
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၄ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM
AI Summary
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် ကနေဒါနိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားဒေသများအကြား ပူးပေါင်းဆောင်ရွက်မှု ယန္တရားများကို အသုံးပြုရန် ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး ဧရာဝတီနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီဘက်မှ အကျအဆုံးများခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ဘေးရှောင်များနှင့် မီးဘေးသင့်ပြည်သူများကို ကူညီထောက်ပံ့ခဲ့သည်။ စစ်ကောင်စီ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် ဒေသခံ ၁၄,၀၀၀ ခန့် စစ်ဘေးရှောင်နေရပြီး မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများတွင် လစဉ် ပျမ်းမျှ ၁၆ ဦးခန့် သေဆုံးနေကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီသည် ရန်ကုန်တွင် ၄၇ နှစ်အရွယ် ဆိုက္ကားသမားတစ်ဦးကို အသက်အတုပြုလုပ်၍ အဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပြီး ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ရှိ ကျေးရွာသုံးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းက စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရန် တိုက်တွန်းနေသော်လည်း စစ်ကောင်စီသည် တရုတ်နှင့် ရုရှားနိုင်ငံတို့နှင့် သံတမန်ရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုများ ပြုလုပ်နေဆဲဖြစ်သည်။
အမျိုးသားညီညွတ်ရေး အစိုးရ
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ ကနေဒါနိုင်ငံ ခရီးစဉ် အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်နိုင်ရန် အတွက် တိုင်းရင်းသားဒေသများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား ရှိနှင့်ပြီးသား ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို အသုံးပြုရန် ဆွေးနွေးခဲ့ကြောင်း ဒေါ်ဇင်မာအောင်ထံက မဇ္ဈိမက သိရသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကိုယ်စားလှယ်အဖွဲ့သည် ကနေဒါနိုင်ငံ ခရီးစဉ်အတွင်း မြို့တော် အိုတာဝါ၌ ကနေဒါအစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများ၊ တက္ကသိုလ်ပညာရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကနေဒါရောက် မြန်မာနွယ်ဖွားများကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်မှုထမ်းတပ်သားသစ်များ အများအပြား သေဆုံးခဲ့ကာ တပ်ရင်းမှူးအချို့လည်း တိမ်းရှောင်နေရကြောင်း ပုသိမ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မကွေးဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဂွေးပင်ကျေးရွာရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်ကာ အမျိုးသား တစ်ဦးကို သတ်ဖြတ်ပြီး အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် PDF အယောင်ဆောင် တရားခံတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။
မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးနယ်မြေအသီးသီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၁ ဦး သေဆုံးကာ ဗိုလ်မှူး အောင်ဖြိုးဝေနှင့် ဗိုလ်ကြီး ပြည့်စုံအောင် အပါအဝင် ၁၈ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ဇွန်လ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကွေးဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်နှင့် မီးဘေးသင့် ကျေးရွာ ၂ ရွာသို့ ဆန်နှင့် ငွေကြေးများ ထောက်ပံ့ပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။
တော်လှန်ရေး လှုပ်ရှားမှုများ
မင်းအောင်လှိုင်ကို အိန္ဒိယက ကော်ဇောနီခင်း ကြိုဆိုမည့်အစား ‘လက်ထိပ်သာ ခတ်သင့်သည်’ ဟု ဝေဖန်သူများ ပြောဆိုနေကြောင်း The Independent သတင်းတွင် ဖော်ပြထားသည်။
စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုး တိုက်ခိုက်မှုများကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နှင့် မကွေးတိုင်း၊ ဆောမြို့နယ်တို့တွင် ဒေသခံ ၁၄,၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင် ကူညီနေသည့် အဖွဲ့များထံမှ သိရသည်။
ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း စစ်ဘေးရှောင်များ လစဥ် ပျှမ်းမျှ ၁၆ ဦးခန့်သေဆုံးနေကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲ့မှုကော်မတီ၏ စာရင်းများအရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာစစ်တပ်အား ဩဇာကြီးမားစွာ ထိန်းချုပ်နေသဖြင့် အဆိုပါ အခြေအနေကို ထိန်းညှိနိုင်ရေး နည်းလမ်း ရှာဖွေနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကို ရူဘီယိုက ယမန်နေ့ အမေရိကန်အထက်လွှတ်တော် အစိုးရဘတ်ဂျက်ဆိုင်ရာ ကြားနာပွဲ၌ အမေရိကန်အထက် လွှတ်တော် အမတ် မစ်ချ် မက်ကောနယ်၏ မြန်မာ့ဒီမိုကရေစီအရေး မေးမြန်းချက်အား တုံ့ပြန်ပြောဆိုသည်။
မကွေးဒေသကြီးတွင် ယခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များကြောင့် အမျိုးသမီး ၂၀ ဦးအပါအဝင် ပြည်သူ ၄၄ ဦး သေဆုံးခဲ့ရကြောင်းကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ သိရသည်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည် ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ဆက်လက်ထိတွေ့ ပူးပေါင်းဆောင် ရွက် သွားမည်ဖြစ်ပြီး၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်မပြုကြရန် တိုက်တွန်းလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာရှိ ယမ်းသို လှောင်ဂိုဒေါင် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရပ်သားပြည်သူ ၇၀ ကျော်အထိ ရှိနေပြီး ဆေးရုံတွင် ကုသမှုခံယူနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ရိုးမအစပ်ရှိ စစ်အုပ်စုတပ်စွဲထားသော စိုးမိုးတောင်ကုန်းနှစ်ခုကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းမဟာမိတ်တပ်များက ဇွန်လ ၁ ရက်နေ့တွင် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
မွန်ပြည်နယ်အခြေစိုက် လူငယ်များ ဦးဆောင်ဖွဲ့စည်းထားသည့် မွန်သွေးတပ်တော် (MON BLOOD ARMY) မှ တော်လှန်ရေး ရဲဘော်တပ်သားသစ် ကြိုဆိုပွဲအခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ကြောင်း MON BLOOD ARMY က မနေ့က ထုတ်ပြန်သည်။
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်က မတ်လမှ မေလအတွင်း ကျေးရွာ ၃ ရွာကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ယနေ့ ထုတ်ပြန်သည်။
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီးခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၈၀ ကျော် ပျက်စီးခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
စစ်ကောင်စီ
ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ဆိုက္ကားနင်းကာ မိသားစုကို ရှာဖွေကျွေးမွေးနေသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသားတဦးကို စစ်အုပ်စုတပ်က ပေါ်တာဆွဲဖမ်းဆီးပြီးနောက်၊ စစ်မှုထမ်းဥပဒေ သတ်မှတ် ချက်အတွင်း ဝင်ဆံ့စေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) နှင့် ပူးပေါင်းကာ အသက် ၃၅ နှစ်အဖြစ် မှတ်ပုံတင်အသစ် အဓမ္မပြုလုပ်၍ စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖိတ်ကြားချက်အရ အာဏာသိမ်းအရပ်သားတပိုင်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေသည် ဇွန်လ ၄ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ် ပြောရေးဆိုခွင့်ရှိသူက ကြေညာသည်။
တရုတ်နိုင်ငံ၏ ထောက်ခံမှုကြောင့် အာဏာသိမ်းအစိုးရအဖွဲ့သည် သံတမန်ရေးနှင့် စစ်ရေးမျက်နှာစာ နှစ်ခုလုံးတွင် အခြေအနေကောင်းများ ရရှိလာသော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားသစ်သည် နိုင်ငံရေးအရ တရားဝင်မှုမရှိသည့်အပြင်၊ စီးပွားရေးကျဆင်းမှုနှင့် မြန်မာနိုင်ငံအတွင်း ပြည်တွင်း ပဋိပက္ခများ သက်ဆိုးရှည်နေဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Crisis Group) ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းသည် အာဆီယံအတွက် အမည်းစက်တစ်ခုဖြစ်နေပြီး ဘယ်သူမျှ မနိုင်သည့်စစ်ပွဲကို တိုက်ခိုက်နေကြခြင်းဖြစ်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (José Ramos-Horta) ၏ ဝေဖန်ပြောဆိုချက်အပေါ် အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထပ်မံကန့်ကွက်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အထူးကုဆေးရုံ (မင်္ဂလာဒုံ)တွင် သွားနှင့်ခံတွင်းရောဂါအထူးကုဌာန ဖွင့်ပွဲအခမ်း အနားကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း ထုတ်ပြန်ထားသည်။
ပူးပေါင်းကော်မတီဝင်များအနေဖြင့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ နားလည် သဘောပေါက်ထားရန်နှင့် သတ်မှတ်လုပ်ပိုင်ခွင့်များထက် ကျော်လွန်ဆောင်ရွက်မှုများ မဖြစ်ပေါ်စေရေး သတိပြုရန် လိုအပ်ကြောင်း အတုယောင်ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ပြောသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများအပါအဝင် ကဏ္ဍစုံတွင် ပိုမို ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဇွန်လ ၃ ရက်နေ့က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်တွင် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။