏ဖမ်းဆီးမှုနှင့်ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ ပြည်ခရိုင် ပကဖ ပြောရေးဆိုခွင့်ရှိသူကလည်း သက်ဆိုင်ရာအဖွဲ့များ၏ ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း ပြောကြားခဲ့သည်။

ပဲခူးတိုင်း၊ ပေါင်းတလည်မြို့က စစ်တပ်ကဖွဲ့စည်းပေးထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နှင်းရေး (ပလကဖ) အဖွဲ့ဝင်တယောက်ဟာ ဇွန် ၃ ရက် ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတယောက် “ဖမ်းဆီးခံလိုက်ရတဲ့သူက ကျနော်တို့ ပေါင်းတလည်က စစ်တပ်လက်ကိုင်တုတ် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ဝင် စိုင်းသီဟ(ခေါ်)ချိုကြီး ပါ။ မြို့ပေါ်မှာနေတဲ့ ချိုကြီး က ချင်ရုပ်ကုန်းရွာက သူ့အိမ်ကိုပြန်လာရင်းအပြန် ရွာထိပ်နားမှာ အဖမ်းခံရတာ။ ဘယ်အဖွဲ့က ဖမ်းသွားတာလဲဆိုတာတော့ မသိရသေးဘူးဗျ။ သူကလည်းသူပဲလေ။ PDF တွေကို စိန်ခေါ်တယ်။ နောက်ပြီး စစ်တပ်ဘက်ကလုပ်တဲ့ လောင်းကစားဝိုင်းတွေမှာလည်း သူတို့အဖွဲ့ကဘဲ လုံခြုံရေးတွေလုပ်ပေးနေတာ။ ပေါ်တာဆွဲတာလည်း သူတို့တွေပါတယ်” လို့ ပြောပါတယ်။
အဆိုပါ ပလကဖအဖွဲ့ဝင် စိုင်းသီဟ (ခေါ်) ချိုကြီး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ပြည်ခရိုင် ပကဖ ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ချိုကြီးကို ဖမ်းတယ်ဆိုတာ သက်ဆိုင်တဲ့အဖွဲ့ တွေဘက်က သတင်းမထုတ်ပြန်သေးလို့ ကျနော်တို့ဘက်က ကြိုတင်ဖြေကြားပေးလို့ မရသေး ပါဘူးဗျ။ သက်ဆိုင်တဲ့အဖွဲ့တွေဘက်ကတော့ မကြာခင် သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ DVB ကို ပြောပါတယ်။
ပေါင်းတလည်မြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး (ပလကဖ) အဖွဲ့ဝင် စိုင်းသီဟ (ခ) ချိုကြီး ရဲ့ ဖခင်ဖြစ်သူ ဦးလှမြင့်ဟာလည်း ပေါင်းတလည် ပလကဖ အဖွဲ့ ၂ က ခေါင်းဆောင်တယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်းမှာ ဝန်တင်ဆိပ်ကျေးရွာအနီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လိုက်လံဖမ်းဆီးရာမှာ ထွက်ပြေးတဲ့ အတွက် ပစ်ခတ်ဖမ်းဆီးရင်း နေရာမှာတင်သေဆုံးခဲ့သူလည်း ဖြစ်ပါတယ်။
ပေါင်းတလည်မြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေး (ပလကဖ) အဖွဲ့ဟာ မြို့နယ်အတွင်း ပြည်သူတွေကို မတရားပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့် ပြည်သူတွေ ကြောက်လန့်နေရတဲ့ အဖွဲ့ဖြစ်တယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။