
စံချိန်တင် ပွဲအများဆုံး ကစားသမား ဂျိမ်းစ်မီလ်နာ ကစားသမားဘဝက အနားယူ
AI Summary
ပရီးမီးယားလိဂ်သမိုင်းတွင် ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသည့် ဘရိုက်တန်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် အသက် ၄၀ အရွယ်တွင် ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။ အသက် ၁၆ နှစ်အရွယ်ကတည်းက လိဒ်စ်ယူနိုက်တက်တွင် စတင်ခဲ့သော ၎င်း၏ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ပွဲပေါင်း ၆၅၈ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ဂါရက်ဘာရီ၏ စံချိန်ဟောင်းကို ကျော်ဖြတ်ခဲ့သည်။ မီလ်နာသည် မန်ချက်စတာစီးတီးနှင့် လီဗာပူးလ်တို့နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူခဲ့ဖူးသူဖြစ်သည်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၆၁ ပွဲ ကစားပေးခဲ့သည်။ ၎င်းအနေဖြင့် ကစားသမားဘဝမှ ဂုဏ်ယူစွာ အနားယူပြီး ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကာ ရှေ့ဆက်ပြီး နည်းပြလောကထဲ ဝင်ရောက်ရန် စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။
ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဘရိုက်တန်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာဟာ အသက် ၄၀ အရွယ်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အသက် ၁၆ နှစ် အရွယ်ကတည်းက လိဒ်စ်ယူနိုက်တက်အသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ မီလ်နာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၆၅၈ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ဂါရက်ဘာရီရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ကစားသမားဘဝတလျှောက် မန်ချက်စတာစီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားတကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၆၁ ပွဲ ကစားပေးခဲ့ပါတယ်။
မီလ်နာက သူ့အနေနဲ့ ကစားသမားဘဝကနေ ဂုဏ်ယူစွာနဲ့ အနားယူတော့မှာဖြစ်ပြီး ကူညီပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း အင်စတာဂရမ်မှတဆင့် နှုတ်ဆက်စကားဆိုခဲ့ကာ ရှေ့ဆက်ပြီး နည်းပြလောကထဲ ဝင်ရောက်ဖို့ စိတ်ဝင်စားမှုရှိနေကြောင်း သိရပါတယ်။