နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၇ ဇွန် ၂၀၂၆ )
politics||7 MIN READ

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၇ ဇွန် ၂၀၂၆ )

Back to News

AI Summary

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ယင်းမာပင်ခရိုင်တွင် တပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရခြင်းနှင့် ညောင်ဦးမြို့နယ်တွင် ကလေးငယ်တစ်ဦး သေဆုံးခြင်းတို့ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ၏ စစ်သင်္ဘောများ မြစ်ကြောင်းအတိုင်း ဆန်တက်လာမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်၍ ဒေသတွင်း လေကြောင်းမှ ပစ်ခတ်ရှင်းလင်းမှုများ ရှိနေသည်။ ဤအခြေအနေများကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်ခြင်း၊ ရောဂါကူးစက်ခံရခြင်းနှင့် လုံခြုံရေးဆိုင်ရာ ထိခိုက်မှုများကို ပြင်းထန်စွာ ကြုံတွေ့နေရသည်။ တော်လှန်ရေးအင်အားစုများက တိုက်ပွဲများအတွင်း ကျဆုံးသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်သကဲ့သို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံ၏ အခြေအနေများကို စောင့်ကြည့်လျက်ရှိသည်။ လက်ရှိတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်မှာ ပိုမိုစိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေသည်။

အမျိုးသားညီညွတ်ရေး အစိုးရ

ယင်းမာပင်ခရိုင်၊ တပ်ရင်း(၆) တပ်ရင်းမှူး ရဲဘော်ပုလဲမောင် ပစ်သတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မိသားစုများ၊ ရဲဘော်ရဲဘက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် အမှုအား စစ်ကိုင်းတိုင်း စစ်ဌာနမှ စစ်ဘက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးပေး ကိုင်တွယ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်က ယမန်နေ့ညက ထုတ်ပြန်သည်။

မန္တလေးဒေသ၊ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ထွက်ခွာလာသည့် စစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီးသည် ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာပြီး လက်ရှိတွင် မတ္တရာမြို့နယ် နန်းတော်ကျွန်းအောက်ပိုင်းအနီးသို့ ရောက်ရှိနေကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ထုတ်ပြန်အသိပေးထားသည်။

ကုလသမဂ္ဂဌာနချုပ်တွင် ဇွန်လ ၂၆ ရက်က ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း နှစ် (၈၀) ပြည့် အခမ်းအနားသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

စေတနာရှင် တော်လှန်ပြည်သူများက ဒေသထွက်သီးနှံများနှင့် မိုးရာသီရိက္ခာများကို လာရောက်လှူဒါန်း ခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ဖြစ်သည့် ဇွန်လ ၂၆ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဖောင်းပြင်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံမှ သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အနေဖြင့် မြန်မာ နိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များအတွက် ဆန်းသစ်သည့် အွန်လိုင်းပညာရေး လမ်း ကြောင်း များ ဖန်တီးနိုင်ရေး လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ဒေသခံများကြားတွင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် လူဦးရေ ၄,၀၀၀ ကျော် အရေပြားယားနာရောဂါ ကူးစက်ဖြစ်ပွားမှု ဆိုးဝါးစွာ ကြုံတွေ့နေရပြီး အရေးပေါ်ဆေးဝါးကုသမှုများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် ၊ ချီဖွေမြို့နယ် ၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တုတူးဖော်ရန် တရုတ်လုပ်ငန်းရှင်များဘက်က ကြိုးပမ်းလာသည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများ၏ ဆန္ဒသည် အဓိကဖြစ်ကာ ဒေသခံများ ဆန္ဒမပါပါက “အမြန်ဆုံး ဖျက်သိမ်းရန်” လိုကြောင်း ကချင်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (KEG)မှ တာဝန်ရှိသူတဦးက ယနေ့ (ဇွန် ၂၇)တွင် မဇ္ဈိမကို ပြောသည်။

ဗန်းမော်မြို့သို့ သွားမည့် စစ်ကူသင်္ဘောများ မန္တလေးဂေါဝိန်ဆိပ်မှ ဧရာဝတီမြစ်အတိုင်း ဆန်တက်ရာ၌ တိုက်ခိုက်ခံရမည်ကို စိုး၍ ယနေ့နံနက်က မြစ်ကမ်းဘေးရှိ မတ္တရာ၊ စဉ့်ကူးနယ်များကို Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ရှင်းလင်းနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (scam center) များကို နှိမ်နင်းခြင်း၊ ကုန်သွယ်မှု အခွင့်အလမ်းများ တိုးချဲ့ခြင်းနှင့် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ထွန်း လာစေခြင်း အပါအဝင် အမေရိကန်၏ အကျိုးစီးပွားကို တိုက်ရိုက်အထောက်အကူပြုမည့် မြန်မာနိုင်ငံရှိ အစုအဖွဲ့အားလုံးနှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael G. DeSombre က ပြောသည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း KPG Update News ထုတ်ပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

အာရက္ခတပ်တော် ULA/AA ဦးဆောင်သော အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့အတွင်း စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် ဌာနအသီးသီးမှ ခေါ်ယူသော သင်တန်းများ၊ ဝန်ထမ်းခေါ်ယူမှုများအား ရခိုင်လူငယ်များ သိရှိမှု အလွန်နည်းပါးနေကြောင်း ရခိုင်အခြေစိုက် သတင်းမီဒီယာများတွင်ဖော်ပြထားသည်။

ဇွန်လ ၂၆ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် အာရက္ခတပ်တော် AA ပါဝင်သည့် ညီနောင်မဟာမိတ်အဖွဲ့မှ ကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအနေဖြင့် ငြိမ်းချမ်းရေးလိုချင်လျှင် ချက်ချင်းလာနိုင်ပြီး ကြိုတင်ကန့်သတ်ချက်များမရှိဘဲ ၎င်းတို့ကိုယ်တိုင်ဆွေးနွေးမည်ဟု အရပ်သားတပိုင်းစစ်အစိုးရ အဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင် က ယမန်နေ့ နေပြည်တော်၌ပြုလုပ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် ပြောသည်။

အတုယောင် ပြည်ထောင်စုလွှတ်တော်၌ ကြံ့ဖွတ်ပါတီ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ပြီး အမျိုးသား အကျိူးစီးပွားအတွက် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အရပ်သား တပိုင်းစစ်အစိုးရ အဖွဲ့ကို တိုက်တွန်းသည့်အဆိုကို ယမန်နေ့က တင်သွင်းခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် တီးတိန်မြို့ရှိ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဆေးကုသမှုခံယူသူများကို ထောက်ပံ့ကြေးများ ပေးအပ်ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အချို့ရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးလံဒေသများအတွက် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင်အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံ တင်ရောင်းချနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

နယ်စပ်ဒေသဖွံ့ဖြိုးရေး ဆပ်ကော်မတီခုနစ်ခုအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ၁၃၉၇ ဘီလျံခွင့်ပြုပေးထားပြီး ဒေသဆိုင်ရာလုပ်ငန်း ကော်မတီကိုးခုအတွက် ရန်ပုံငွေ ၆၄၃ ဒသမ ၆၈ ဘီလျံခွင့်ပြုပေးထား​ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင် အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ အရပ်သား တပိုင်းစစ်အစိုးရ အဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ပြည်တွင်းဥပဒေများအပြင် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေများလည်း ၁၀၀ ကျော်ရှိပြီး ထိုဥပဒေများကို လိုအပ်သလို ပြင်ဆင်၊ ဖြည့်စွက်နိုင်ရန် လေ့လာသုံးသပ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းအတုယောင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။

ဆက်စပ်သတင်းများ

AI Curated