
AI Summary
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများတည်ရှိရာ မဒေကျွန်းအနီး တောင်မော်ဦးရေတပ်စခန်းပတ်ဝန်းကျင်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုကြောင့် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အာရက္ခတပ်တော်က စစ်ကောင်စီ၏နေရာအချို့ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။ အဆိုပါတိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ လေကြောင်းနှင့် လက်နက်ကြီးရန်ကို စိုးရိမ်သဖြင့် ထပ်မံစစ်ဘေးရှောင်နေကြရသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများရှိနေပြီး စစ်ကောင်စီဘက်မှလည်း အင်အားဖြည့်တင်းကာ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲများမှာ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး တင်းမာမှုများ မြင့်တက်လျက်ရှိသည်။
နိရဉ္စရာ မေ ၃၀/၂၀၂၆
တရုတ်စီမံကိန်ကြီးများ တည်ရှိရာ မဒေကျွန်းအနီးရှိ တောင်မော်ဦး (ခ) တောင်မော်ကြီး ရေတပ် ပတ်ဝန်းကျင်တွင် အာရက္ခတပ်တော်(AA)နှင့် အာဏာသိမ်းစစ်တပ်တို့အကြား ယနေ့မေလ၃၀ ရက်နေ့တွင်နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေသည်ဟုဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
"တိုက်ပွဲက ဒီနေ့မနက်ကတည်းကပြင်းနေတာပါ။တော်မော်ဦးရေတပ်နားမှာဘတစ်ပြန်၊ ကျားတစ်ပြန်လို သူထိုး၊ ကိုယ်ထိုးဖြစ်နေကြတယ်။ အထိခိုက်ကိုတော့မသိရသေးဘူး "ဟုဒေသခံစစ်ရေးသတင်းရင်းမြစ်က နိရဉ္စရာကိုပြောသည်။
တိုက်ပွဲက ရက်အနည်းငယ်ငြိမ်းသက်နေပြီးနောက် ယနေ့မေ ၃၀ ရက်နံနက်ကတည်းက တောင်မော်ဦးရေတပ်စခန်းနှင့်အနီးပတ်ဝန်းကျင်တွင်ထပ်မံဖြစ်လာသည်ဟုသိရသည်။
တောင်မော်ဦးရေတပ်တိုက်ပွဲတွင်အာဏာသိမ်းစစ်တပ်က စတင်စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး လက်ရှိအနေအထားတွင် ခံစစ်သို့ ကျရောက်သွားပြီဟုဆိုသည်။
“ အကြမ်းဖက်စစ်တပ်ရဲ့ နေရာအချို့ကိုတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ။နောက်ထပ် တောင်မော်ဦးရေတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ။စစ်တပ်ကတော့ နောက်တန်းအင်အား ၃၀၀လောက်ကိုအားဖြည့်ပြီး ခုခံနေတာကို တွေ့ရတယ်။ အမှတ် ၃၂ ရဲတပ်ရင်း၊ သစ်ပုတ်တောင် ဓည၀တီ ရေတပ်ဌာနချုပ်ကဒီကနေ့ နေ့လယ်မှာထပ်မံဖြည့်တင်းနေတယ်လို့တော့သတင်းရပါတယ်။ နှစ်ဖက်တိုက်ပွဲ မနက်ကတည်းကနေညနေထိတောက်လျှောက်ဖြစ်နေတယ်” ဟု ပြောသည်။
ပတ်ဝန်းကျင်ကျေးရွာက ယာယီစစ်ရှောင်များအနေဖြင့်လည်းတောင်မော်ကြီးရေတပ်အနီးတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေသဖြင့် အာဏာသိမ်းစစ်တပ်၏ လေကြောင်းရန်၊ လက်နက်ကြီး ရန်ကို စိုးရိမ်ပြီး ထပ်မံစစ်ရှောင်နေကြရသည်ဟု လူမှုရေးဆောင်ရွက်နေသူဒေသခံအမျိုးသားတစ်ယောက်ကနိရဉ္စရာကိုပြောဆိုသည်။
"အကြမ်းဖက်စစ်တပ်က အထိနာလာပြီးဆိုယင် အဓိက တိုက်ပွဲဧရိယာထက် ဒေသခံနေတဲ့နေရာတွေကိုလေကြောင်း၊လက်နက်ကြီးပစ်တယ်။ဇင်ချောင်းမှာလည်း ရာနဲ့ ချီရှိတဲ့ နေအိမ်တွေ၊ စျေးဆိုင်တွေ မီးလောင်ခဲ့ရတယ်။ အဲဒါနဲ့ ယခုလိုနေရာထပ်မံရွှေ့နေရတယ်"ဟု ပြောသည်။
မေလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ်ရှိတောင်မော်ဦးရေတပ်စခန်းအောက်ဘက်ရှိ သံဇစ်မြစ်ပြင်တွင်ရပ်နားထားသည့်အကြမ်းဖက်နေဗီများက ပေါက်ပြင်ကျေးရွာဘက်ကို လက်နက်ကြီးကျည် ငါးလုံးထက်မနည်းဦးတည်ပစ်ခတ်ခဲ့သဖြင့်စစ်ရှောင်နေသည့်စနဲမြို့၊ ကံပြင်ရပ်ကွက်မှ ကိုမိုးထက်ပိုင် (၂၄)နှစ်သေဆုံးခဲ့ရသည်။ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေသောတောင်မော်ဦးရေတပ်ပတ်ဝန်းကျင်မှနေရာအချို့ကို အာဏာသိမ်းစစ်တပ်ကလေကြောင်းမှဂျက်၊ဒရုန်းများဖြင့်သာမကနေဗီများမှလည်းလက်နက်ကြီးတို့ဖြင့်အဆက်မပြတ်ပစ်ကူပေးနေတာကြောင့် ကျယ်လောင်သော လက်နက် ပေါက်ကွဲသံများကို ကြားနေရသည်ဟု သိရသည်။